Saturday, September 3, 2011

လက်

အမေဟာ စင်ကာပူ စရောက်ထဲကိုက တကယ့် ကလေးလေးလိုပါပဲ..

ကျွန်တော်ပြောသမျှ နားထောင်တယ်.. ကျွန်တော်သွားဆိုတဲ့ နေရာကိုသွားတယ်.. ကျွန်တော်ကျွေးတဲ့ အစားကိုစားတယ်.. လူတွေကြားထဲမှာ ကျွန်တော့်လက်ကို အားကိုးတကြီး ဆွဲထားတတ်တဲ့ အမေ.. သားဖြစ်သူရဲ့ မတောက်တစ်ခေါက် အင်္ဂလိပ်စကား ပြောတာတွေကို အထင်ကြီးတဲ့ ကျေနပ်တဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်တဲ့ အမေ.. ကျွန်တော်ရှင်းပြနေတဲ့ ဆန်တိုဆာအကြောင်း.. မာလိုင်းယင်းအကြောင်း.. ကာဆီနိုအကြောင်းတွေကို စိတ်ဝင်တစား နားထောင်ဖို့ထက် ငါ့သားက တော်တော်သိတဲ့ လူတတ်ကြီးပဲဆိုပီး သဘောတကျ ရှိတတ်တဲ့ အမေဟာ တကယ့်ကို ကလေးလေးလိုပါပဲ..

ရုံးသွားနေချိန် တစ်ယောက်ထဲ မပျင်းရအောင်ဆိုပီး Shwedream က မြန်မာရုပ်ရှင် ဖွင့်ပုံဖွင့်နည်းကို တစ်ပတ်လောက် သင်ပေးတာတောင် ယောင်ဝါးဝါး ဖြစ်နေသေးတဲ့.. စက်လှေကားတက်ဖို့ လက်ဖျားခြေဖျား အေးစက်အောင် ကြောက်ပီး ပေကတ်ကတ် မတက်ပဲ ရပ်နေတတ်တဲ့ အချိန်တွေမှာ စိတ်မရှည်စွာ ငြီးငြူတတ်တဲ့ သားဖြစ်သူအကြိုက် ကြိုးစားပေးတတ်တဲ့ အမေဟာ တကယ့်ကို ကလေးလေးပါပဲ..

ဒီတော့လဲ အမေ့ကို ဟိုပို့ ဒီပို့ ပို့... အသစ်အဆန်းလေးတွေ ကောင်းနိုးရာရာလေးတွေ ကျွေးနေတဲ့ အချိန်တွေမှာ.. အမေ ငါ့ကို ငယ်ငယ်တုန်းက ပြုစုစောင့်ရှောက်သလို ငါလဲ ပြန်လုပ်ပေးနေနိုင်ပါလား.. ခုငါပို့ပေးတဲ့ နေရာတွေ.. ငါကျွေးတဲ့ အစားအသောက်တွေက အမေတို့ လုပ်ပေးတုန်းကထက်တောင် ပိုကောင်းသေးတယ် (ကျွန်တော့်အထင်) ဆိုတဲ့ အတွေးတွေ.. ခုပဲ မိဘကျေးဇူးဆိုတာကို အကြေပဲ ဆပ်ပစ်နေနိုင်သလို ခံစားချက်တွေနဲ့ ခပ်မြောက်မြောက် သားတစ်ယောက် ကျွန်တော်ဖြစ်ခဲ့တယ် ဆိုပါတော့..

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အဖြစ်ပျက်လေး တစ်ခု တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ခဲ့ပါတယ်.. အဲဒီအဖြစ်ဟာ နဲနဲ အပျက်သဘော ဆန်ပေမဲ့ ကျွန်တော့်ရဲ့ အသိအတွေးတွေ ထိန်းမတ်သွားစေ တာမို့ ကံကောင်းမှုဆိုလဲ မမှားပါဘူး..

အဲဒီနေ့က အပြန်မိုး တော်တော်ချုပ်ပါတယ်.. တနေကုန်နီးနီး လည်ပတ်ပြီး ပြန်လာတာမို့ သားအမိနှစ်ယောက်လုံးလဲ ခြေတွေလက်တွေတောင် မသယ်ချင်လောက် အောင်ပါပဲ..

