Sunday, December 4, 2011

ကျွန်တော်နှင့် စင်ကာပူ (၂)

စင်ကာပူနဲ့ ပက်သက်ပြီး ကိုယ့်ဘာသာ သတိထားမိလာတဲ့ ပြောင်းလဲမှုဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ သေချာခဲ့ပါသည်။

အဲဒီတုန်းက ပွဲစပြီး တော်တော်ကြာတဲ့ထိ ရွှေတံဆိပ် ကော်လံအောက်မှာ သုံညဖြစ်နေသေးသော မြန်မာဆုတံဆိပ် ဇယားကို အားမလို အားမရစိတ်ဖြင့် အလုပ်အကိုင် ပျက်တဲ့ထိကို နေ့စဉ်ပွဲစဉ်ဇယားတွေမှာ ကျွန်တော် နစ်မြုပ်နေခဲ့၏။ ဘယ်မြန်မာအသင်းကတော့ ဘယ်အခြေအနေရှိပြီ.. ဘယ်နေရာတော့ ပြိုင်ဖက်က ဘယ်လိုကောင်းနေတယ်.. ဘယ်မှာတော့ မျှော်လင့်နိုင်သား.. စသဖြင့်..

အဲဒီမှာ ကျွန်တော်နောက်ထပ် စိတ်ဝင်တစား သတိထား စောင့်ကြည့်မိသော တခြားနိုင်ငံ နှစ်ခုရှိခဲ့၏။ တစ်ခုက လာအို၊ မြန်မာအသင်း အထက်ရောက်နေပြီး အဆင့်တက်အောင် အဓိက ကျော်ရမည့် ပြိုင်ဖက်။ နောက်တစ်ခုက...
စင်ကာပူ..

စင်ကာပူ ရလဒ်ကို ကျွန်တော်စိတ်ဝင်စားသည်။ ဇယားမှာ ဆုတံဆိပ် တက်သွားတိုင်း ကျွန်တော်သဘောတကျ။ သူ ရေကူးကနေ ရွှေတွေ အများကြီး ရတယ်ကြားတော့ ကျွန်တော်ကျေနပ်သည်။ ဒီသဘောကျမှုတွေ ကျေနပ်မှုတွေက ဇယားမှာ မြန်မာ ရွှေ(၁) ဆိုတာ စမြင်ရချိန် ကစပြီး မြန်မာ ဘောလုံး အသင်း ကြေးတံဆိပ် ရချိန်ထိ ကျွန်တော်ရခဲ့သော ပျော်ရွှင်မှုတွေနဲ့ ယှဉ်လျှင် အဆပေါင်း များစွာနဲပါးလှသော်လဲ..

ဒီအဖြစ်ကပဲ ကျွန်တော့် ရင်ထဲက စင်ကာပူနှင့် ပက်သက်သော ပြောင်းလဲလာသည့် ခံစားချက်ကို သေချာခဲ့တာဖြစ်သည်။

စင်ကာပူ ရောက်စက အိမ်လွမ်းစိတ်ဖြင့် ကျွန်တော် မပျော်ပါ။
ဖိအားများသော ပြိုင်ဆိုင်မှုပြင်းထန်သော လုပ်ငန်းခွင်။ အမြဲတမ်း ပိတ်ထားတတ်သည့် တိုက်ခန်းတံခါးများ၊ အိမ်နီးချင်းများ။ မျက်နှာထား တင်းတင်းနှင့် ရထားပေါ်မှ မျက်နှာများ။ ကိုယ်နားမလည်သော စကားများကို ပြောနေသည့် လူမျိုးပေါင်းစုံ။

ရောက်စအစောပိုင်းကာလများသည် လကုန်ရက် ဘဏ်ထဲက လစာကို ကြည့်ရသည့် အပျော်တစ်ခုက လွဲလို့ အိမ်ပြန်ပြေးချင်စိတ်သည်သာ ကျွန်တော့်ကို အဖုန်းလွှမ်းဆုံး ကာလများ ဖြစ်ခဲ့၏။

ကြာတော့လဲ နေသားကျလာခဲ့သည်။ နေသားကျတယ် ဆိုတာက နေလို့ပျော်လာတာမျိုး မဟုတ်။ မပျော်ပဲ နေရတာကို အသားတကျ ဖြစ်လာတာမျိုး ဖြစ်သည်။ ငါ အလုပ်လာလုပ်တာပဲ တခြားသိပ်မတွေးနေနဲ့.. ငါ့နေရာလဲ မဟုတ်ဘူး.. ဆိုသော ခပ်ပေါ့ပေါ့ အတွေးနဲ့သာ ကျွန်တော် လေးနှစ်ကို ဖြတ်သန်းခဲ့ပါသည်။

ကျဉ်းသေးသေး ဧရိယာလေးကို ကျွန်တော်လှောင်ပြောင်ခဲ့သည်။ နေရာတကာ အတုတွေဖုံးလွှမ်းနေသော သူ့ သယံဇာတဆိုတာကို ကျွန်တော်ပြက်ရယ်ပြုသည်။ ဤသို့ဖြင့် “စလုံးတွေများကွာ..”အစချီသော မဆုံးနိုင်သည့် စင်ကာပူ မကောင်းကြောင်း ပြောရာတွင် ကျွန်တော် ရှေ့ဆုံးက အားတက်သရော ရှိသူ ဖြစ်ခဲ့ပါသည်။

ခုတော့ လေးနှစ်ဆိုသော ကာလအတွင်း စင်ကာပူသည် ကျွန်တော့် ဒုတိယအိမ် ဖြစ်ခဲ့ပြီ။
ကျွန်တော့် အစွမ်းစနဲ့ ရှာဖွေ လုပ်ကိုင်ပြီး ထိုက်သင့်တဲ့ လစာရတာမှန်ပေမဲ့ အဲဒီအခွင့်အရေးတွေ ဖွင့်ပေးပြီး ကျွန်တော့်ကို ဆီးကြိုခဲ့တဲ့ မြေ။ ဘာသယံဇာတမှ မရှိတာမို့ ကိုယ့်အားကိုယ်ကိုး အစွမ်းကုန် ကြိုးစားနေရရှာတဲ့ နိုင်ငံသေးသေးလေး။ ပတ်ဝန်းကျင်တခွင် ကြည့်လိုက်ရင် နိုင်ငံခြားသားကြီးပဲမို့ ကိုယ့်ကိုယ်ကိုယ် နိုင်ငံခြားရောက်နေသလိုလို ခံစားရပြီး အမြဲတံခါး ပိတ်ခဲ့ကြပေမဲ့ ခွဲခြားဆက်ဆံမှုဆိုတာကိုတော့ စင်းလုံးချော မဟုတ်တောင် အတတ်နိုင်ဆုံး ထိန်းချုပ်ဆက်ဆံ ပေးတတ်ကြပြန်တဲ့ စင်ကာပူနိုင်ငံသားတွေ

ဘာကြောင့် အလကားနေရင်း ကျွန်တော် အမြင်မကြည် ဖြစ်နေခဲ့ပါသလဲလေ။

ကိုယ့်နေရာမဟုတ် အချိန်တန်ရင် အိမ်ပြန်မဲ့ လူဆိုတာ ကိုယ့်ဘာသာ အဆုံးစွန်သေချာနေပေမဲ့ ကမ္ဘာပေါ်မှာတော့ ကျွန်တော့်အမိမြေပြီးရင် အရင်းနှီးဆုံး ဒုတိယနေရာလေး တစ်ခုအဖြစ်တော့ စင်ကာပူကို ကျွန်တော် ခံစားလို့ ရလာပါပြီ။ ဒီမြေရဲ့ ကောင်းသတင်းတွေပဲ ကျွန်တော်ပိုကြားချင်ပါသည်။ ဒီနေရာလေး ပိုပြီး တိုးတက် ကောင်းမွန်လာမှာကို ကျွန်တော် တကယ်ဆန္ဒရှိပါသည်။ ဤနိုင်ငံငယ်လေး အစွမ်းရှိသလောက် ရှေ့တက်စမ်းပါလေ။

ဒီတော့...
ခုမှပြောရမလားဆိုပြီး စိတ်ပဲဆိုးလေမလား၊
ဝမ်းနဲပြီး ငိုမဲ့မဲ့ ဖြစ်သွားလေမလား မပြောတတ်သော်လည်း ကျွန်တော် သူ့ကို ဖွဖွလေး တစ်ခုပြောချင်ပါသည်..

“မင်းကိုလဲ ငါချစ်ပါတယ် စင်ကာပူရယ်..”


သုတ

Sunday, November 6, 2011

ရွှေ (၃)

စင်ကာပူရောက် မြန်မာတွေကြားထဲမှာ မြန်မာနိုင်ငံကို “ရွာ”ဟု နာမ်စားသုံးတာမျိုး မကြာခဏ ကြားရတတ်သည်။

အဆိုးပဲ ပြောပြော အကောင်းပဲ တတ သုံးတတ်တာမို့ တမင်တကာကြီး နှိမ်ချခေါ်ဝေါ် ကြတာမျိုး မဟုတ်တာတော့ သေချာပါသည်။ ကိုယ့်နိုင်ငံကိုယ် တမင်တကာကြီးတော့ ဘယ်သူမှ ချိုးချိုးနှိမ်နှိမ် ခေါ်ကြမှာလဲ မဟုတ်။ ရွှေတို့ ဘာတို့တောင် ကိုယ့်ဘာသာ အမည်တပ်ထားသေး တာပဲလေ...

ဒါပေမဲ့ ကြားခါစကတော့ ကျွန်တော့်နားထဲ တော်တော်ကြီးကို ကန့်လန့် နိုင်သည်။  ဘယ်လိုမှ သီးခံ နားထောင်ပေးလို့မရ.. မရင်းနှီးတဲ့ တစိမ်းတွေ အနားမှာ ပြောနေတာမျိုးဆို ထထွက်သွားတာမျိုး.. ကိုယ့်ကို ပြောနေတာမျိုးဆို သိသိသာသာကို စကားဖြတ်ပစ်တာမျိုး.. ရင်းနှီးတဲ့ သူငယ်ချင်းတွေဆိုရင်တော့ ပေါ်တင် တားပစ်လိုက်တာမျိုးတွေ လုပ်မိတဲ့အထိ ဒီအသုံးအနှုန်း အပေါ် ကျွန်တော် တလေးတနင့် ခံစားသည်။ နှိမ့်နှိမ့်ချချ ခေါ်သည်ဟု ယူဆသည်။

ဘယ့်နှယ်ဗျာ.. ကျွန်တော့်နိုင်ငံကိုများ “ရွာ”တဲ့..

............................

1818 ကြော်ငြာ မဟုတ်ပါ.. :P
ဒီရောက်ပြီး နှစ်နှစ်ပြည့်တော့ ကျွန်တော် အမှတ်တရ ဒီဇိုင်းလေးတစ်ခု လုပ်ဖြစ်သည်။ ဒီဇိုင်နာဆိုတော့လဲ လက်ဆော့သည်ပေါ့။ သစ်ပင်လေးမှာ ဖုန်းကဒ်လေးတွေ စီထားသော ကျွန်တော့်ဖန်တီးမှုသည် ပြည့်စုံကောင်းမွန်သော ဒီဇိုင်းတစ်ခု မဟုတ်ပေမဲ့ ကိုယ့်အိုင်ဒီယာ ကိုယ့်ဘာသာ သဘောတကျ။ နာမည်ပေးဖို့ စဉ်းစားတော့

ပထမ အလွမ်းသစ်ပင်.. သိပ်မမိုက်သေး.. အချစ်ဝတ္တုလိုလို ဘာလိုလို...

အမိမြေ အလွမ်းသစ်ပင်.... စပ်ဟပ်မှုလဲမရှိ၊ ပေါ့ပေါ့ပါးပါး မရှိလှ။

အမေ့အိမ် တို့ အိမ်လွမ်းသစ်ပင်တို့.. သဘောကျပေမဲ့ ကိုယ့်အိမ်ပဲ လွမ်းတဲ့ ပုံစံသီးသန့်ကြီး ဖြစ်နေသည်။ ကျွန်တော်ပြောချင်တာက အိမ်တင်မက မြန်မာပြည်ကိုပါ လွမ်းတာမျိုး

အဲဒီမှာတင် ကျွန်တော် “ရွာ”ကို စပီးခံစားမိတာ ဖြစ်သည်။ ပထမတော့ စဉ်းစားမရသည့်အဆုံး ပေါက်ကရ ညစ်တွန်းတွန်း ရေးချလိုက်သော ခေါင်းစဉ် ဖြစ်ပေမဲ့ ရွာလွမ်းသစ်ပင်သည် ကျွန်တော့ဖီလင်ကို အပြည့်ထိသည်။ ဟတ်ထိသည် ဆိုပါတော့။

ဒီနေရာမှာ ရွာသည် ကျွန်တော်ဆီသို့ နွေးထွေးသော အဓိပ္ဗါယ်တွေ သယ်လာ၏။
တစိမ်းဆန်မှုတွေ၊ ရုပ်ဝတ္ထု လွှမ်းမိုးမှုတွေ၊ ဖိအားဖြင့် မွန်းကျပ်မှုတွေက အများအားဖြင့် မြို့ပြရဲ့ အငွေ့အသက်တွေလို ဖြစ်နေသည်။ ရွာဆိုသော အသုံးကတော့ အေးမြစေသည်။ ရင်းနှီးနွေးထွေးသည်။ တစိမ်းလဲမဆန်။

အမေနဲ့ရွာ...
ဒီလို ရွာလွမ်းချင်းဘွဲ့တွေများစွာ မြန်မာပြည်မှာ မကြာခဏ ကြားခဲ့တာကလဲ ခုလို အမေ့အိမ်ကိုရော အဝေးတနေရာက ကိုယ်နေခဲ့တဲ့ နေရာကိုပါ သတိတရ ရှိချိန်မှာ ထပ်တူကျစေခဲ့ တာမျိုးလဲ ဖြစ်နိုင်သည်။

ကျွန်တော့် “ရွာ”သည် ရုပ်ဝတ္ထုထက် ခံစားမှုကို ပိုကိုယ်စားပြုသည်။ အထီးကျန်ငြီးငွေ့ချိန်မှာ တမ်းတရသော နေရာတစ်ခုရဲ့ နာမ်စား ဖြစ်သည်။ ကျွန်တော့နိုင်ငံကို မျက်စိဖွဖွမှိတ်ပြီး ခေါ်ကြည့်ဖို့ အရသာရှိသော နာမတစ်ခု ဖြစ်လာသည်။

ထိုအခါ “ရွာ”သည် ကျွန်တော့်အတွက် နှိမ်ချသော အခေါ်လည်း မဟုတ်တော့။ အဲလို မခံစားရတော့။
ခုံတော်မောင်ကျဘန်း စကား ငှားပြောရမည်ဆိုလျှင်လည်း လူ့ရွာ နတ်ရွာဟုတောင် သုံးနှုန်းသေးသည်ပဲ။ ကျွန်တော့်အမိမြေသည် ကျွန်တော့်ရွာဖြစ်သည်မှာ ဘာဖြစ်သလဲလေ။

.................................

ခုတော့ ကျွန်တော်ကိုယ်တိုင် မကြာခဏ မသုံးဖြစ်သေးပေမဲ့ ရွာလို့ အားပါးတရသုံးပီး ကိုယ့်နိုင်ငံအကြောင်း ပြောနေတဲ့ ရွှေတွေကို ကျေကျေနပ်နပ် ကြည့်နေနိုင်ပါပြီ။ ကျွန်တော် သတ်မှတ်တာတော့ သူတို့ဟာ ရွာဆိုတဲ့ အခေါ်ဝေါ်တစ်ခုရဲ့ နောက်က လေးနက်မှုတွေကို ကျွန်တော့်ထက် အရင် နားလည်ခံစားပြီး စားသုံးကြသူတွေပဲ မဟုတ်ဘူးလားဗျာ။

Sunday, October 30, 2011

ကျွန်တော်နှင့် စင်ကာပူ (၁)

လေယာဉ်ဘီးများသည် ပြေးလမ်းကို ဒုတ်ခနဲထိသည်။ စင်ကာပူရောက်ပြီ...

တဝေါဝေါ ပြေးကာ အရှိန်သတ်နေသည့် လေယာဉ်ပေါ်မှာ ကျွန်တော် အငြိမ်မနေနိုင်ပဲ တစ်ခုံကျော်ရှိ ပြူတင်းပေါက် အ၀ိုင်းသေးသေးလေးကနေ မြင်နိုင်သလောက် စင်ကာပူ ဆိုတာကို အတင်း ပြူးပြဲကြည့်သည်။ ပြူတင်းပေါက်ဘေး ကပ်ရပ်ထိုင်သည့် ကောင်မလေးက သူ့ဘက်ခေါင်းကြီး တခြမ်းစောင်းကာ ပြူတင်းပေါက်ကို ချောင်းနေတာကို နေရခက်တာပဲလား.. သူ့ကို မကြည့်ပဲ ပြူတင်းပေါက်ကို ကျော်ကြည့်နေတာ စိတ်ဆိုးတာလားမသိ.. မျက်နှာထား တည်တည်ဖြင့် မျက်စောင်းထိုး၏။ ပြီးတော့ သူပါကြည့်သလိုလိုနှင့် ပြူတင်းပေါက်ကို ကာလိုက်သည်။

အင်း.. သုံးနာရီလောက် ဘေးချင်းကပ်ရပ် တစ်ခရီးထဲ သွားခဲ့တဲ့ မျက်နှာမှ မထောက်ကွာ..
ကျွန်တော် ငြိုငြင်စွာတွေးရင်း ထိုင်ခုံမှာ ကျောပြန်မှီလိုက်သည်။ လေယာဉ်က တအီအီအသံပေးပီး ဖြေးလေးစွာ ရွေ့နေသေးသည်။ ကြာလိုက်တာ..

white card မှာ ဖြည့်ထားသည့် အချက်တွေကို ဘယ်နှစ်ကြိမ်မြောက်မှန်း မသိ ကျွန်တော် ထပ်စစ်သည်။

တစ် passport
နှစ် white card (အားလုံးသေချာဖြည့်ပြီး)
သုံး လေယာဉ်လက်မှတ်..

အလွယ်တကူ ဖွင့်ပြလို့ရသည့် ရှေ့အိတ်ထဲမှာ ထည့်ထားတာတွေကို တစ်ခုခြင်းကြည့်.. ပြီးတော့ ဇစ်ကိုပိတ်ချလိုက်သည်။ ဒါလဲ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိပါ။ ဒီလောက် အကြိမ်ကြိမ်စစ်ပြီးတာတောင် ထပ်စစ်နေမိတာက လုပ်စရာ မရှိလို့ လုပ်နေမိတာထက် စိတ်မလုံခြုံမှုကြောင့်က ပိုပါသည်။ တခါမှ မရောက်ဘူးသည့် နယ်မြေ။ ရေခြား မြေခြားသည့်အပြင် လူမျိုးပါခြားသေးသည်။ မသွားတတ် မလာတတ်ကလဲ လေဆိပ်ကထွက်ပြီး သွားဖို့ အသာထား.. ခုလေယာဉ်ကနေ သူငယ်ချင်း လာကြိုတဲ့ နေရာရောက်ဖို့တောင် မီးစင်ကြည့်ကရမည့် ကိစ္စ။ Immigration မှာ ရစ်တယ်တို့.. အပြောမတတ်ရင် ရုံးခန်းခေါ်စစ်တယ်တို့ကလဲ ကြားဖူးနားဝ ရှိထားသေးသည်။

စက်ရပ်သံနှင့်အတူ မီးတွေအားလုံး လင်းလာ၏။ သက်ပြင်းကို ခပ်နာနာ တစ်ချက်ထပ်ချရင်း မတ်တပ်ထရပ်လိုက်သည်။

ကဲ.. ငါလာပီ စင်ကာပူ..

..............................

ဖိတ်ဖိတ်တောက် ကြမ်းခင်းကြီးတွေ..
မျက်နှာကြက်ကြီးတွေ..
ရှည်ရှည်လျားလျား စက်လှေကား ကြီးတွေ (လှေခါးလို တက်ဆင်းတာတော့ မဟုတ်ဘူးဗျ.. အပြန့်လိုက်ကြီး ရွေ့နေတာမျိုးတွေပါ.. မြန်မာလို ဘယ်လိုခေါ်သလဲတော့ ခုထိ မသိသေးဘူး)

အဲဒါတွေ တဖက်ကငေး..
တဖက်ကလဲ ရှေ့ကတစ်လေယာဉ်ထဲ ဆင်းခဲ့တဲ့ မိန်းမကြီးတစ်ယောက်နောက်  မျက်ခြေမပြတ်လိုက်..
သူသွားရာ သွား.. သူကွေ့ရင် ကွေ့.. သူဆင်းရင် ဆင်း.. သူတက်ရင် တက်နဲ့
ဟိုက်.. toilet ဆိုပါလား..

ကျွန်တော် တခြားလူတွေနောက် ဆက်လိုက်ရင် ကောင်းမလား စဉ်းစားသည်။ ဒါပေမဲ့ Air-con ကြောင့်ရော စိတ်လှုပ်ရှားတာ ကြောင့်ရော.. လေယာဉ်ပေါ်က အအေးတွေ ကော်ဖီတွေကြောင့်ရော ကျွန်တော်ကိုယ်တိုင်လဲ toilet သုံးဖို့ လိုနေတာ အမှန်ပင်။ စင်ကာပူ toilet သည် ရန်ကုန်လေဆိပ်က toilet ထက်တော့ ပိုမသားနားပါ။ ကိစ္စပြီးသွားတော့ ဟိုဘက်က မိန်းမကြီးကို ဘာမှမဆိုင်ပါပဲ တော်တော်ကြာကြာ စောင့်လိုက်ရသေးသည်။

immigration ရောက်တော့ လူတွေပုံနေသည်။ တခြားခရီးစဉ်က ခရီးသည်တွေက ကျွန်တော့် ရှေ့မှာ အများကြီး။ immigration ကို ဖြတ်ပြီး ထွက်သွားသော ကပ်ရပ်ထိုင်ခဲ့သည့် ကောင်မလေးကို လှမ်းမြင်လိုက်ချိန်မှာ toilet ၀င်မိတာ နောင်တရသွားသည်။ နောက်ကျသွားတာ အချိန်ပိုင်းလေးပေမဲ့ သူများတွေ ထွက်သွားချိန်မှာ ကျွန်တော်က နောက်ဆုံးက တန်းစီနေရတုန်း.. ပတ်ပတ်လည်မှာ မြန်မာတောင် သိပ်မတွေ့ရတော့ပါ.. ဘာမှမဆိုင်ပါပဲ ဘေးတန်းမှာ တန်းစီနေသည့် ကျေးဇူးရှင်လမ်းပြ မိန်းမကြီးကို ကျွန်တော် ဘုကြည့်ကြည့်သည်။

အဲ.. ငါတန်းစီတဲ့ လိုင်းက အရာရှိက ကုလားမဟ..
တော်တော်လေး ကြာပြီးမှ ကျွန်တော် သတိထားမိသည်။
သူငယ်ချင်းက ကုလားအရာရှိတွေက ရစ်သည်ဟု မှာထားသည်မဟုတ်လား။
အကြာကြီး ပြန်မစီချင်တော့တာမို့ ကံကိုသာ ယိုးမယ်ဖွဲ့ပီး ကျွန်တော်ဆက်ရပ်နေလိုက်သည်။

ကျွန်တော့်အလှည့်ရောက်ပြီ။

ဖြန့်လာသော လက်ဖ၀ါးလေးထဲ စာအုပ်လှမ်းထည့်ပေးရင်း ပြုံးပြလိုက်သည်။ ပြန်မပြုံးပါ..

အင်း.. မျက်နှာကလဲ တင်းပါ့.. နာပီထင်တယ်..
ဘာလာလုပ်တာလဲ...
အလုပ်လာရှာတာပါ... (မှတ်ချက်။ ။  စာဖတ်သူခင်ဗျား.. ကျွန်တော်တို့ ခေတ်က ပြောလို့ရပါသည်။ ခုအဲလို သွားမပြောပါနှင့်..)

ဒီနှစ်ခွန်းပါပဲ။ ပီးတော့ ဖတ်စရာရှိတာဖတ် (scan ဖတ်တာပြောပါတယ်).. တုံး ထုစရာရှိတာထုပြီး ကျွန်တော်ကို ပြန်ပေးရင်း ပြုံးပြသည်။ (မှတ်မှတ်ရရ ခုချိန်ထိ စလုံးလေဆိပ် immigration counter က အရာရှိတွေ ပြုံးတာ ထပ်မတွေ့ဘူးသေးပါ။)

white card ကိုကြည့်လိုက်တော့ 30 days.. တော်ပါသေးရဲ့..

ကဲ.. ငါလာပီ စင်ကာပူ...

........................

မှန်ကနေ လှမ်းမြင်နေရသော သူငယ်ချင်းကို အတွေ့မှာ ရင်ထဲက အလုံးတစ်လုံး ထပ်ကျသည်။ အားကိုးရာတွေ့တော့ လူက အားငယ်ချင်သလိုလိုတောင် ဖြစ်သွားသည်။ မှန်ပဲ ဖြတ်ဖောက်ထွက်တော့ မလိုလို ကျွန်တော် သူ့ဆီတန်းသွားသည်။ သူငယ်ချင်းက လက်တကာကာဖြင့် တခြားဘက်ကို လက်ငြှိုးထိုး၏။ သြော်.. ပစ္စည်းထုတ်ရဦးမည်ပဲ။

ကျွန်တော် အထွက် နောက်ကျသောကြောင့် လူရှင်းပါသည်။ လည်နေသော အ၀ိုင်းပေါ်မှာ ဘာပစ္စည်းမှလဲ သိပ်မကျန်တော့.. လှမ်းကြည့်လိုက်တာတောင် ကျွန်တော့် luggage ထင်သည်။ ပုံစံတူလေးကို မြင်နေရပြီ။ နီးလာတော့ ကိုယ့်luggage ဆိုတာ ပိုသေချာပြီ။

ပိုနီးလာလေ..
ပိုနီးလာလေ..
ဟာ.. ငါ့ luggage ကြီး ပွင့်နေပါလား။
ကျွန်တော် အမြန်ပြေးပြီး ပွေ့ချသည်။ ပွင့်နေသောကြောင့် ဆွဲချလို့မရ.. ပွေ့ပီး ချရသည်။
အထဲမှာလဲ ပစ္စည်းက တစ်ဝက်လောက်ပဲ ကျန်သည်။

ဒုက္ခပဲ.. တခြားဟာတွေ ဘယ်ရောက်သွားပါလိမ့်.. ကုန်ပြီထင်တယ်..

ထူထူပူပူဖြင့် ဘာလုပ်ရမှန်း မသိတော့။

ဒါပေမဲ့ ချက်ခြင်းပဲ ကျွန်တော့် luggage နဲ့ ကပ်ရပ် ပလတ်စတစ် ခြင်းတောင်းထဲမှာ ကျွန်တော့် ပစ္စည်းတွေ တွေ့သည်။ ဘယ်သူ့တောင်းမှန်း မသိပေမဲ့ အဲဒါပါ ဆွဲချလိုက်သည်။

သေချာပါသည်။ ကျွန်တော့်ပစ္စည်းတွေ...
အလုပ်လျှောက်ဖို့ ထုတ်ပီး ပလတ်စတစ်နဲ့ ထည့်ထားသော ကျွန်တော့် ဓါတ်ပုံတွေတောင် ပါသေး။
ဘယ်လိုဖြစ်ပြီး ဘယ်ကမှန်းမသိတဲ့ တောင်းထဲ ရောက်နေပါလိမ့်...

အဖြေကို မစဉ်းစားနိုင်သေးပဲ ကျွန်တော် ပစ္စည်းတွေ ပြန်ထည့်သည်။
အားလုံးထည့်ပီးတော့မှ ပြဿနာကို တွေ့သည်။ luggage က ဘယ်လိုမှ ပိတ်လို့ မရတော့။ သော့ပျက်ပြီး ပွင့်ထွက်သွားသည်ပဲ။ လေဆိပ်က တစ်ခုချင်းကောက်ပီး တောင်းထဲ ထည့်ပေးထားပုံရပါသည်။
ကျွန်တော် ခါးပတ်ကို ချွတ်ပြီး luggage ကို ပတ်လိုက်သည်။ သေချာကြီး ပိတ်မသွားပေမဲ့ အထိန်းသဘောတော့ ရသည်။ ဒါပေမဲ့ အိုက်တင်ထုတ်ပီး ဆွဲလို့မရ။

တွန်းလှည်းပေါ် luggage ကို ပွေ့တင်။ တဖက်ကတွန်း တဖက်က ဖိထိန်းပြီး ကုံးကုံးကွကွထွက်လာသော ကျွန်တော့ကို သူငယ်ချင်းသည် မျက်လုံးအပြူးသားဖြင့် ကြိုပါ၏။

ကဲ.. ငါလာပြီ စင်ကာပူ...

.............................

ပူပင်ရတာတွေ ရုန်းကန်ရတာတွေနဲ့ ရသစုံတဲ့ စင်ကာပူမှာ လေးနှစ်ပြည့်တဲ့ အထိမ်းအမှတ်နဲ့ ကျွန်တော့်ရဲ့ စင်ကာပူ ပထမဆုံးနေ့ အဖြစ်လေးကို အမှတ်တရ ရေးဖွဲ့ပါတယ်.. ရေးရင်းနဲ့ကို ကျွန်တော်လွဲသမျှ ဒုက္ခခံ ကူညီပေးခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းတွေကိုလဲ ကျေးဇူးတင်မိပါတယ်ဗျာ..

Sunday, October 9, 2011

ရွှေ (၂)

အိပ်ခန်းတံခါးကို ဖွင့်ချိန်မှာ ဧည့်ခန်းထဲရှိ အဖြစ်သဘော လုပ်ထားသော ဘုရားစင်ရှေ့က မြင်နေကျ မြင်ကွင်း တစ်ခုကို ကျွန်တော်မတွေ့ရပါ။ သုံးလကျော် လေးလနီးပါး ဆက်တိုက်မြင်နေခဲ့ရသည့် ဘုရားစင်ရှေ့ ကျုံ့ကျုံ့ထိုင်ကာ အချိန်မှန် ၀တ်ပြုနေတတ်ခဲ့သည့် လူငယ်တစ်ယောက်သည် ခုတော့ မူးယစ်ရီဝေစွာ အိပ်မောကျနေပါလိမ့်မည်။ စတွေ့တုန်းကတော့ ရိုးဂုဏ်တစ်ခုကို သူ့ဆီက ပီပီပြင်ပြင် တွေ့ရသည်။ ရိုးသားသလို အနေအထိုင်လဲ ယဉ်ကျေးသည်။ ခုတော့ ခပ်ထွေထွေ ပြန်လာတတ်ပြီ၊ ဖုန်းအကြာကြီး အီတတ်ပြီ၊ ဘုရားစင်ဘက် ခြေဦးမလှည့်တော့ပြီ။ အမှန်တော့ ဒါမဆန်းလှပါ။ စင်ကာပူရောက် မြန်မာတိုင်းလိုလို မြင်နေ၊ ကြုံနေကျ ဒါမှမဟုတ် ကိုယ်တိုင်ဖြစ်သွားကြသော အခြေအနေတစ်ရပ်သာ ဖြစ်သည်။ စင်ကာပူသာမဟုတ်ပဲ တခြားနိုင်ငံတွေမှာလဲ ဒီလိုမျိုးအဖြစ်တွေ ရှိနေမယ်ဆိုတာ သေချာပါသည်။

လွတ်လပ်မှုကော၊ ပတ်ဝန်းကျင် ပြောင်လဲမှုကော တပြိုင်နက် ရင်ဆိုင်ရချိန်တွင် တဖက်ကလဲ အထိမ်းကျောင်းခံ ဘ၀ကနေ ကိုယ့်ဘာသာ ထိမ်းကျောင်းရသည့် အနေအထားသို့ ရောက်လာခြင်းက အမှန်တကယ်တော့ မလွယ်လှသည့် အခြေအနေဖြစ်သည်။ ရလိုက်တဲ့ လွတ်လပ်မှုကလဲ တော်ရုံတန်ရုံတောင် မဟုတ်။ မိဘဘိုးဘွား ဆွေမျိုးတွေ ထားလို့၊ စောင့်ကြည့်မည့် ပတ်ဝန်းကျင်ပါ မရှိတော့သည့် လွတ်လပ်မှုဖြစ်သည်။ လွတ်လွတ်လပ်လပ် ထင်သလိုနေပစ်လိုက်ပီး ပိတ်မိသွားမှာမျိုး မဟုတ်ပဲ ကိုယ့်မြေကိုယ်ပြန်ကာ ရုပ်တည်နဲ့ ပြန်နေဖို့ ထွက်ပေါက်တစ်ခုကလဲ ခပ်ပီပီ ရှိနေပြန်သည်။ စင်ကာပူနိုင်ငံသားများ ထက်တောင် ပိုပီးလွတ်လပ်လေမလားဟု ထင်ပါသည်။ ကျွန်တော်တို့သည် ထိုအချိန်တွင် လွတ်လပ်မှု တော်လှန်ရေးနှင့် ရင်ဆိုင်ရသည်ဟုတောင် ခပ်ပိုပိုလေး ညွှန်းလိုက်ချင်သည်။ ဒီတော့လဲ လွှတ်ပီးတော့ကို လွတ်လပ်ကြတော့သည်။ လွတ်လပ်လွန်းတော့လဲ လွတ်ကုန်ကြ၏။ လပ်ကုန်ကြ၏။

ဒီနေရာမှာ ”မြန်မာတွေ လွှတ်ပေးတာနဲ့ကို ပျက်စီးတာများတယ်..” ဆိုတဲ့ စကားကိုတော့ သိပ် သဘောမတူချင်လှပါ။ ”သိပ်”လို့ ထဲ့သုံးရတာက အများကြီး သဘောမတူသော်လဲ နဲနဲတော့ သဘောတူချင်သောကြောင့်ဖြစ်သည်။

ဘာကြောင့်နဲနဲသဘောတူချင်သည်ကို စရှင်းပါမည်။ မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုသည် တော်တော်ကြီးကို ထိန်းသိမ်းမှုကြီးသည်ဟု ဆိုနိုင်သော ယဉ်ကျေးမှုမျိုး ဖြစ်သည်။ ဘာသာတရားနှင့် ယှဉ်ကာ ပေါ်ပေါက်ရသော ယဉ်ကျေးမှုအမြင်ဖြစ်သော့ကြောင့် အဆုံးစွန်လိုက်နာလျှင် သူတော်စင်တောင် ဖြစ်သွားနိုင်သည့် မြင့်မားလှသော သတ်မှတ်ချက်များ ရှိသည်။ ထိုအခါ သူများတွေ ပုံမှန်ဟု ထင်သည့်တချို့ကိစ္စများတွင်ပင် ကျွန်တော်တို့က ပျက်စီးမှု၊ လျှပ်ပေါ်လော်လီမှု ဟုမြင်သည်။ ခုလူငယ်လေး ဘုရားရှိခိုးပျက်တာ၊ အရက်သေစာ သောက်စားလာတာအပေါ် ကျွန်တော့်ကောက်ချက်ကို ကြည့်လျှင်ပင် ထိုအချက်ကို အထင်းသားမြင်နိုင်သည်။ အခြားလူမျိုးများ၏ ယဉ်ကျေးမှုစံတွင် အပေါင်းမဖြစ်လျှင်တောင် သုညတန်းလောက် သွားနေသည့် အနေအထားသည် ကျွန်တော်တို့ ယဉ်ကျေးမှုစံတွင် အနုတ်စပြနေ၏။

ဒါပေမဲ့ အဲဒီအမြင်တွေကပဲ ပိုမိုပျက်စီးသွားစေသော အကြောင်းဟု မြင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သာမာန်ယိုယွင်းမှု တစ်ခုကို ယဉ်ကျေးမှုစံဖြင့် ပျက်စီးမှုဟု အသိုင်းဝိုင်းက မြင်သလို ကာယကံရှင် ကိုယ်၌ကလည်း ပျက်စီးမှုဟု ကိုယ့်ဘာသာ ခံစားရသည်။ ငါတော့ ပျက်စီးနေပြီ၊ ငါတော့  ခေတ်မှီနေပြီ စသည်ဖြင့်နှစ်တက်စားလဲ ကြက်သွန်ပါပဲဆိုပြီး အမှန်တကယ် ပျက်စီးမှုများကို လက်မတွန့်သူများ၊ မထူးဇါတ်ခင်းသူများအဖြစ် အလွယ်တကူ ရောက်ကုန်ကြသည်။ အပြစ်တစ်ခုလို ခံစားပြီး ရေစုန်မျှောမိ တတ်ကြသလို ဖြစ်သွားကြသည်။

လွတ်လပ်မှုကြောင့် ပျက်စီးမှုကတော့ ဘယ်လူမျိုး ဘယ်နိုင်ငံသားမဆို တစ်ဦးချင်းစီရဲ့ စိတ်နောက်ကိုယ်ပါ ထိန်းသိမ်းမှုပေါ် မူတည်ပြီး ရှိကြသည်သာဟု ယုံသည်။ မြန်မာတွေမှမဟုတ်.. မြန်မာတွေကို လွှတ်ပေးမှ ပိုပျက်စီးတာလဲ မဟုတ်။ ပျက်စီးပြီဟု ကျွန်တော်တို့ သတ်မှတ်ထားသော စံတွေနှင့် ယှဉ်ကြည့်လျှင် ပျက်စီးမှုရေစီးထဲမှာ တခြားနိုင်ငံသားတွေကို တပုံတပင်ကြီး အဆပေါင်းများစွာ ပိုပီးတွေ့ရမည်မှာ အသေအချာပင်။

တစ်ခုပဲပြောစရာ ရှိသည်။ တခြားနိုင်ငံသားများက ဘ၀တစ်ခု၏ လူငယ်ဘ၀ကို လွတ်လပ်မှုနှင့် အထိမ်းအကွပ်မဲ့ ပေါ့ပါးစွာ စိတ်နောက်ကိုယ်ပါ နေပစ်လိုက်ပြီး သက်လတ်ပိုင်းမှာ ပြန်လည် တည်ငြိမ် အတည်ကျကာ ဘ၀ကို မောင်းနှင်သည့် အနေအထားဖြစ်သည်။ ကျွန်တော်တို့ တော်တော်များများက အဲဒီသက်လတ်ပိုင်းလောက်မှ စပြီးစိတ်နောက်ကိုယ်ပါ လွတ်လပ်ကြတာမို့ ဘ၀အတွက် ပြန်လည်တည်ဆောက်ချိန် မကျန်တော့ပဲ စုံးစုံးမြုပ်ရမည့် အန္တရာယ် ပိုကြီးတာမျိုးသာ ဖြစ်နိုင်သည်။

သေချာတာတော့ လူသည် ဘယ်နိုင်ငံသားဖြစ်ပါစေ မိမိကိုယ်ပိုင် ထိန်းသိမ်းနိုင်စွမ်းဖြင့်သာ၊ ပညာညာဏ်ဖြင့်သာ၊ ဆင်ခြင်စွမ်းဖြင့်သာ လွတ်လပ်မှုကို ရင်ဆိုင်၏။ အဲဒီ ထိန်းသိမ်းစွမ်းမှာလဲ မြန်မာက နဲသည် တခြားက မြင့်သည်မဟုတ်။ တူညီကြသည်သာ ဖြစ်သည်ဟု ယူဆမိပါသည်။

သုတ


Saturday, September 3, 2011

လက်

အမေဟာ စင်ကာပူ စရောက်ထဲကိုက တကယ့် ကလေးလေးလိုပါပဲ..

ကျွန်တော်ပြောသမျှ နားထောင်တယ်.. ကျွန်တော်သွားဆိုတဲ့ နေရာကိုသွားတယ်.. ကျွန်တော်ကျွေးတဲ့ အစားကိုစားတယ်.. လူတွေကြားထဲမှာ ကျွန်တော့်လက်ကို အားကိုးတကြီး ဆွဲထားတတ်တဲ့ အမေ.. သားဖြစ်သူရဲ့ မတောက်တစ်ခေါက် အင်္ဂလိပ်စကား ပြောတာတွေကို အထင်ကြီးတဲ့ ကျေနပ်တဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်တဲ့ အမေ.. ကျွန်တော်ရှင်းပြနေတဲ့ ဆန်တိုဆာအကြောင်း.. မာလိုင်းယင်းအကြောင်း.. ကာဆီနိုအကြောင်းတွေကို စိတ်ဝင်တစား နားထောင်ဖို့ထက် ငါ့သားက တော်တော်သိတဲ့ လူတတ်ကြီးပဲဆိုပီး သဘောတကျ ရှိတတ်တဲ့ အမေဟာ တကယ့်ကို ကလေးလေးလိုပါပဲ..

ရုံးသွားနေချိန် တစ်ယောက်ထဲ မပျင်းရအောင်ဆိုပီး Shwedream က မြန်မာရုပ်ရှင် ဖွင့်ပုံဖွင့်နည်းကို တစ်ပတ်လောက် သင်ပေးတာတောင် ယောင်ဝါးဝါး ဖြစ်နေသေးတဲ့.. စက်လှေကားတက်ဖို့ လက်ဖျားခြေဖျား အေးစက်အောင် ကြောက်ပီး ပေကတ်ကတ် မတက်ပဲ ရပ်နေတတ်တဲ့ အချိန်တွေမှာ စိတ်မရှည်စွာ ငြီးငြူတတ်တဲ့ သားဖြစ်သူအကြိုက် ကြိုးစားပေးတတ်တဲ့ အမေဟာ တကယ့်ကို ကလေးလေးပါပဲ..

ဒီတော့လဲ အမေ့ကို ဟိုပို့ ဒီပို့ ပို့... အသစ်အဆန်းလေးတွေ ကောင်းနိုးရာရာလေးတွေ ကျွေးနေတဲ့ အချိန်တွေမှာ.. အမေ ငါ့ကို ငယ်ငယ်တုန်းက ပြုစုစောင့်ရှောက်သလို ငါလဲ ပြန်လုပ်ပေးနေနိုင်ပါလား.. ခုငါပို့ပေးတဲ့ နေရာတွေ.. ငါကျွေးတဲ့ အစားအသောက်တွေက အမေတို့ လုပ်ပေးတုန်းကထက်တောင် ပိုကောင်းသေးတယ် (ကျွန်တော့်အထင်) ဆိုတဲ့ အတွေးတွေ.. ခုပဲ မိဘကျေးဇူးဆိုတာကို အကြေပဲ ဆပ်ပစ်နေနိုင်သလို ခံစားချက်တွေနဲ့ ခပ်မြောက်မြောက် သားတစ်ယောက် ကျွန်တော်ဖြစ်ခဲ့တယ် ဆိုပါတော့..

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အဖြစ်ပျက်လေး တစ်ခု တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ခဲ့ပါတယ်.. အဲဒီအဖြစ်ဟာ နဲနဲ အပျက်သဘော ဆန်ပေမဲ့ ကျွန်တော့်ရဲ့ အသိအတွေးတွေ ထိန်းမတ်သွားစေ တာမို့ ကံကောင်းမှုဆိုလဲ မမှားပါဘူး..

အဲဒီနေ့က အပြန်မိုး တော်တော်ချုပ်ပါတယ်.. တနေကုန်နီးနီး လည်ပတ်ပြီး ပြန်လာတာမို့ သားအမိနှစ်ယောက်လုံးလဲ ခြေတွေလက်တွေတောင် မသယ်ချင်လောက် အောင်ပါပဲ..

တံခါးမကြီးကို ဖွင့်လိုက်တာနဲ့ လူကို ရုတ်တရက်ကြီး တွန်းဝင်မွှန်ထူသွားတဲ့ မီးခိုးတွေကြောင့် ကျွန်တော်ကြောင်သွားပါတယ်.. ချက်ခြင်းပဲ အမေကျွန်တော့်ကို တွန်းဖယ်ပီး ရှေ့ရောက်သွားတယ်..
“၀ါရာရှော့ဖြစ်လို့ အန်တီ.. ခုတော့ အားလုံးအိုကေသွားပါပီ.. ဒါပေမဲ့ မီးခိုးတွေ များနေသေးတယ်..” မီးခိုးလုံးတွေ ဝေေ၀၀ါးဝါး ထဲကနေပီး အိမ်ရှင်က လှမ်းပြောတယ်.. ဓါတ်မီးဖွင့်ပီး စားပွဲပေါ် ချထားတာက လွဲရင် မီးတွေပိတ်ထားတာကြောင့် အလင်းကလဲ အားမကောင်းပါဘူး..
“ဟုတ်လား.. တော်တော်များတယ်ထင်တယ်..” အမေက ပြောရင်း အထဲ ၀င်သွားတယ်..
“အန်တီ မီးခိုးမွှန်တာ မခံနိုင်မှာ စိုးတယ်.. ခဏရှောင်နေလိုက်ပါလား..”
အိမ်ရှင်ကောင်လေးက စိုးရိမ်သံနဲ့ အမေ့ကိုသတိပေးတယ်..
ကျွန်တော် အမေ့ကို ခေါ်ပီး ချက်ခြင်း အပြင်ပြန်ထွက်ပါတယ်.. ဖိနပ်စီးနေတုန်း ဘေးခန်းက တံခါးပွင့်လာပီး ညှော်လိုက်တာ ဘာဖြစ်လို့လဲလို့ ကျွန်တော်တို့ နှစ်ယောက်ကို မေးတယ်..

ကျွန်တော် ဘယ်လိုဖြေရင် ကောင်းမလဲ စဉ်းစားနေတုန်း ”၀ါရာရှော့ဖြစ်လို့ပါ.. ခုပီးသွားပီ.. စိတ်မပူနဲ့..” မြန်မာလို ပီပီကြီးကို ပြောချလိုက်တဲ့ အမေ့ကို ကျွန်တော်ရော မေးတဲ့ တရုတ်မပါ ကြောင်ပီးကြည့်နေမိတယ်.. ဒီတရုတ်မ ဘာမေးလိုက်တယ်ဆိုတာ အမေနားမလည်ဘူး ဆိုတာတော့ သေချာပါတယ်... ကြောင်တောင်တောင် တရုတ်မမျက်နှာကိုကြည့်ပီး အမေက "wire shock, finish.. finish.. all ok" ဆိုပီး ပြောင်းပြောတယ်.. ကျွန်တော်ဝင်ရှင်းပြလိုက်တော့မှ တရုတ်မ တံခါးပြန်ပိတ်သွားတယ်.. အောက်ရောက်တော့ တရုတ်မကို မြန်မာလို အပီပြောခဲ့တဲ့ အမေ့အဖြစ်ဟာ သားအမိနှစ်ယောက်ထဲ ရီပွဲဖွဲ့ ရတာ အားမရလို့ ရန်ကုန်အထိပါ ဖုန်းဆက်ပီး ပြောဖြစ်ပါတယ်...

အဖြစ်က ဒီလောက်ပါပဲ.. ဘာမှ စွန့်စားခန်း မပါသလို သဲထိတ်ရင်ဖိုလဲ မဟုတ်ပါဘူး.. မအေက သားကို စွန့်စားကာကွယ်တဲ့ ဇါတ်လမ်းကောင်းမျိုးလဲ မဟုတ်ဘူး..

ဒါပေမဲ့ ၀ုန်းဆိုတဲ့ အဖြစ်တစ်ခု သိသိခြင်းမှာ ဖြတ်ခနဲ ကျွန်တော့်ရှေ့ ရောက်သွားတဲ့ အမေ.. လူမျိုးခြားတွေကြားမှာ ကြောက်လန့် ရွံ့တွန့်ပီး ကျွန်တော့်နောက်မှာ ပုန်းနေတတ်တာက အရေးလဲပေါ်ရော တရုတ်မကို မြန်မာလို ပြောတဲ့ထိကို ဦးဆောင်ဖြေရှင်းဖို့ပဲ အာရုံပဲ ရှိခဲ့တဲ့ အမေ့အဖြစ်ဟာ ကျွန်တော့်ကို အတွေးတစ်ခု ရစေပါတယ်..

From Shutterstock
တော်တတ် ထက်မြက်တဲ့ သားသမီးတွေရဲ့ (ကျွန်တော် တော်တတ်ထက်မြက်သူလို့ ဆိုလိုတာမဟုတ်ပါ..)  နောက်ကနေ မိဘတွေဟာ နားမလည်ပါးမလည် ကလေးတွေလို လက်တွဲလိုက်ချင် လိုက်ကြပါလိမ့်မယ်.. သားသမီးတွေရဲ့ စောင့်ရှောက်မှုကို ခံယူကြတာမျိုး ရှိချင် ရှိပါလိမ့်မယ်.. ဒါပေမဲ့ သားသမီးတွေကို စောင့်ရှောက်ခဲ့တဲ့ အဲဒီမိဘတွေရဲ့ ကျေးဇူးနဲ့တော့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူးဆိုတာပါ.. ကျွန်တော်တို့ သားသမီးတွေရဲ့ မိဘကို တွဲခဲ့တဲ့ လက်ဟာ.. အားကိုးမှုနဲ့ ရလိုမှုပဲ ရှိခဲ့ပါတယ်.. ကလေးဘ၀ သားသမီးတွေအတွက် မိဘလက်ဟာ အားကိုးရာ ကမ္ဘာဖြစ်သလို အမေ သားကို ဒါကျွေးပါ.. အမေ သားကို ဒီပို့ပေးပါ ဆိုတဲ့ ရယူလိုစိတ်တွေပဲ ရှိခဲ့ပါတယ်..

From Shutterstock
မိဘတွေအတွက်ကလဲ ခုချိန်မှာ ကျွန်တော်တို့လက်တွေဟာ သူတို့အားကိုးရာတွေ ဖြစ်လာကြပါပြီ.. ကွာတာက ကျွန်တော်တို့ ပို့တာသွား ကျွေးတာတွေ စားချိန်မှာ သူတို့ ခံစားရတာကို ပျော်မွေ့တာအပြင် ငါ့သား ငါ့သမီးကတော့ ငါ့ကို ဒီပို့နိုင်ပါလား.. ဒါတွေတောင် ကျွေးနေနိုင်ပါလားဆိုတဲ့ သားသမီးတွေရဲ့ စွမ်းနိုင်မှုအပေါ် ကျေနပ်တဲ့ ပီတိကိုလဲ ခံစားကြတယ်လို့ ထင်ပါတယ်.. ဒီထက်ပိုတာက သူတို့ဟာ သားသမီးတွေကို မထိခိုက်စေချင်တဲ့.. လိုအပ်ရင် ပေးဆပ်ဖို့ ကာကွယ်စောင့်ရှောက်ဖို့ အသင့်ရှိကြတဲ့ သူတွေ ဖြစ်ကြတာပါပဲ..

ကိုယ့်ဘို့ဆိုတဲ့ ဆန္ဒပိုပိုသာသာနဲ့ ရယူဖို့သက်သက် မိဘကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့တဲ့ သားသမီးရဲ့ လက်နဲ့.. ပေးဆပ်မှုတွေ.. ကာကွယ်စောင့်ရှောက် လိုမှုတွေ.. ကျေနပ်မှုတွေနဲ့ သားသမီးကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့တဲ့ မိဘလက်... ဒီလက်နှစ်ခုဟာ နှိုင်းယှဉ် တန်ဖိုးခြေကြည့်လို့ ရတဲ့ အရာမျိုး မဟုတ်တာတော့ အမှန်ပါပဲလေ...

သုတ

Sunday, June 26, 2011

ငှက်ဖျား အပြေးသမား

တိုင်မှာချိတ်ဆွဲထားသော ပုလင်းဆီမှ ပြွန်သေးသေးလေးထဲ ဖြေးနှေးစွာ တစ်ပေါက်ချင်းကျနေသော ရေစက်များကို ကျွန်တော် ငေးကြည့်နေမိသည်။ ထိုရေစက်တို့သည် ပိုက်ကတဆင့် သွေးကြောထဲ ထိုးဖောက်ထားသည့် အပ်ကိုဖြတ်ကာ ကျွန်တော့ကိုယ်ထဲ စီးဝင်သွားကြမည် ဖြစ်သည်။ မြန်မြန်ကုန်စေ့ချင်လှပြီ။ ဒါတွေ အကုန်သွင်းပီးသွားရင် နေကောင်းပြီ၊ ဆေးရုံက ဆင်းရပြီဟု ဆရာဝန်ကြီး ပြောထားသော စကားကို ကျွန်တော်မမေ့ပါ။ ဘယ်နှစ်ပုလင်း မြောက်မှန်း မမှတ်မိတော့ပေမဲ့ လွန်ခဲ့သောနှစ်ရက် ဆေးရုံစရောက်ထဲက မပြတ်တမ်း ချိတ်ထားသော ဒီပုလင်းတွေ ဒီပိုက်တွေကို မုန်းတီးနေပြီ။

အဖေ တာဝန်ကျသည့် မိုင်းတုံစပြောင်းထဲက ကွီနင်းဆိုသည့် ငှက်ဖျားကာကွယ်ဆေးတွေ တမိသားစုလုံး စသောက်ခဲ့ရသည်။ မတရား ခါးသက်သည့် ဆေးခါးတွေ ငှက်ပြောသီးနှင့် ရောကာ ကြိတ်မှိတ်သောက်ခဲ့သည့် ကြားက ခြောက်လကျော်ကျော်လောက်မှာ ကျွန်တော်ငှက်ဖျား ဖြစ်သည်။ မျက်နှာသစ်ရင်း ပျော့ခွေကျသွားသည့် ကျွန်တော့်ကို တကြော်ကြော်ခေါ်ကာ ပူလောင်ကြီးစွာ ပွေ့ချီရင်း “ကလေးတစ်ခုခု ဖြစ်လို့ကတော့ ရှင်နဲ့ကျွန်မ အပြတ်ပဲ..”ဟု အမေ၏ ဘာမှမဆိုင်ပါပဲ အဖေ့ကိုရန်လုပ်သံက ကျွန်တော့်နောက်ဆုံး အသိ ဖြစ်ခဲ့သည်။ သတိရတော့ ဆေးရုံမှာ။

လူကနုန်းနုန်းချိချိ၊ မူးသလိုလို ဝေသလိုလို။ လည်ချောင်းတွေကလည်း ခြောက်ကပ်ကပ် ခါးသက်သက် ဖြစ်နေသည်။ ဘေးက ဘီဒိုပုပုလေးပေါ်မှာ ဘီစကစ်မုန့်တစ်ထုပ်နှင့် ပန်းသီးတစ်လုံး တွေ့တာတောင် စားချင်စိတ်မရှိ။ အမှန်ဆိုလျှင် အစားမက်သော ကျွန်တော့်အတွက် ဘီစကစ်က မထူးဆန်းလှလျှင်တောင် တစ်ခါတလေမှ စားရတတ်သော ပန်းသီးသည် တကယ့်ဆွဲဆောင်မှု ဖြစ်သည်။ ဒါပေမဲ့ မစားချင်ပါ။ ရင်ဘတ်ထဲက လှပ်လှပ်လှပ်လှပ် ခံစားမှုသည် မျက်လုံးမဖွင့်ပဲ အိပ်နေလိုက်တာကပဲ အကောင်းဆုံးလိုတောင် ဖြစ်နေသည်။

“အမေကလဲ ကြာလိုက်တာ..” ကျွန်တော် လေသံသဲ့သဲ့ဖြင့် ပြောသည်။ တကယ်တော့ ကြာတာကိုအဓိက ပြောချင်တာမျိုး မဟုတ်ပဲ ပြောစရာမရှိ၍ စကားမရှိစကားရှာ ပြောလိုက်တာမျိုး ဖြစ်သည်။
“ဒရစ်ချိတ်တာ မပြီးသေးဘူး နေမှာပေါ့.. နင်ဘာလုပ်ချင်လို့လဲ.. ငါ့ကိုပြောလေ..” ၀တ္တုဖတ်နေရာမှ လှည့်ကြည်ပြီး ကျွန်တော့်အမက မေးလာသည်။ တကယ်တော့ အမေလဲ ငှက်ဖျားဖြစ်နေပါသည်။ ကျွန်တော့်ထက်တောင် သုံးလေးရက်လောက် စောပါသေးသည်။ မနက်က အဖေနဲ့ လူချင်းချိန်းပီးတော့ ဆရာဝန်က အမေ့ကိုစမ်းသပ်ပြီး ဆေးသွင်းဖို့ ညွှန်ကြားတာကြောင့် ဆေးရုံမှာ ခုတင်ကလဲ မအားသဖြင့် အမကို လူနာစောင့်အဖြစ်ထားကာ ဆေးရုံဝင်းထဲက သူနာပြုတစ်ယောက်အိမ်မှာ ဆေးသွားသွင်းနေတာပါ။ ကျွန်တော့်ထက် ငါးနှစ်ကြီးသော အမသည် ခုနှစ်တန်းသာ ရှိသေးပေမဲ့ အမေအဖေတို့အတွက် အလွန်အားကိုးရ၏။

ကိုယ့်စကားနှင့်ကိုယ် ဘာလုပ်ရမှန်းမသိတော့ ရေသောက်မည်ဟု ကျွန်တော်ပြောလိုက်ရသည်။

”အမရော ကျောင်းမသွားဘူးပေါ့..”
“အင်း.. ဒီနေ့ခွင့်ယူလိုက်တယ်လေ.. အမေနေမှမကောင်းတာ.. အဖေလဲခွင့်ယူထားတယ်.. ခဏနေလာလိမ့်မယ်..”

ကျွန်တော်တို့ စကားပြောနေတုန်း ရုတ်တရက် အသံဆူဆူညံညံတွေ ထွက်လာသည်။ မောင်နှမ နှစ်ယောက်လုံး လန့်ကာလှမ်းကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက် လူနာဆောင်ထဲ ပြေးဝင်လာ၏။ တကိုယ်လုံး အ၀တ်မပါပါ။ နောက်မှာ ဆရာဝန်ကြီးနှင့် သူနာပြု ဆရာမတစ်ယောက် ပြေးလိုက်လာကြ၏။
“ဖမ်းထားပေးပါဦး.. ချုပ်ထားလိုက်..” ဆရာဝန်က လှမ်းအော်သည်။
ယောက်ျားဆောင် ဖြစ်တာကော၊ အမျိုးသမီးက အ၀တ်အစား မကပ်သည့် အနေအထား ဖြစ်တာကြောင့်ကော ဆီးဖမ်းထားရမှာ လက်မရဲ ဖြစ်ကြသည်ထင်ပါသည်။ ကြောင်အမ်းကာ ဘယ်သူမှ ထပြီး မတားဆီးကြ။ အမျိုးသမီးက အခန်းအလည်မှာ ရပ်ပြီး တခန်းလုံးဝေ့ကြည်လိုက်သည်။ သူမအကြည့်တွေက တစ်ခန်းလုံးမှာ တစ်ဦးထဲသော မိန်းခလေးဖြစ်သည့် ကျွန်တော့အမဆီမှာ ရပ်သည်။ ကပ်လာသော သူနာပြုဆရာမကို ပစ်တွန်းထည့်လိုက်ပြီး ကျွန်တော့်အမကို လက်ငြိုးထိုးကာ
“နင်ကဘာလုပ်နေတာလဲ.. တောင်းပန်စမ်း.. နင့်ငါ့ကို တောင်းပန်စမ်း..”
မျက်လုံးခြာခြာလည်ကာ ပြောနေသော သူမပုံစံက တကယ်ကို ကြောက်စရာကောင်းသည်။
ကျွန်တော့်အမ ဗြုန်းခနဲထရပ်က အနောက်ပေါက်ဆီသို့ ပြေးသည်။ ကျွန်တော်လဲ မနေပါ။ ဘယ်ကရောက်လာမှန်းမသိသော အားအင်တို့ဖြင့် ခုတင်ပေါ်က ခုန်ဆင်းကာ အမနောက်လိုက်သည်။ စူးခနဲဖြစ်သွားမှ လက်က အပ်တွေကို သတိရပြီး ချက်ခြင်းဆွဲဖြုတ်ပစ်လိုက်သည်။ အားပါး.. တော်တော်နာပါသည်။ ဒါပေမဲ့ မရပ်ရဲပဲ အမနောက်ကို အတင်းပြေးလိုက်သည်။ ရှေ့ကပြေးနေသော အမက အပေါက်ဝအရောက်မှာ ရုတ်တရက်ရပ်ချလိုက်ပြီး ဒီဘက်ပြန်လှည့်တော့ တရှိန်ထိုးပြေးလာသည့် ကျွန်တော်နှင့် ၀င်တိုက်တော့၏။
“ဟယ်.. မောင်လေး.. လာလာ.. ငါနင့်ကိုသတိရလို့ ပြန်လှည့်လာတာ..”
ကျွန်တော့်လက်ကိုဆွဲပီး အမဆက်ပြေးသည်။ မောင်နှမနှစ်ယောက်လုံး လက်တွေ အေးစက်လျှက်။ ကျွန်တော်လူနာဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်ရော အမပါသတိမရတော့ပါ။ နောက်မှာတော့ ခုမှ အသိဝင်လာတဲ့ တချို့လူနာတွေ.. လူနာစောင့်တွေက အမျိုးသမီးကို ၀ိုင်းချုပ် ဆရာဝန်က ဆေးထိုးနှင့် လုံးထွေးကျန်ခဲ့တော့သည်။

.......

အဲဒီအမျိုးသမီးက ငှက်ဖျားအရမ်းကြီးပြီး ဦးနှောက်ထိသွားတာပါ.. နောက်နေ့ ကောင်းသွားတော့ ဆရာဝန်နဲ့ ဆရာမကို ရှိခိုးပီးတောင် တောင်းပန်ပါတယ်.. သူ့ယောက်ျားကလဲ အဖေတို့နဲ့ တွေ့ပီး တောင်းပန်ပါတယ်.. ကျွန်တော်ကတော့ ဆရာဝန်ုကုပေးတဲ့ ဆေးရှိန်ကြောင့်ပဲလား၊ အပြေးလေ့ကျင့်ခန်းကြောင့်လား မသိပေမဲ့ အဲဒီနေ့ပီးထဲကိုက အဖျားသက်သာလာလိုက်တာ နောက်နှစ်ရက်ဆိုတာနဲ့ ဆေးရုံကဆင်းနိုင်ပါရော.. အဲ.. ပန်းသီးလဲ စားနိုင်ရော ဆိုပါတော့ဗျာ...

Saturday, May 14, 2011

နာရီ

ရန်ကုန်မှာတုန်းက ကျွန်တော်နာရီပတ်သည်။ ကိုယ့်ဘာသာ ၀ယ်ထားတာတော့ မဟုတ်ပါ။ အဖေ့ဆီက အမွေတောင်းထားတဲ့ နာရီ။ Seiko 5။

ဆယ်တန်းအောင်ပီး အလုပ်စ၀င်ရတော့မယ်ဆိုတော့ နာရီလေး တစ်လုံးကတော့ မဖြစ်မနေလိုပီလို့ ကိုယ့်ဘာသာ ဆုံးဖြတ်သည်။ အလုပ်နဲ့ အကိုင်နဲ့ လူကြီးတစ်ယောက် ဖြစ်လာပီဆိုတော့လဲ ဆယ်တန်းတုန်းက ပတ်တဲ့ သားရေကြိုး ဓါတ်ခဲနာရီကတော့ ပတ်စရာနာရီလို့တောင် မသတ်မှတ်တော့ပြီ။ ဒီတော့အမေ့ကိုပူဆာရသည်။ အသစ်ဝယ်ဖို့ မဟုတ်။ သူငယ်ချင်းတစ်ယောက်ဆီမှ နာရီအသစ် လက်ဆောင်ရပြီးထဲက အဖေမပတ်တော့ပဲ သိမ်းထားသည့် နာရီဟောင်းကိုလိုချင်ပါသည်ဟု ပူဆာခြင်းဖြစ်သည်။ ဆန်းဆန်းပြားပြားဒီဇိုင်း မဟုတ်တဲ့ အပြင် နဲနဲတောင် အိုသည့်ဖက်ရှင်နှင့် နာရီကိုမှ ပတ်ချင်ပါသည်ဆိုသော သားကို ရီဟဟဖြင့် အမေက လိုက်လျောပါသည်။ အသစ်မ၀ယ်ပေးရတော့ ပိုက်ဆံကုန် သက်သာသေးလို့များ တွေးခဲ့ပါလိမ့်မည်။ ကျွန်တော်ကတော့ နာရီဒီဇိုင်းက လူကြီးလူကောင်းဆန်သည်၊ ခန့်ငြားသည်ဟု ထင်သည်။ ကိုယ်လဲ အလုပ်နဲ့ အကိုင်နဲ့ ဖြစ်ပီဆိုတော့ ဒီလိုခန့်ခန့်လေး ၀တ်ရမည်ပေါ့။

လူပျိုဖြစ်နေပြီ ဖြစ်သော်လဲ လူကောင်သိပ်မထွားသည့်အတွက် အဆစ်နှစ်ဆစ်လောက် ဖြုတ်တာတောင်မှ နာရီက တော်တော်ချောင်နေသေးသည်။ ဒါပေမဲ့ ခပ်ကျပ်ကျပ်နဲ့ ကွက်တိဝတ်ရတာထက် အဲလို လက်ကောက်ဝတ်မှာ လျော့လျဲလျဲလေး တင်ပီးဝတ်ရတာကို ပိုကြိုက်သည်။ အဲဒီစတိုင်ကတော့ ခုထိ ကျွန်တော်သဘောကျနေတုန်းပါ။ ခက်တာက လက်ထောင်လိုက်တိုင်း နာရီက လက်တတောင်ဘက် လျောကာသွားကြပ်နေတတ်သည်။ အဲလိုဖြစ်တတ်တာကပဲ ဒီနာရီနဲ့ ပက်သက်ပြီး အမှတ်ရစရာလေးတစ်ခု ကျွန်တော့်မှာ ရှိခဲ့တာဖြစ်သည်။

......................

အဲဒီနေ့က ရုံးမှာ အရမ်းမိုးချုပ်ပါသည်။

အချိန်ပိုလုပ်တဲ့ ၀န်ထမ်းအားလုံးက မပြန်တော့ပဲ အိပ်ဖို့ဆုံးဖြတ်ကြပြီး တားနေတဲ့ကြားက အပြင်မှာ အိပ်ကျင့်မရှိတာမို့ ကျွန်တော်အတင်း စွတ်ထွက်ခဲ့သည်။ ပြန်ဖို့သာ ဆုံးဖြတ်ရသည်၊ ဘတ်စ်ကားက မရှိတော့မှာ သေချာ၏။ ကြားကားတစ်စီးတစ်လေများ ရှိလိုရှိငြား ဆူးလေဂိတ်ဘက်ကို ကျွန်တော်လျှောက်သည်။ ကုမ္ဗဏီက ပြန်တင်၍ရသော်လည်း ကိုယ်ကအရင် စိုက်ရှင်းထားရမှာကော၊ ပုံစံဖြည့် ပြန်တောင်းရတဲ့ ကိစ္စတွေ စိတ်ညစ်တာရောကြောင့် taxi ကိုတော့ သိပ်ပီးစိတ်ဝင်တစား မရှိလှ။ လမ်းသည် လမ်းမီးတိုင်များအောက်မှာ လင်းလင်းချင်းချင်း ရှိပါသည်။ လျှောက်လာခဲ့သည့် ဗိုလ်ချုပ်လမ်းတစ်လျှောက် မျက်စိတဆုံးထိ တော်တော်ကြီးကို လူသူကင်းရှင်းနေတာကြောင့် နဲနဲစိတ်ပူလာသည်။ ရုံးမှာ ပြန်အိပ်လိုက်တာပဲ ကောင်းမလားမသိ။ လမ်းချိုးပြီး ဆူးလေ ကားဂိတ်မှာ လူလေးငါးဆယ်ယောက်လောက် လှမ်းတွေ့လိုက်တော့မှ ကျွန်တော် စိတ်သက်သာရသည်။ ဒါဆိုရင်တော့ ကြားကားရှိလောက်ပါသေးသည်။ အကြာကြီးစောင့်ရမဲ့တူတူ မနက်က မပြီးသေးသော ၀တ္တုစာအုပ်ကို ကျွန်တော်ထုတ်ဖတ်သည်။

စာအုပ်ထောင်ကိုင်ထားသောကြောင့် တတောင်ဘက် လျှောကျလာသော ကျွန်တော့်နာရီသည် အချိန်ကြာတာနဲ့အမျှ ချွေးနှင့်ရောကာ ကြပ်စီးစီးကြီးဖြင့် နေရခက်လာသည်။ ကောင်းခန်းရောက်နေတာမို့ စာအုပ်က မျက်နှာမခွာပဲ လက်ကိုအောက်ချက နာရီပြန်ကျအောင် အသာ လှုပ်သည်။ ချွေးတွေနှင့်ကပ်ကာ နာရီကမကျ။ စိတ်မရှည်တော့ပဲ လက်ကို ခပ်ဆတ်ဆတ်ခတ်ကာ ဆန့်အထုတ်မှာ ရှေ့ဘက် ခပ်စောင်းစောင်းလေးမှာ ရပ်နေသူကို သွားထိသည်။ လေဟပ်ရုံလောက်လေး ထိသွားသည့်အနေအထားလောက်ပဲမို့ ကျွန်တော်ဘာသာတောင် အမှုမဲ့ အမှတ်မဲ့ သတိပင် မထားမိလိုက်။

“မောင်လေး.. ဘာလဲဟင်..”
သူမကျွန်တော်ဘက် လှည့်လာပီးမေးသည်။ မျက်နှာသည် မိတ်ကပ်တို့ဖြင့် ကော်ပတ်ရုပ်လိုလှနေသည်။ အသက်အစိတ်လောက်တော့ ရှိမည်ထင်ပါသည်။ အလွန်အကျူး ချယ်သ၀တ်ဆင်ထားသည့် သူမအနေအထားကို ကြောင်တောင်တောင် ဖြစ်သွားသည့် ကြားကပင် ကျွန်တော် သတိပြုမိသည်။

”ဗျာ.. ဘာလဲ..” ကျွန်တော် နားမလည်စွာ ပြန်မေးမိသည်။ သူမဘာမေးလိုက်တယ်ဆိုတာ ကျွန်တော်မရှင်းပါ။

”အင်းလေ.. ဘာလဲလို့..” ပြုံးစစဖြင့် သူမအနားတိုးလာ၏။ အစထဲက ရပ်နေတာ သိပ်မကွာတာမို့တစ်လှမ်းသာသာ လှမ်းရုံနှင့်ကို တစ်ယောက်နှင့် တစ်ယောက် တော်တော်နီးသွားသည့် အနေအထား။ ရေမွှေးနံ့သည် တော်တော်စူးပါသည်။ အသံကလဲ ၀င်တော့မလိုလို ထွက်တော့မလိုလို လေသံနှင့်။

”အဲ.. ဘာမှမဟုတ်ပါဘူး အမ.. ဆောရီး မတော်တဆပါ..” ကျွန်တော် နောက်ဆုတ်ရင်း ပြောသည်။ ချက်ခြင်းလဲ သဘောပေါက်လိုက်တာမို့ မြန်မြန် တောင်းပန်ရင်း စကား ဖြတ်လိုက်တာပါ။

သူမအပြုံးပျောက်သွားသည်။

”ဟဲ့.. အဲဒါဆိုလဲ နင်ဘာလို့ လာစနေသေးလဲ..”

သူမပြောလိုက်သံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ တော်တော်ကျယ် သွားသည်။ ဘေးကရပ်နေသူတွေ အားလုံးလှည့်ကြည့်ကြသည်။ ပြောပီးမှ ကျွန်တော့ဘက်က အနေအထားကို သူမတလွဲကောက်ချက်ချပီး ဖြစ်ခဲ့တယ်ဆိုတာ သူမဘာသာ သတိရသွားပုံပေါ်ပါသည်။ မရပ်တော့မရပ်သေးပဲ ဘာမှတ်နေသလဲ.. လာမစမ်းနဲ့ ဘာညာကွိကွဖြင့် ပွစိပွစိ ခပ်တိုးတိုးရေရွတ်ကာ ကားဂိတ်အနောက်ဘက် ခပ်လှမ်းလှမ်းကို ဘောက်ဆတ်ဆတ် လျှောက်သွားသည်။ ကြည့်ရတာ ခုထိဒီမှာ ရပ်နေရတာကို တင်းနေတဲ့စိတ်က အစထဲကရှိပုံ ရပါသည်။ အဲဒါကအရေးမကြီး။ ခုတော့ ဒီကကောင်က လူတွေဝိုင်းကြည့်ခံနေရသည်။ ပြုံးစိစိကြည့်သည်။ ဇါတ်ရှုပ်တွေဆိုသည့် အထာနှင့်ကြည့်သည်။ တည့်တည့်ကြည့်သည်။ စွေကြည့်သည်။ လူလေးငါးဆယ်ယောက်က ပုံစံလေးငါးဆယ်မျိုးဖြင့် ကြည့်သည်။

ခပ်တည်တည်ဖြင့် စာအုပ်ပြန်ဖတ်နေရပေမဲ့ လူက ချွေးပြန်လာသည်။
တတောင်ဘက် ပြန်လျှောကျနေပြီဖြစ်သည့် နာရီကလဲ ချွေးတို့ဖြင့် စီးကာ နေရခက်ခက်။

ဒါပေမဲ့ နာရီကို ကျွန်တော် မခါချဖြစ်တော့ပါ။

......................

ခုတော့ ကျွန်တော်နာရီပတ်လေ့ သိပ်မရှိတော့ပါဘူး.. ဒီကိစ္စကြောင့်တော့ မဟုတ်ဘူးပေါ့ဗျာ.. အချိန်ဆိုတာကိုသိဖို့ နာရီတစ်မျိုးထဲ အားကိုးနေစရာ မလိုလောက်အောင် ခေတ်ကတိုးတက်လာတာကြောင့် ဖြစ်ပါလိမ့်မယ်.. ဒီတော့များ ခုနေချိန် အဲလို တယောက်ယောက်ကို သွားထိမိတယ်လို့ သတင်းများကြားလို့ကတော့ တမင်တကာထိတာပဲ ဖြစ်လိမ့်မယ်လို့ စာဖတ်သူ ယူဆနိုင်ပါတယ်ဗျား.. ဟားဟား..

Sunday, May 1, 2011

မြန်မာ့စံတော်ချိန်

ရထားရပ်တာနှင့် ကျွန်တော် အရင်ဆုံးဖြစ်အောင် လုထွက်လိုက်ပီး စက်လှေကားမှ တောက်လျှောက်ပြေးဆင်းသည်။ မပြေးလို့လဲမရ။ နောက်ကျနေပြီလေ။ နဲနဲနောနောတောင် မဟုတ်ပါ။ တစ်နာရီစမည်ဟု ကြေငြာထားသော စာပေဟောပြောပွဲတက်ရောက်မည့် လူက နှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်ပဲ လိုချိန်အထိ ရထားပေါ်မှာ ရှိနေသည့်အဖြစ်သည် ငယ်ငယ်တုန်းက ဆရာကြီး နပန်အကျင်းခံရတာထက် နှစ်ဆလောက်တောင် ပိုတီးဖို့ ကောင်းနေသည့် အနေအထားဖြစ်သည်။ ၀င်လို့တောင် ရပါတော့မည်လား မသိ။ ပြေးရင်းက ငယ်ငယ်တုန်းက အဖြစ်ကိုသတိရရင်း ပြုံးလိုက်မိသေးသည်။ တစ်ခါ အဲဒီအပြုံးပေါ်မှာ ထပ်ပြုံးဖြစ်ပြန်သည်။ အသက်အရွယ်က အရာရာကို တော်တော် ပြောင်းလဲသွားစေတာပဲ။ ငယ်ငယ်တုန်းက ကျောင်းနဲနဲလေး နောက်ကျတာကို အသဲအသန် စိုးရိမ်ပူပန်ဖူးသော ကျွန်တော်သည် ခုတော့ ခပ်သဲ့သဲ့ပြုံးနိုင်သည်အထိ အရေထူခဲ့ပြီ ဖြစ်သည်။

ဒါပေမဲ့။ တံတားပေါ်မှ ခပ်သွက်သွက် ဖြတ်လျှောက်ရင်း ကျွန်တော်ဇဝေဇ၀ါ ဖြစ်လာသည်။ လှမ်းမြင်နေရသည့် ခန်းမအ၀င်ဝတွင် လူတွေ စုရပ်နေကြတုန်း။ စာရင်းသွင်းကောင်တာမှာ လူတွေ စာရင်းသွင်းနေတုန်း။ ပိုနီးလာလေ မြင်လာရတာက ခန်းမအ၀တံခါးမတောင် မပိတ်သေးဘူးဆိုတာ ဖြစ်သည်။ ပွဲမစသေးဘူးပဲ။ ဒီနေရာမှာ ကျွန်တော်မပြုံးနိုင်တော့။ စည်းပျက် ကမ်းပျက် နောက်ကျတာဟာ ကျွန်တော် တစ်ယောက်ထဲ မဟုတ်ဘူးတဲ့လား။ စည်းကမ်းမရှိတဲ့ လူတွေအတွက် ဒီပွဲကို မစပဲ စောင့်ပေးနေခဲ့သတဲ့လား။ လူတွေအရှေ့မှာ စည်းမဲ့ကမ်းမဲ့ နောက်ကျနေတဲ့ လူတစ်ယောက်အနေနဲ့ ခပ်ငုံ့ငုံ့ ၀င်ရမှာထက် ခုလို နောက်ကျသမား များလွန်းလို့ ပွဲတောင်မစနိုင်တဲ့ အဖြစ်က စိတ်သက်သာစရာ တစ်ခုတော့ ကျွန်တော့်ကို မဖြစ်စေပါ။