တံခါးမကြီးကို ဖွင့်လိုက်တာနဲ့ လူကို ရုတ်တရက်ကြီး တွန်းဝင်မွှန်ထူသွားတဲ့ မီးခိုးတွေကြောင့် ကျွန်တော်ကြောင်သွားပါတယ်.. ချက်ခြင်းပဲ အမေကျွန်တော့်ကို တွန်းဖယ်ပီး ရှေ့ရောက်သွားတယ်..
“၀ါရာရှော့ဖြစ်လို့ အန်တီ.. ခုတော့ အားလုံးအိုကေသွားပါပီ.. ဒါပေမဲ့ မီးခိုးတွေ များနေသေးတယ်..” မီးခိုးလုံးတွေ ဝေေ၀၀ါးဝါး ထဲကနေပီး အိမ်ရှင်က လှမ်းပြောတယ်.. ဓါတ်မီးဖွင့်ပီး စားပွဲပေါ် ချထားတာက လွဲရင် မီးတွေပိတ်ထားတာကြောင့် အလင်းကလဲ အားမကောင်းပါဘူး..
“ဟုတ်လား.. တော်တော်များတယ်ထင်တယ်..” အမေက ပြောရင်း အထဲ ၀င်သွားတယ်..
“အန်တီ မီးခိုးမွှန်တာ မခံနိုင်မှာ စိုးတယ်.. ခဏရှောင်နေလိုက်ပါလား..”
အိမ်ရှင်ကောင်လေးက စိုးရိမ်သံနဲ့ အမေ့ကိုသတိပေးတယ်..
ကျွန်တော် အမေ့ကို ခေါ်ပီး ချက်ခြင်း အပြင်ပြန်ထွက်ပါတယ်.. ဖိနပ်စီးနေတုန်း ဘေးခန်းက တံခါးပွင့်လာပီး ညှော်လိုက်တာ ဘာဖြစ်လို့လဲလို့ ကျွန်တော်တို့ နှစ်ယောက်ကို မေးတယ်..

ကျွန်တော် ဘယ်လိုဖြေရင် ကောင်းမလဲ စဉ်းစားနေတုန်း ”၀ါရာရှော့ဖြစ်လို့ပါ.. ခုပီးသွားပီ.. စိတ်မပူနဲ့..” မြန်မာလို ပီပီကြီးကို ပြောချလိုက်တဲ့ အမေ့ကို ကျွန်တော်ရော မေးတဲ့ တရုတ်မပါ ကြောင်ပီးကြည့်နေမိတယ်.. ဒီတရုတ်မ ဘာမေးလိုက်တယ်ဆိုတာ အမေနားမလည်ဘူး ဆိုတာတော့ သေချာပါတယ်... ကြောင်တောင်တောင် တရုတ်မမျက်နှာကိုကြည့်ပီး အမေက "wire shock, finish.. finish.. all ok" ဆိုပီး ပြောင်းပြောတယ်.. ကျွန်တော်ဝင်ရှင်းပြလိုက်တော့မှ တရုတ်မ တံခါးပြန်ပိတ်သွားတယ်.. အောက်ရောက်တော့ တရုတ်မကို မြန်မာလို အပီပြောခဲ့တဲ့ အမေ့အဖြစ်ဟာ သားအမိနှစ်ယောက်ထဲ ရီပွဲဖွဲ့ ရတာ အားမရလို့ ရန်ကုန်အထိပါ ဖုန်းဆက်ပီး ပြောဖြစ်ပါတယ်...

အဖြစ်က ဒီလောက်ပါပဲ.. ဘာမှ စွန့်စားခန်း မပါသလို သဲထိတ်ရင်ဖိုလဲ မဟုတ်ပါဘူး.. မအေက သားကို စွန့်စားကာကွယ်တဲ့ ဇါတ်လမ်းကောင်းမျိုးလဲ မဟုတ်ဘူး..