လေးလံသောစိတ်ဖြင့် စာရင်းသွင်းတာတွေ ဘာတွေလုပ်ပီး နီးစပ်ရာ အ၀င်ပေါက်ကနေ ခန်းမထဲ အ၀င်မှာတော့ စာရေးဆရာကြီးများတန်းစီထိုင်နေသည့် ရှေ့ဆုံးတန်း ဖြစ်နေတာ သိလိုက်သည်။ ရုတ်ချည်းပင် ငယ်ငယ်တုန်းက ကျောင်းအုပ်ဆရာကြီး နပမ်ကျင်းခဲ့တာကို ကျွန်တော် ပြန်တမ်းတမိလိုက်သည်။ နှစ်ချက်လောက် တီးမယ်ဆိုရင်တောင် အဲဒါကိုပဲ ကျွန်တော် ပိုလိုလားပါသည်။ စာပေဟောပြောပွဲ တက်ရောက်မည်ဟု အမည်ခံပြီး လက်မှတ်ပေါ်က ပွဲချိန်တစ်နာရီဆိုတာကိုတောင် မဖတ်တတ်တဲ့ လူတွေကို ဟောပြောမဲ့ ဆရာကြီးတွေက စောင့်ပေးနေရတဲ့ အဖြစ်။ တစ်နာရီအရောက် လာခဲ့သည့် စည်းကမ်းညီညွတ်သည့် ပရိတ်သတ်က စောင့်ပေးနေရတဲ့ အဖြစ်ပါလား။

ပွဲစီစဉ်သူများကရော။ ပွဲစချိန်တစ်နာရီလို့ သူတို့ကိုယ်တိုင် သတ်မှတ်ရေးသားထားတဲ့ အချိန်ကို တာဝန်မယူ မလိုက်နာသူများလို့သာ ကျွန်တော်စွပ်စွဲချင်ပါသည်။ စာရေးဆရာကြီးတွေ၊ အချိန်အတိအကျရောက်တဲ့ စည်းကမ်းရှိ သူတွေက နောက်ကျ သူတွေကို လေးဆယ့်ငါးမိနစ် ကျော်လာတဲ့ အချိန်ထိ စောင့်နေစေဖို့များ ဘယ်လို စိတ်ကူးမျိုးနဲ့ ဆုံးဖြတ်ခဲ့သလဲဆိုတာ စဉ်းစားမရပါ။ သူတို့လိုက်လျောမှုက အနာဂါတ်ပွဲတွေကိုပါ ထိခိုက်စေသည်။ ခုဒီပွဲမှာ အချိန်အတိအကျ ရောက်လာသူတွေကတော့ သူတို့ အပေးခံခဲ့ရတဲ့ တစ်နာရီနီးပါး စောင့်ရတဲ့ ပြစ်ဒဏ်အတွက် နောင်ကျဉ်သွားလောက်ပြီး၊ ကျွန်တော်တို့လို နောက်ကျသူတွေအတွက်လဲ နောက်ကျတော့ မစောင့်ရဘူး၊ ကောင်းတောင်ကောင်းသေးဆိုတဲ့ အကျိုးအမြတ်နဲ့ ပျော်ပျော်ကြီး နောက်ကျဖို့ အဆင်သင့် ရှိနေကြလောက်ပါပြီ။

ဒီတော့ ကျွန်တော်စဉ်းစားမိတာက အချိန်နဲ့ ပက်သက်ပြီး နာမည်ပျက်ရှိတဲ့ မြန်မာတွေမှာ စည်းကမ်းပျက်သူတွေကို အကျိုးရှိစေပြီး စည်းကမ်းရှိသူတွေ အကျိုးမဲ့စေတဲ့ လိုက်လျောမှုတွေ ရှိနေသရွေ့ ဒါကြီးကို ပြုပြင်ဖို့ တော်တော်ခက်ဦးမယ် ထင်ပါတယ်လေ။

Wednesday, March 2, 2011

ရွှေ (၁)

လွန်ခဲ့သော သုံးနှစ်ကျော် စင်ကာပူရောက်စက ရောက်လေရာ မြန်မာရှာရတာ သူ့အတွက် အလုပ်တစ်ခုဖြစ်သည်။
ပင်နီဆိုးလားသွားသည်။ ရထားပေါ် ကားပေါ် ရောက်လျှင် မျက်စိဖွင့်သည်။ နားစွင့်သည်။ မြန်မာဟုသေချာလျှင် ပြေးလွှားနှုတ်ဆက်လိုက်ဖို့ ၀န်မလေး။ နိုင်ငံနှင့် အိမ်နှင့် တခါမှဒီလောက် ဝေးဝေးကြာကြာ မသွားဖူးသော သူ့အတွက် သူစိမ်းမြေမှာ ရွှေများတွေ့လျှင် အလွမ်းပြေသည်။ အားအင်ပြည့်ဝသလို ခံစားရသည်။

အရင်ရောက်နှင့်သူများပြောသော ကြည့်လိုက်တာနဲ့ မြန်မာဆိုတာ သိသာတယ် ဆိုတဲ့စကားက သူ့အတွက်တော့ ခက်ခဲလှသည်။ ဘယ်လိုသိသာလဲ။ သူဘယ်လိုမှ မခွဲခြားတတ်ပါ။ ဒီတော့ သူ့နည်းသူ့ဟန်ဖြင့် နည်းတစ်ခု ထွင်လိုက်သည်။ သွားလေရာ မြန်မာ စာအုပ် တစ်အုပ်အုပ်တော့ အိတ်ထဲထည့်သွားပြီး ရောက်လေရာထုတ်ဖတ်သည်။ ဖတ်လျှင်လဲ သက်တောင့်သက်သာ ဖတ်တာမျိုး မဟုတ်ပဲ စာအုပ်ကို လူမြင်အောင် ထောင်ဖတ်သည်။ အနည်းဆုံးတော့ သူ့ကို မြန်မာလို့ မြင်ရသူမြန်မာတွေ သိသွားအောင်။ စာဖတ်နေရင်းက မျက်လုံးတစ်ချက်လောက် ဝေ့ကြည့်လိုက်လို့ ကိုယ့်ကိုယ် ကြည့်နေတာမျိုး၊ ကိုယ့်စာအုပ်ကို စိတ်ဝင်တစား ကြည့်နေတာမျိုး ဆုံလို့ကတော့ အနှီမြန်မာသည် အတင်းကာရော မိတ်ဖွဲ့ခြင်းကို ခံရမည်မှာ ရာနှုန်းပြည့်နည်းပါး သေချာလှ၏။

တမြေထဲနေ.. တရေထဲသောက်.. ရပ်ဆွေရပ်မျိုး တွေပဲလေ..

*****

ခုတော့ မြန်မာရှာဖွေရေးသည် သူ့အတွက် အားတက်သရော အလုပ်တစ်ခု မဟုတ်တော့။ ရောက်စက ခံစားခဲ့ရသော အားနည်းသိမ်ငယ်မှုတွေလည်း ပျောက်ကွယ်ခဲ့ပြီ။ ရှာစရာမလို ပြေးမလွတ်လောက်အောင် သုံးနှစ်အတွင်း နေရာတိုင်း မြန်မာတွေ ပြည့်လာခဲ့ပြီ။ အတင်းကာရောကြီး မိတ်ဆက်မိလို့ တွန့်ရွံ့ကြောက်လန့်သွားတတ်၊ ခပ်တည်တည်ကြီး ဖြစ်သွားတတ်တဲ့ အချို့မိန်းမပျို လေးတွေကိုလဲ အားနာတတ်ခဲ့ပြီ။ ပြီးတော့ ပုံစံကြီး ကြည့်ပြီးမှတောင် မဟုတ်ပဲ အရိပ်မြင်ရုံလောက်နဲ့တောင် ဒါမြန်မာပဲလို့ ပြောနိုင်တဲ့ အရည်အချင်းကိုလဲ ပိုင်ဆိုင်ခဲ့ပြီ။ ဒါတောင် မြန်မာဆိုတာ သေချာပြီး ဖော်ရွေပုံပေါ်လျှင် သူပြုံးပြမြဲ ဖြစ်သည်။ အခြေအနေ ကောင်းလျှင် မိတ်ဖွဲ့မြဲဖြစ်သည်။ အဆောက်အဦးတစ်ခုထဲ အတူအလုပ်လုပ်နေသော မြန်မာများကတော့ ဓါတ်လှေခါးထဲမှာရော၊ ပြင်ပမှာပါ သူ့မိတ်ဆွေများအဖြစ် သိမ်းသွင်းခြင်း ခံခဲ့ရသူများ ဖြစ်ကြ၏။

***

တစ်နေ့တော့ သူမြန်မာဆိုတာ အသိမခံရဲသော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသည်။

ထိုနေ့က သူ မူစတာဖာ စင်တာသို့သွားသည်။ မနက်ဖြန်ပြန်မည့် သူငယ်ချင်းတစ်ယောက်နှင့် လူကြုံပေးဖို့ ချောကလက် သွားဝယ်တာဖြစ်သည်။ အရင်လို လူရှာဖို့ မဟုတ်တော့ပဲ တကယ်စိတ်ဝင်တစားကို ရထားပေါ်မှာ စာအုပ်တစ်အုပ် သူဖတ်သွားခဲ့သည်။ စာအုပ်ဖတ်ရင်း လူရှာတဲ့ အကျင့် ပျောက်သွားတာတော့ နှစ်နဲ့ ချီခဲ့ပြီထင်သည်။ ညနဲနဲ နက်နေသောကြောင့် ရထားကလဲ လူသိပ်မကြပ်လှ။ နေရာရပေမဲ့ အကြာကြီး စီးရမှာ မဟုတ်တာကြောင့် သူမထိုင်တော့ပဲ ရပ်နေလိုက်သည်။ Dhoby Ghaut MRT မှာ မြန်မာမလေး သုံးယောက်တက်လာသည်။ အလိုလိုနေရင်း အကျင့်ရနေတာမို့ သူတို့ကို အကဲခတ်လိုက်သည်။ ငယ်သည်။ လှကြသည်။ နီမြန်းမြန်း မျက်နှာလေးတွေက နဲနဲ မှန်နေကြသည် ထင်သည်။ မိန်းခလေးတွေများ မူးတာတောင် လှသည်။ မျက်လုံးခြင်း ဆုံရင်တော့ ပြုံးပြနှုတ်ဆက်လိုက်ဖို့ သူဆုံးဖြတ်ထား၏။ လက်ကစာအုပ်ကိုလဲ လူမြင်သူမြင်အနေအထား ပြောင်းကိုင်လိုက်သည်။ သူတို့ကတော့ သူတို့အရှိန်နှင့် သူတို့ ပတ်ဝန်းကျင်ကို ဂရုမစိုက်အားပဲ လက်ပံပင် ဆက်ရက်ကျနေသည်။

ရုတ်တရက် ကြားလိုက်ရသော စကားတစ်ခွန်းက မျက်နှာကို ဖြန်းခနဲ နွေးသွားစေသည်။
အသက်သုံးဆယ်ကျော် ယောက်ျားတစ်ယောက်အတွက် မကြားရဲစရာ၊ ရှက်စရာ စကားသိပ်မရှိပါ။ ဒါပေမဲ့ ခုပြောသူတွေက မိန်းခလေးတွေ၊ ငယ်၇ွယ်သူလေးတွေ ဖြစ်သည်။ ဒီကလေးမလေးတွေ သူတို့စကားနားလည်တဲ့ လူတစ်ယောက်ယောက် အနားမှာ ရှိတယ်ဆိုတာကို သိသွားမှာ သူစိုးရိမ်သွားတာ ဖြစ်သည်။

“ဒီလောက် မြန်မာဆန်တဲ့ ငါ့ရုပ်ကိုတောင် မရိပ်မိကြဘူးလားဟ..”

သူ ငြိုငြင်စွာတွေးရင်း တဖက်ကို မသိမသာလှည့်သည်။ ချာတိတ်တွေကလဲ သတိလက်လွတ် ပြောပြီး ခုမှ ဘေးဘီကို ပြူးပြူးပြဲပြဲ အကဲခတ်နေကြ၏။

“အင်း.. ဒီနေ့မှပဲ ရှားရှားပါးပါး အိတ်ကလဲမပါ။ ဒီစာအုပ်ကို ဘယ်လိုဖွက်ရပါ့...”

ဘာပဲပြောပြော ရုပ်ကို မသင်္ကာဖြစ်ခဲ့ရင်တောင် စာအုပ်နဲ့တော့ သက်သေမထူချင်ပါဘူးလေ။
သူမြန်မာ တစ်ယောက် ဆိုတာကိုပေါ့။

Thursday, January 27, 2011

ယောက်ျားနဲ့ မိန်းမ

Sian Massey Sian Massey၂၄.၁.၂၀၁၁ တနင်္လာနေ့ မနက်ခင်းမှာ ဖတ်လိုက်ရသော သတင်းတစ်ပုဒ်က ကျွန်တော့်ကို တစ်နေ့လုံးနီးပါး အတွေးတွေထဲ နစ်မြုပ်နေစေခဲ့သည်။ Sky Sport ရုပ်သံက သူ့ရဲ့ ရုပ်သံတင်ဆက်သူ နှစ်ဦးကို နှုတ်မစောင့်စည်းမှုနဲ့ ရာထူးက ခေတ္တအနားပေးလိုက်သော သတင်းဖြစ်သည်။ ဝုလ်ဗ်နဲ့ လီဗာပူးတို့ စနေနေ့က ကန်ခဲ့သော ပရီးမီးယားလိဂ် ဘောလုံးပွဲတွင် စည်းကြပ်ဒိုင်၏ မှားယွင်း ဆုံးဖြတ်ချက်တွေ အပေါ် မိုက်ပိတ်ထားချိန် နောက်ပြောင်ပြောဆိုသံတွေက တခြားတဖက် မိုက်ကတဆင့် ဘောလုံးပွဲ ကြည့်နေတဲ့သူတွေ အားလုံးကြားသွားတာကနေ ဒီအဖြစ် ပေါ်လာတာ ဖြစ်သည်။ ဒီလောက်ထိ ကြီးကျယ်သွားရတာက အဲဒီစည်းကြပ်ဒိုင် ဆီယန်မက်ဆေးက အမျိုးသမီး တစ်ယောက် ဖြစ်နေပီး၊ သူတို့ လှောင်ပြောင်မှုကလဲ အဲဒီအမျိုးသမီး ဖြစ်နေမှုအပေါ် ဦးတည်ပြောဆို သွားတာကြောင့် ဖြစ်သည်။ ကျွန်တော့်ကို စိတ်ဝင်စားသွား စေတာကတော့ ကျွန်တော်ကိုယ်တိုင်လဲ အဲဒီပွဲကိုကြည့်နေခဲ့ချိန်မှာ ပရီးမီးယားလိဂ်လို ပွဲကြီးမှာ အမျိုးသမီး စည်းကြပ်ဒိုင်ထားတဲ့ အပေါ်မှာလဲ အထူးတဆန်း စိတ်ဝင်စားခဲ့၊ ဒီစည်းကြပ်ဒိုင်ရဲ့ အမှားအယွင်းတွေ အပေါ်မှာလဲ အမျိုးသမီးဒိုင်တွေများ ညံ့လိုက်တာကွာ ဆိုသော ဝေဖန်အတွေးတွေ တွေးခဲ့သောကြောင့် ဖြစ်သည်။ ကိုယ်တိုင် ယူဆခဲ့တဲ့ ကောက်ချက်တွေနဲ့ ထပ်တူညီခဲ့တာကပဲ ထပ်ဆင့် အတွေးပါွးစရာတွေပါ ဖြစ်လာခဲ့ပါသည်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးရင် တွေးမိတဲ့ အတွေးတွေလဲ ဖြစ်ချင် ဖြစ်ပါလိမ့်မည်။ ခုခေတ်သည် ယောက်ျား၊ မိန်းမ အခွင့်အရေး၊ ရပိုင်ခွင့် ကွာခြားမှုစည်း ကျဉ်းသထက် ကျဉ်းလာသော ခေတ်ဖြစ်သည်။ မိန်းမများသည် ယောက်ျားများနှင့် နေရာတိုင်းနီးပါးတွင် ရင်ဘောင်တန်းလာကြပြီး မဟုတ်ပါလား။ ရင့်ကျက်သော လူ့အဖွဲ့အစည်း အသိုင်းအဝိုင်း တွေကလဲ ဒါကို အသေအချာ လက်ခံဖို့ ကြိုးစားကြသည်။ ခုလို sky sport က မိန်းမဒိုင် တစ်ဦးကို လှောင်ပြောင်ခြင်း အပေါ် ခြွင်းချက်မထား တုန့်ပြန်လိုက်တဲ့ သတင်းကပဲ လူ့အဖွဲ့အစည်းက မိန်းမတွေကို နှိမ့်ချတာ၊ ခွဲခြားတာကို လက်မခံဘူးဆိုတာရဲ့ ထင်ထင်ရှားရှား သက်သေတစ်ခု ဖြစ်သည်။ ဒါပေမဲ့ ကျွန်တော်တို့တွေ တကယ်ရော မခွဲမခြား လက်ခံနိုင်ကြ ပြီလား။ ယဉ်ကျေးမှုအရဖြစ်ဖြစ်၊ ဖြစ်သင့်တယ်ဆိုတဲ့ လက်ခံမှု အရဖြစ်ဖြစ် မဟုတ်ပဲ ယောက်ျားမိန်းမ တန်းတူမြင်ပေးနိုင်တဲ့စိတ် တကယ်ရော မွေးနိုင် ကြရဲ့လား။ ခု အဖြစ်မှာတောင် အင်မတန် ခက်ခဲလှသေးတယ်ဆိုတာ သိသာပါသည်။ ယဉ်ကျေးမှုအရ ခွဲခြားမှု ဆိုတာကြီး မရှိချင်ရောင် ဆောင်နေပေမဲ့ မိန်းမဘက်မှာရော ယောကျ်ားဘက်မှာပါ ဒီခွဲခြားမှုဟာ ရှိနေသေးတာကို ဖော်ပြနေပါသည်။ အမျိုးသား စည်းကြပ်ဒိုင်တွေ၊ ဒိုင်လူကြီးတွေလဲ အမှားပေါင်း များစွာ လုပ်ခဲ့ဘူးကြတာပဲ မဟုတ်ဘူးလား။ လူကျွံဘောကို နားမလည်သော စည်းကြပ်ဒိုင်၊ ဂိုးဝင်တာကို မဝင်ဘူးမှားတဲ့ စည်းကြပ်ဒိုင်၊ ပယ်နယ်တီကို မှားယွင်း ဆုံးဖြတ်တဲ့ စည်းကြပ်ဒိုင်၊ ဒါတွေကစလို့ မဆုံးနိုင်အောင် များပြားသော ဒိုင်အမှားများတွင် ကျွန်တော်တို့သည် ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့ကြသည်။ ဒါပေမဲ့ ထိုဝေဖန်မှုတွေက ဒိုင်ရဲ့ အရည်အချင်းကို ဝေဖန်တာပဲ ဖြစ်သည်။ ညံ့ဖျင်းမှာယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ပြစ်တင် ဆဲဆိုတာပဲ ဖြစ်သည်။ အမျိုးသမီးဒိုင်တွေကြတော့ ကျွန်တော်တို့ အမြင်က အရင်ခံစားချက်တွေနဲ့ မတူလှတော့။ ဒီမှားယွင်းမှုတွေက အမျိုးသမီးဖြစ်သောကြောင့် ဆိုပီး အရည်အချင်းနှင့် မဆိုင်သော ဝေဖန်မှု အမြင်ကို မြင်ကြ၏။ သူမ၏ ညံ့ဖျင်းမှု၊ နားမလည်မှု၊ မှားယွင်းမှုတိုင်းသည် အမျိုးသမီးဖြစ်သောကြောင့် ဆိုသည့် အကြောင်းပြချက်နှင့် အလိုလို တွဲသွားကြသည်။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေး ပေးပါသည် ဆိုပြီး ဒိုင်လူကြီး လုပ်ခွင့်ပေးတာကို အသိစိတ်က လက်ခံထားရသော်လည်း တဖက်ကတော့ ဒီစည်းကြပ်ဒိုင်ရဲ့ နားမလည်မှု မှားယွင်းမှုတွေကို အမျိုးသမီးဖြစ်နေခြင်း ဆိုတာနဲ့ ဆွဲတွေးကြ၏။ ဒါပေမဲ့ အမျိုးသမီးဒိုင် ဖြစ်နေသောကြောင့်လဲ အမျိုးသားဒိုင်များပြုလုပ်သော အမှားတွေကို တုန့်ပြန်သလိုတော့ ဒေါသတကြီး မဖြစ်မိပြန်ပါ။ ခွင့်လွှတ် ရီပွဲဖွဲ့နိုင်ခဲ့သည်။ ဒီဒိုင်ဟာ အမျိုးသမီးပဲ။ ဒီလောက်ကြီးတော့ ဘယ်သိမှာလဲ ဆိုသော လက်ခံစိတ်တွေ ရှိခဲ့ကြသည်။ အံ့သြောစရာက အဲဒီစိတ်တွေဟာ ကျွန်တော်တို့ ယောက်ျားတွေတင်မက မိန်းမတွေမှာပါ ရှိနေတာ ဖြစ်သည်။ သေချာတာတော့ ဒီအမျိုးသမီးဒိုင်ကို အမျိုးသားဒိုင်တွေလို မခွဲမခြား မြင်မပေးနိုင်ခဲ့ဘူး ဆိုတာပါပဲ။ ငါတို့တွေ တကယ်လက်မခံနိုင်ပဲ ဘာကြောင့် ဟန်ဆောင်နေကြတာပါလိမ့်.. ကျွန်တော် စဉ်းစားမိပါသည်။ လူ့အဖွဲ့အစည်းကြီး အဖို့တော့ လူသားအားလုံး သာတူညီမျှ မခွဲမခြားခြင်းသည် ကောင်းမွန်သော ဦးတည်ချက်ပင် ဖြစ်သည်။ လုပ်ရပ်တစ်ခုခုကြောင့် မဟုတ်ပဲ၊ စိတ်ဓါတ်စွမ်းဆောင်မှုကြောင့် မဟုတ်ပဲ လူတစ်ယောက်သည် အခြားလူတစ်ယောက်ထက် အလိုလိုနိမ့်ကျနေပါသည်၊ အလိုလို မြင့်မြတ်နေပါသည်ဆိုတာမျိုး မရှိသင့်တော့ပါ။ ယောက်ျားတွေ ဘက်က စဉ်းစားကြည့်ရင်လဲ အမျိုးသမီးတွေကို နေရာပေးပြီး သဘောထားကြီးမြတ်သော ပုရိသယောက်ျား အဖြစ်ကို ခံစားချင်သည့် ယောက်ျားစိတ်သည် တစ်ခု အပါအဝင် ဖြစ်လိမ့်မည် ထင်ပါသည်။ ဒီနေရာမှာ မိန်းမတွေရဲ့ ခံစားမှုကိုတော့ ကျွန်တော် နားမလည်ပါ။ ယောက်ျားမျာနှင့် တန်းတူရင်ပေါင်တန်းနိုင်ပါတယ် ဆိုတဲ့ ကျေနပ်မှုတစ်ခုခု? ဖြစ်ချင်လည်းဖြစ်မည်။ တခြားအချက်တွေလဲ ရှိချင်ရှိမည်။ ဒီတော့ ယောက်ျားမိန်းမ မခွဲခြားခြင်းသည် ခေတ်သစ် လူ့အဖွဲ့အစည်း၏ သဘောထား ကြီးမြတ်မှု၊ တန်းတူညီမျှမှု၊ အမြင်ကျယ်မှု ဒါတွေရဲ့ ပြယုဒ် ဖြစ်လာခဲ့သည်။ အတွင်းစိတ်က မဟုတ်ပဲ ဟန်ဆောင်နေရတာကြောင့်လဲ တချို့နေရာတွေမှာ အရေးပေးမှုတွေက လိုတာထက် ပိုပိုသာသာ ဖြစ်နေရတာမျိုးလဲ ဖြစ်နိုင်ပါသည်။ ခုသတင်းကြေငြာသူ နှစ်ယောက်ဟာ အမျိုးသားဒိုင်တစ်ယောက်ကို ပုံစံတူ နောက်ပြောင်ရင်ကော၊ ခုလို အရေးယူမှုတွေ အကျယ်တဝင့် ပေါ်လာပါ့မလား။ သိပ်တော့ မထင်လှပါ။ ခုသတင်းသည် ယောက်ျားမိန်းမ ခွဲခြားမှု နက်ရှိုင်းစွာ တည်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ အတွင်းစိတ်၊ အဲဒါကို လက်မခံသင့်မှန်း၊ မှားယွင်းမှန်းသိပီး အတင်းဟန်ဆောင်ထားတဲ့ ပတ်ဝန်းကျင်စိတ် ဒီနှစ်ခုရဲ့ ပဋိပက္ခ သဘောမျိုး ဆောင်ပါသည်။ ဒါကြောင့်လဲ လူ့အဖွဲ့အစည်းဟာ သူကာကွယ် ဖုန်းဖိဖို့ ကြိုးစားထားတဲ့ အတွင်းစိတ်ရဲ့ သရုပ်မှန်ကို ဖော်ပြသလို ဖြစ်သွားတဲ့ ဒီဖြစ်ရပ်ကို လိုတာထက် ပိုပီး အတင်းကြောက်ကန်ကန် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့တာ မဟုတ်ဘူးလားလေ။