ဒါပေမဲ့ ၀ုန်းဆိုတဲ့ အဖြစ်တစ်ခု သိသိခြင်းမှာ ဖြတ်ခနဲ ကျွန်တော့်ရှေ့ ရောက်သွားတဲ့ အမေ.. လူမျိုးခြားတွေကြားမှာ ကြောက်လန့် ရွံ့တွန့်ပီး ကျွန်တော့်နောက်မှာ ပုန်းနေတတ်တာက အရေးလဲပေါ်ရော တရုတ်မကို မြန်မာလို ပြောတဲ့ထိကို ဦးဆောင်ဖြေရှင်းဖို့ပဲ အာရုံပဲ ရှိခဲ့တဲ့ အမေ့အဖြစ်ဟာ ကျွန်တော့်ကို အတွေးတစ်ခု ရစေပါတယ်..

From Shutterstock
တော်တတ် ထက်မြက်တဲ့ သားသမီးတွေရဲ့ (ကျွန်တော် တော်တတ်ထက်မြက်သူလို့ ဆိုလိုတာမဟုတ်ပါ..)  နောက်ကနေ မိဘတွေဟာ နားမလည်ပါးမလည် ကလေးတွေလို လက်တွဲလိုက်ချင် လိုက်ကြပါလိမ့်မယ်.. သားသမီးတွေရဲ့ စောင့်ရှောက်မှုကို ခံယူကြတာမျိုး ရှိချင် ရှိပါလိမ့်မယ်.. ဒါပေမဲ့ သားသမီးတွေကို စောင့်ရှောက်ခဲ့တဲ့ အဲဒီမိဘတွေရဲ့ ကျေးဇူးနဲ့တော့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူးဆိုတာပါ.. ကျွန်တော်တို့ သားသမီးတွေရဲ့ မိဘကို တွဲခဲ့တဲ့ လက်ဟာ.. အားကိုးမှုနဲ့ ရလိုမှုပဲ ရှိခဲ့ပါတယ်.. ကလေးဘ၀ သားသမီးတွေအတွက် မိဘလက်ဟာ အားကိုးရာ ကမ္ဘာဖြစ်သလို အမေ သားကို ဒါကျွေးပါ.. အမေ သားကို ဒီပို့ပေးပါ ဆိုတဲ့ ရယူလိုစိတ်တွေပဲ ရှိခဲ့ပါတယ်..

From Shutterstock
မိဘတွေအတွက်ကလဲ ခုချိန်မှာ ကျွန်တော်တို့လက်တွေဟာ သူတို့အားကိုးရာတွေ ဖြစ်လာကြပါပြီ.. ကွာတာက ကျွန်တော်တို့ ပို့တာသွား ကျွေးတာတွေ စားချိန်မှာ သူတို့ ခံစားရတာကို ပျော်မွေ့တာအပြင် ငါ့သား ငါ့သမီးကတော့ ငါ့ကို ဒီပို့နိုင်ပါလား.. ဒါတွေတောင် ကျွေးနေနိုင်ပါလားဆိုတဲ့ သားသမီးတွေရဲ့ စွမ်းနိုင်မှုအပေါ် ကျေနပ်တဲ့ ပီတိကိုလဲ ခံစားကြတယ်လို့ ထင်ပါတယ်.. ဒီထက်ပိုတာက သူတို့ဟာ သားသမီးတွေကို မထိခိုက်စေချင်တဲ့.. လိုအပ်ရင် ပေးဆပ်ဖို့ ကာကွယ်စောင့်ရှောက်ဖို့ အသင့်ရှိကြတဲ့ သူတွေ ဖြစ်ကြတာပါပဲ..

ကိုယ့်ဘို့ဆိုတဲ့ ဆန္ဒပိုပိုသာသာနဲ့ ရယူဖို့သက်သက် မိဘကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့တဲ့ သားသမီးရဲ့ လက်နဲ့.. ပေးဆပ်မှုတွေ.. ကာကွယ်စောင့်ရှောက် လိုမှုတွေ.. ကျေနပ်မှုတွေနဲ့ သားသမီးကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့တဲ့ မိဘလက်... ဒီလက်နှစ်ခုဟာ နှိုင်းယှဉ် တန်ဖိုးခြေကြည့်လို့ ရတဲ့ အရာမျိုး မဟုတ်တာတော့ အမှန်ပါပဲလေ...

သုတ

No comments: