Thursday, May 8, 2014

မေ့

“ဘာကူညီပေးရမလဲရှင်...” သူမ အပြုံးလေးနဲ့ မေးလာသည်။

“ဟို.. ကျွန်တော့်ဘဏ်ကဒ် သက်တမ်းကုန်သွားလို့ပါ... ဘဏ်က ကဒ်အသစ်ပို့ပေးလိုက်တာတော့ ရပါတယ်... ဒါပေမဲ့ ကျွန်တော် အချိန်မှီ Activate လုပ်ဖို့ မေ့သွားလို့...”

“ရပါတယ်... ခုလုပ်ပေးလိုက်မယ်... ပတ်စ်ပို့လေး ပြပါ...”

“အဲ.. ကျွန်တော့် ပတ်စ်ပို့ မေ့ခဲ့တယ်... အလုပ်သမား ID ကဒ်နဲ့ လုပ်ပေးလိုက်လို့ မရဘူးလား... ပြီးတော့ ဘဏ်က ကဒ်သက်တမ်းကုန်သွားတဲ့ အကြောင်းပို့တဲ့ message လဲ ကျွန်တော့်ဖုန်းထဲမှာ ရှိပါတယ်.. ကြည့်ကြည့်ပါ...”

“ပုံမှန်ကတော့ ပတ်စ်ပို့ လိုတယ်ရှင့်.. ဒါပေမဲ့ ရှင်က ဘဏ်ကဒ်လဲ ရှိနေတယ်.. အလုပ်သမား ID ကဒ်လဲရှိတယ်ဆိုတော့ လုပ်ပေးလိုက်ပါ့မယ်... ပတ်စ်ပို့နံပါတ်လေး သိပါရစေ...”

 xxxxxx ”

“မဟုတ်ဘူးရှင့် လွဲနေတယ်...”

“သြော်... ကျွန်တော့် ပတ်စ်ပို့ ပြောင်းထားတယ်... ဒီဘဏ်မှာ အဲဒီပြောင်းတာကို အကြောင်းမကြားရသေးဘူး ထင်နေတာ... ခဏလေး...”

“ပတ်စ်ပို့က အသစ်ဆိုတော့ နံပါတ်က အလွှတ်မရသေးဘူး...”
ကျွန်တော် မှတ်စုစာအုပ်လေး ထုတ်ကာ လှန်ရင်းက ပြောတော့ နားလည်ပါသည် ဆိုသော အပြုံးလေးဖြင့် သူမ ခေါင်းညိတ်၏။

 xxxxxx ”

“ဟုတ်ပြီ... ပတ်စ်ပို့ မပါလာဘူး ဆိုတော့ လုံခြုံရေးအတွက် တချို့မေးခွန်းလေးတွေတော့ ဖြေရပါလိမ့်မယ်... အိမ်လိပ်စာလေး ပြောပေးပါရှင့်...”

“အင်း.. ကျွန်တော့်အိမ်အသစ် ပြောင်းထားတာ သုံးလလောက် ရှိပြီ... အဲဒါဘဏ်ကို အကြောင်းကြားဖို့ မေ့နေတာ...”

“ရပါတယ်... လိပ်စာအဟောင်းကိုပဲ ပြောပါ...”

“ဟိုလေ... နဲနဲကြာနေပီဆိုတော့ လိပ်စာကိုမေ့နေပြီဗျ...  ******  ရပ်ကွက်  ******  လမ်း ဆိုတာပဲ မှတ်မိတယ်... တိုက်နဲ့ အခန်းကို မေ့သွားပြီ... တခြားမေးခွန်း မေးပါလား...”

“ရပ်ကွက် လမ်းတော့ မှန်တယ်... ဒါဆို မွေးသက္ကရာဇ် ပြောပေးပါ...”

“ ****** / ****** / ****** ”

“သြော်.. ဒါတော့ မှတ်မိသားပဲ...” သူမ စသလိုလိုနဲ့ ပြုံးမဲ့မဲ့လေး ခနဲ့သည်။

“ဘယ်နေရာမှာ နောက်ဆုံး ပိုက်ဆံ ထုတ်ခဲ့ပါသလဲ... ဘယ်လောက် ထုတ်ခဲ့ပါသလဲ...”

“ဟို....”

“မေ့သွားပြီလား...” တုန့်နှေးပြီး တိတ်နေသော ကျွန်တော့ကို သူမမေးသည်။

“ဆောရီးပါဗျာ.. အဲဒီကဒ်က ပိုက်ဆံမထုတ်ဖြစ်တာ တစ်လကျော်လောက် ရှိပြီဆိုတော့ မေ့နေပြီ... ဟို တခြားမေးခွန်း မေးပါလား...”

“တစ်လအတွင်း မထုတ်ဖြစ်ဘူး ဆိုတာတော့ မှန်ပါတယ်...”
“ဒါဆို တစ်ခုထပ်မေးမယ်... ဒီတစ်ခါ မဖြေနိုင်ရင်တော့ ပတ်စ်ပို့ပြန်ယူရပါလိမ့်မယ်... လုံခြုံရေး မေးခွန်းတွေ အဲလောက်မဖြေနိုင်ရင် ကျွန်မတို့ လုပ်ပေးလို့ မရပါဘူး... အမေ့နာမည်ရဲ့ အလည်စာလုံးက ဘာလဲ..”

“ ****** ”

မှန်သွားပြီ။ သူမ စာရွက်စာတမ်းတွေနဲ့ ကဒ်အသစ်ထုတ်ပေးဖို့ စလုပ်တော့သည်။

“ဒီနေရာမှာ လက်မှတ်လေး ထိုးပေးပါ... ပြီးတော့ အောက်မှာ ပတ်စ်ပို့ နံပါတ်ရေးပေးပါ...”

ကျွန်တော် မှတ်စုစာအုပ် ပြန်ထုတ်ရသည်။ ပြီးတော့ ပတ်စ်ပို့နံပါတ် ဖြည့်သည်။
ခဏကြာတော့ နောက်တစ်ရွက် ထပ်ပေးသည်။

“ဒီမှာလဲ လက်မှတ်ထိုး ပါတ်စ်ပို့နံပါတ် ရေးပေးပါ...”

“ ****** ”  ကျွန်တော်မှတ်စုစာအုပ် ထပ်ထုတ်တော့ သူမ ကျွန်တော့်ပတ်စ်ပို့နံပါတ်ကို လှမ်းအော်ပေး၏။

“ဘဏ်ကဒ်အတွက် ကုဒ်နံပါတ် ခြောက်လုံး ရိုက်ပါရှင်..”

ကျွန်တော် ကီးဘုတ်လေးမှာ နံပါတ်ခြောက်လုံး ရိုက်သည်။

“နောက်တစ်ကြိမ် ထပ်ရိုက်ပေးပါ...”

ကျွန်တော်ထပ်ရိုက်သည်။

“အဆင်ပြေသွားပါပြီရှင်... နောက်လာရင်တော့ ပတ်စ်ပို့လေးကို မမေ့မလျော့ ယူခဲ့ပေးပါ...” သူမဘဏ်ကဒ်လေး လှမ်းပေးရင်း လွတ်လပ်သွားသလို အပြုံးဖြင့်ဆိုသည်။

ကျေးဇူးတင်စကားဆိုရင်း ကျွန်တော်ထွက်ခဲ့သည်။
အင်း.. အဆင်ပြေသွားလို့ တော်သေးတာပေါ့... ကဒ်လေး သေချာအလုပ်မှလုပ်ရဲ့လား စမ်းကြည့်စမ်းမယ်။ ကျွန်တော် ဘဏ်ထဲမှာကို အဆင်သင့်ရှိသော ATM စက်မှာ သွားတန်းစီလိုက်သည်။ တစ်ယောက်ပဲ စောင့်ပြီး ကျွန်တော့်အလှည့်ရောက်သည်။ ကဒ်ကိုထည့်ပြီး နံပါတ်ရိုက်သည်။ ကုဒ်နံပါတ် မမှန်ပါလို့ စက်ကပြသည်။
နေစမ်းပါဦး ဒီနံပါတ် ခြောက်လုံးပဲ မဟုတ်ဘူးလား.. သေချာပါတယ်...
ကျွန်တော်အတွေးဖြင့် နံပါတ်ခလုတ်တွေကို သေချာဖိပြီး ထပ်ရိုက်သည်။ ကိုရွှေစက်က မှားပါသည်တဲ့။ တင်းတင်းနဲ့ ထပ်နှိပ်သည်။ စက်က မှားပါသည် ထပ်ပြပြီး ကဒ်ကိုပါ ပြန်ထုတ်ပေးလိုက်သေး၏။ သူလဲ ဒေါသထွက်တတ်ပုံပါပဲ။

ဟာ.. ဟုတ်သားပဲ.. ကျွန်တော်ဟိုမှာ နှိပ်ခဲ့တာ ဒီနံပါတ် မှမဟုတ်ပဲ... တခြားနံပါတ်ခြောက်လုံး နှိပ်ခဲ့တာကို မေ့နေလိုက်တာ... သတိတရ၀မ်းသာအားရဖြင့် ကဒ်ကို ပြန်ထည့်ပြီး ထပ်ရိုက်သည်။ သုံးကြိမ်မှားနှိပ်ခဲ့တဲ့အတွက် ကဒ်ကို lock ချထားလိုက်ပါပြီတဲ့။

ကဒ်ကိုင်ပြီး လူက ဘာလုပ်ရမလဲ အကြံအိုက်သွားသည်။

“ဘာကူညီပေးရမလဲရှင်...”

အကဲခတ်နေပုံရသော ဘဏ်ဝန်ထမ်းတစ်ယောက်က လာမေးသည်။

“ဟိုလေ.. ကျွန်တော် password မှားနှိပ်တာ ကဒ် lock ကျသွားလို့... ခုပဲ ကောင်တာက ထွက်လာတာဆိုတော့ အဲဒီကောင်တာကို တိုက်ရိုက် ပြန်သွားပြောလို့ ရလား... ဒါမှမဟုတ် အစက ပြန်တန်းစီရမှာလား...”

“သြော်.. ချက်ခြင်းဖြစ်တာဆိုတော့ ကောင်တာကိုပဲ တိုက်ရိုက်သွားလိုက်ပါ... ကောင်တာနံပါတ် ဘယ်လောက်လဲ.. လိုက်ပို့ပေးပါ့မယ်ရှင်...”

“ဘာအမှားအယွင်းများ ရှိလို့လဲ... အဆင်မပြေဘူးလား...” ကောင်တာရောက်တော့ သူမ လှမ်းမေးသည်။

“ကျွန်တော့်ကဒ် password သုံးခါ မှားရိုက်လိုက်တာ အဲဒါ lock ကျသွားလို့...”

“ရှင်..” သူမ အာမေဋိတ်သံက အံ့သြောတကြီး အသံအပြည့်... မျက်လုံးတို့ ၀ိုင်း ပါးစပ်အဟောင်းသား ဖြစ်ပြီး လူကို ကြည့်နေပုံက တစ်ခါမှ မမြင်ဘူးသော ဂြိုလ်သားကို ကြည့်နေသလိုလိုပင်။ ကျွန်တော်တောင် အနေရခက်သွားသည်။

“ခုပဲ ရိုက်ပြီး ထွက်သွားတာလေ... အဲဒါကို ချက်ခြင်းမေ့သွားတယ်...” သူမ ကိုယ့်ဘာသာ ရေရွတ်သလိုလို၊ မေးသလိုလို ပြောရင်း ကျွန်တော့်ဆီက ကဒ်ကို လှမ်းယူသည်။ စစ်ဆေးပြီး lock ပြန်ဖွင့်ပေးဖို့ လုပ်သည်။ စာရွက်စာတမ်းတွေ ပြင်ဆင်ရပြန်သည်။ စာရွက်လေး တစ်ရွက် ကျွန်တော့်ရှေ့လာချသည်။ သူမမျက်နှာမှာ ရှိတဲ့ ဒီတစ်ခါ အပြုံးက တစ်ခုခု သေချာကြိုသိနေပြီး၊ ရီချင်စိတ်ကို အနိုင်နိုင်ထိန်းထားရတဲ့ အပြုံးမျိုး ဖြစ်သည်။

“လက်မှတ်ထိုးပြီး ပတ်စ်ပို့ နံပါတ်ဖြည့်ပေးပါ..” တဲ့။

ကိုယ့်မှတ်စုစာအုပ်ကို ထုတ်ယူပြီး ပတ်စ်ပို့နံပါတ်လေး တစ်ခုကို လှန်ကြည့်လိုက်ဖို့ ကိစ္စဟာ အဲလောက်ခက်ခဲ ပင်ပန်းလိမ့်မည်ဟု ကျွန်တော်တစ်ခါမှ မတွေးမိခဲ့ပါ။

သုတ
၈/၅/၂၀၁၄

Saturday, November 30, 2013

ကမ္ဘာကျော် အိမ်မက်

ဂရမ်မီဆုတွေ ဘာတွေရတဲ့ ကမ္ဘာကျော်အဆိုတော် တစ်ယောက် ဖြစ်ချင်တယ်လို့ ဖြူဖြူကျော်သိန်း က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးတာ မှတ်မိသေးသည်။ ဆယ်စုနှစ်နဲ့ ချီပြီး ကြာခဲ့ပြီဆိုတော့ ဘယ်မဂ္ဂဇင်းက၊ ဘယ်အင်တာဗျူးမှာ၊ ဘယ်လိုပြောခဲ့လဲဆိုတာတော့ မမှတ်မိတော့ပါ။ကျွန်တော်ကိုယ်တိုင်က သူ့ပရိတ်သတ် ဖြစ်နေတာရယ်၊ အဲဒီကစလို့ နောက်ပိုင်းမှာ ကြီးကြီးကျယ်ကျယ် ပြောတတ်သူလို့ ၀ိုင်းပြီး ဝေဖန်ကြ၊ သတ်မှတ်ကြတာရယ်ကြောင့်လဲ မှတ်မှတ်ရရလေး ရှိနေမိတာ ဖြစ်သည်။

ဒီလိုစကားမျိုး ခုလိုအချိန်မှာ ပြောလာတာ ဆိုရင်တော့ မဖြစ်နိုင်တာတစ်ခုကို လေလုံးထွား လျောက်ပြောတာလို့ သူ့ကို ကျွန်တော်တို့ ကောက်ချက်ချလို့ ရသည်။ ဒီလောက်ကြာခဲ့ပြီးတာတောင် ကော်ပီသီချင်း၊ ကော်ပီအမူအယာတွေထဲမှာပဲ ပျော်မွေ့နေပြီး ကိုယ်ပိုင်ဟန်တစ်ခုကို မတည်ဆောက် နိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဟာ ကမ္ဘာကျော်ပြီး ဂရမ်မီဆုရလောက်အောင်တော့ ဂီတ၀မ်းစာ မပြည့်သူလို့ ၀မ်းနဲစွာ မှတ်ချက်ချရမှာပဲ ဖြစ်သည်။။ ဒါပေမဲ့ ဒီစကားကို စပြောချိန်က သူသည် တက်သစ်စ ဖြစ်သည်။ ဂရမ်မီ မကလို့ ဘယ်လိုအိမ်မက်မျိုးကို မဆို ကြီးကြီးကျယ်ကျယ် မက်နိုင်တဲ့ အရွယ်ဖြစ်သည်။ ကောင်းမွန်တဲ့ ပါရမီခံ အရည်အချင်းလဲရှိသည် (ဒါကြောင့်လဲ မြန်မာ့ထိပ်ဆုံး အဆိုတော်စာရင်းထဲကိုတော့ အလွယ်တကူ လျှင်လျှင်မြန်မြန်ပဲ သိမ်းပိုက်ရောက်ရှိခဲ့၏)။ ကော်ပီနှင့် စတက်သော်လဲ ဖန်တီးကြိုးစားပါက ထွန်းတောက်နိုင်တဲ့ ကျောက်ရိုင်းတုန်းလဲ ဖြစ်သည်။ ခု နှစ်တွေကြာခဲ့ပြီးချိန်မှာတော့ သူကိုယ်တိုင်လဲ အောင်မြင်ပြီးသား သီချင်းတွေကို အဆင့်သင့် ခူးဆွတ်ပွားယူပြီး လွယ်လွယ်ကူကူ သွားတဲ့လမ်းကနေ မဖယ်ရဲခဲ့တာကြောင့် ပြောခဲ့ဘူးတဲ့ ဂရမ်မီဟာ လေထဲက စကားတစ်ခွန်းပဲ ဖြစ်သွားခဲ့ပါပြီ။ ဒါ့အပြင် သူရဲ့ ဂရမ်မီအိမ်မက်ဟာ အားပေးခံရဖို့ နေနေသာသာ ဝေဖန်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရတာ မဟုတ်လား။

ကျွန်တော်အဓိက တွေးချင်ရေးချင်တာကလဲ အဲဒီအကြောင်း ဖြစ်သည်။

တက်သစ်စ ငယ်ရွယ်သူ အဆိုတော်တစ်ယောက်ရဲ့ ကမ္ဘာကျော်အဆိုတော် ဖြစ်ချင်တယ်ဆိုသော အိမ်မက်သည် မထူးဆန်းပါ။ ထူးဆန်းတာက ကြီးကြီး ကျယ်ကျယ်ပြောရမလားဆိုသော ကျွန်တော်တို့ အများစုရဲ့ တုန့်ပြန်ပုံ ဖြစ်သည်။ ပြီးတော့ လေကြီးလိုက်တာလို့ ကျွန်တော်တို့တွေ မနာလိုစိတ်နဲ့ တွေးကြတာမျိုး မဟုတ်ပဲ အမှန်တကယ်ကို မဖြစ်နိုင်တာကြီးကို သူလျောက်ပြောနေတာလို့ ယုံကြည်ကြတာလဲ ဖြစ်၏။ပြောရရင်တော့ သူ ကြီးကြီးကျယ်ကျယ် လျှောက်ပြောတာလို့ အမှန်တကယ်ကို ကျွန်တော်တို့ ရိုးသားစွာ ယုံကြည်ခံစားကြတယ် ဆိုပါစို့။

မြန်မာတစ်ယောက်၊ မြန်မာမြေပေါ်ကနေ ကမ္ဘာကျော်ဖို့ စိတ်ကူးသည် မမက်ကောင်းသော အိမ်မက်တစ်ခု၊ မဖြစ်နိုင်တဲ့ အရာတစ်ခုလို ကျွန်တော်တို့ တော်တော်များများ ခံစားကြသည်။

ဒီနေရာမှာ သုံးသော ”ကျွန်တော်တို့”သည် ကျွန်တော့်အရွယ်အပိုင်းခြား ၀န်းကျင် မျိုးဆက်တစ်ခုကို ရည်ညွှန်းတာဖြစ်သည်။ စိတ်အရှိန်အဟုန်တွေ တက်ကြွစွာနှင့် ဆိုရှယ်လစ်ခဲ့ကြတာကနေ တဖြေးဖြေး ပျက်လာခဲ့တဲ့ မဆလ ယိုယွင်းတဲ့အချိန်မှာ မွေးဖွားခဲ့ပြီး တပ်အာဏာသိမ်းခေတ်၊ န၀တ၊ နအဖခေတ်တွေနဲ့ အတူ တောက်လျောက် ကြီးပျင်းခဲ့တဲ့ ကျွန်တော့်အသက်ရွယ်ဝန်းကျင် မျိုးဆက်သည် ဒီအာဏာရှင်ခေတ်ကြီးက မွေးထုတ်လိုက်သော မျိုးဆက် စစ်စစ် ဖြစ်သည်။ ခေတ်တစ်ခု၊ စနစ်တစ်ခုဟာ လူငယ်တွေကို အများကြီး သက်ရောက်မှုရှိသည်ဆိုလျှင် ဒီခေတ်မှောင်ကြီးမှာ ကြီးပြင်းခဲ့သူတွေ ဘယ်လိုရှိတယ်ဆိုတာ ကျွန်တော်တို့ အရွယ် အများစုရဲ့ တွေးခေါ်ပုံ၊ အရည်အချင်း၊ ယုံကြည်ချက်၊ ခံစားမှုတွေသည် လေ့လာကြည့်ဖို့ အကောင်းဆုံး ဖြစ်လိမ့်မည်။ ပြီးတော့ ကိုယ်တိုင်လဲ ထူးချွန်ထက်မြက်သူထဲမှာ မပါပဲ အလွန် ယေဘုံယျဆန် သူလိုငါလို အနေအထား၊ အသိုင်းဝိုင်းကပဲဖြစ်တာကြောင့် အများစု ဖြစ်သော သာမာန်လူတွေရဲ့ စရိုက်၊ အလေ့အကျင့်တွေသာ ကျွန်တော်နှင့် ကျွန်တော့်ပတ်ဝန်းကျင်မှာ ပုံမှန်တွေ့ရလေ့ ရှိလေသည်။ (ထူးချွန်သူတစ်ယောက်အတွက်တော့ ခေတ်၊ စနစ်သည် အကြောင်းပြချက် မဟုတ်ပါ)

တခြားကိစ္စတွေ အသာထား ရည်မှန်းချက် အိမ်မက်ကိစ္စ အစပြန်ကောက်ရလျှင် ကျွန်တော်တို့ရဲ့ မဟာကြီးကြီးမားမား ရည်မှန်းချက်တွေ ဆိုတာက ၀င်ငွေအရမ်းကောင်းတဲ့ အလုပ်တစ်ခုလောက် ရဖို့၊ ကိုယ်ပိုင်အလုပ်လုပ်သူဆိုလဲ လုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်ဖို့ ဆိုတာမျိုးတွေ လောက်ပဲ ဖြစ်သည်။ နိုင်ငံခြားသွားရဖို့ ဆိုတာကိုတောင် အိမ်မက်တစ်ခုလို ရည်မှန်းချက်ထား ကြိုးစားရတာ မျိုးတွေ ဖြစ်လာသည်။

ကမ္ဘာကျော်ဖို့ ဆိုတာရော...
လက်တွေ့ကြိုးစားဖို့နေနေသာသာ အိမ်မက်နဲ့တောင် စိတ်ကူးမယဉ်အောင်ကို ကျွန်တော်တို့နဲ့ မဆိုင်သလို ဖြစ်နေပါသေးသည်။  ကိုယ်မက်ဖို့မပြောနှင့် သူများမက်ရင်တောင် မဖြစ်နိုင်တာတွေ ပြောနေတယ်လို့ ခံစားရအောင်၊ ဝေဖန်မိအောင်ကို ကမ္ဘာဆိုတာက ကျွန်တော်တို့နဲ့ ဝေးသွားခဲ့သည်။ အဲလိုဖြစ်သွားအောင်လဲ ဖြတ်သန်းခဲ့တဲ့ ခေတ်က ပုံသွင်းပေးခဲ့တာ ဖြစ်လိမ့်မည်။ ဆောင်းတွင်း အိမ်မက်လို ပေါက်ကရ အိမ်မက်တွေတောင် မက်ဖို့အတွက်တော့ လက်တွေ့ အဆက်ဆက် အဖြစ်လေးတွေ အနဲအကျဉ်း ရှိပေးဖို့လိုတယ် မဟုတ်လား။ ကျွန်တော်တို့ အများစုအတွက် ရည်မှန်းချက် ကြီးကြီးထားနိုင်ဖို့၊ ကမ္ဘာနဲ့ ချီတဲ့ အိမ်မက်ကြီးတွေ စိတ်ကူးယဉ်ဖို့ အခြေအနေဆိုတာ မပေးခဲ့၊ မရှိခဲ့ပါ။

ဒီစိတ်အခံရှိသူတွေ များလာသောအခါ အဲဒီလူတွေကပဲ တခြားလူအတွက် ပတ်ဝန်းကျင် ဖြစ်လာပါသည်။ အဲဒီပတ်ဝန်းကျင်ကပဲ ကမ္ဘာကျော်အိမ်မက်မက်တဲ့ လူငယ်တွေ ပေါ်လာခဲ့ရင် လေကြီးသူတွေလို့ ဝေဖန်လှောင်ပြောင်ရင်း နောင်မျိုးဆက်ကိုပါ အိမ်မက်မမက်ရဲအောင် လက်ဆင့်ကမ်း ဖိအားပေးသလို ဖြစ်သွားကြလိမ့်မည်။ ကျွန်တော်တို့သည် လူငယ်တို့၏ ပွင့်အာလာမည့် အကန့်မရှိသော ရည်မှန်းချက်တွေအတွက် မဖန်တီးပေးနိုင်ဘူး ဆိုရင်တောင်၊ အိမ်မက်တွေ မက်ရဲလာအောင် အားမပေးနိုင်ရင်တောင်၊ တွန့်ဆုတ် အားလျော့သွားအောင် မလှောင်ပြောင်မိဖို့၊ မဝေဖန်မိဖို့တော့ လိုအပ်ပါလိမ့်မည်။ ကိုယ်ပိုင်ဆိုင်ခဲ့သော ကမ္ဘာဆိုတာ ငါနဲ့မဆိုင်ဆိုတဲ့ အတွေးကို ကိုယ်တိုင်တောင် သတိမထားမိပဲ လက်ဆင့်ကမ်းလိုက် မိတာမျိုး ဖြစ်မသွားဖို့ အရေးကြီးမည် ထင်ပါသည်။

ခုလောလောဆယ်တော့ ကျွန်တော့်သူငယ်ချင်းတွေထဲမှာ ကမ္ဘာနဲ့ ချီပြီး စိတ်ကူးယဉ်သူ တစ်ယောက်ရှိသည်။ ဦးသန့်လို ကုလအတွင်းရေးမှုး ဖြစ်ချင်သည်တဲ့။ သူငယ်ချင်း အတော်များများကတော့ သူ့ကို ငကြောင်လို့ အားမနာတမ်း သတ်မှတ်၏။

အင်း... ကျွန်တော်အပါအ၀င်ပေါ့....

သုတ (မြန်မာ)

Saturday, August 24, 2013

ရွှေ (၄)

ရထားတံခါးပွင့်သည်နှင့် ထွက်လာကြသူတွေကိုပင် မစောင့်ပဲ အတင်းတိုးဝင်သွားသည့် အပြုအမူက သူ့ကို ကျွန်တော် သတိထားမိသွားစေတာ ဖြစ်လေသည်။ ငြိုငြင်စွာ သတိထားမိသည် ဆိုရင်ဖြင့် ပို၍မှန်ပါလိမ့်မည်။ သူ့ရဲ့ တိုးဝှေ့ဝင်သွားပုံက အတင်းကာရော ရမ်းရမ်းကားကား နိုင်လှသည် မဟုတ်လား။ အထဲရောက်တော့လဲ ကြည့်ဦး။ Reserved Seat ဆိုတဲ့ လူကြီးတွေ၊ မသန်စွမ်းသူတွေအတွက် ဦးစားပေးအဖြစ် ထားသော ထိုင်ခုံမှာ အခန့်သား ၀င်ထိုင်လေသည်။ ရထားက မကြပ်လှသော်လည်း အချောင်ကြီး မဟုတ်တာကြောင့် နေရာရွေးခွင့် များများစားစား မရပဲ ကျွန်တော်သူ့မျက်စောင်းထိုး ကျကျလောက်မှာ ရပ်ရသည်။  ခြေပစ်လက်ပစ် ပရမ်းပတာ ထိုင်နေပုံကြောင့် လူတွေက သူ့ရှေ့နားမှာ သိပ်မရပ်ပဲ ခပ်ခွာခွာ ခပ်ကြဲကြဲသာ ရပ်ကြသည်။ ဘေးနားမှာ ကပ်ထိုင်တဲ့ မိန်းကလေးကလဲ ကိုယ်ကို တဖက်ကျုံ့လို့ နှာခေါင်းမှာ လက်ကိုင်ပ၀ါလေး မသိမသာ ပိတ်သည်။ မနှစ်မြို့ကြောင်းကိုတော့ သူ့အနား ခရီးသည် တော်တော်များများက အမူအယာတို့၊ အကြည့်တို့ဖြင့် ဟန်ဆောင် ဖုန်းကွယ်မနေပဲ သိသိသာသာ ပြကြလေသည်။

သိပ်မနီးလှတာတောင် ဘီယာအနံ့ ခပ်စူးစူးက အလုံပိတ် ရထားထဲက အဲယားကွန်းထဲမှာ တခြားရေမွှေးနံ့တွေနဲ့ အပြိုင် လုံးထွေးကာ ကျွန်တော့်နေရာအထိ ရောက်သည်။ တော်တော်လေး ကောင်းလာပုံ ရပါသည်။ မှန်နံရံကို မှီပြီး မျက်စိတင်းတင်း ပိတ်ထားကာ ပါးစပ်မှလဲ တအင်းအင်း ညည်းသံက တစ်ခါ တစ်ခါ ထွက်ထွက်လာ သေးသည်။ ကျွန်တော်ကိုယ်တိုင်လဲ သောက်တတ် စားတတ် သမားမို့ သူ့အနေအထားကို အကဲခတ်မိသည်။ အန်များ အန်လေမလား ကျွန်တော်စိုးရိမ်သွား၏။ ဒီလောက်မူးနေလျှင် အန်တတ်သည် မဟုတ်လား။

“ဒီလူကွာ... ဒီလောက်မူးနေရင်လဲ အပြင်မှာ သက်သာအောင် နေပြီးမှ ရထားစီးတာမဟုတ်ဘူး...”  ကျွန်တော်ငြိုငြင်စိတ်ဖြင့် တွေးသည်။ သူ့ရဲ့ ပရမ်းပတာဆန်သော အပြုမူ၊ အနေအထိုင်တွေက ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်နေစေတာက တခြားကြောင့် မဟုတ်ပါ။ သူသည် ကျွန်တော့်လို မြန်မာတစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည်။ မြန်မာတစ်ယောက်က နိုင်ငံခြားသားတွေ အလယ်မှာ ခုလို သူများနှာခေါင်းရှုံ့၊ အနှောင့်အယှက် ဖြစ်လောက်တဲ့ အပြုအမူတွေ ပြုနေတာကို ကျွန်တော် မြန်မာတစ်ယောက်အနေနဲ့ ဘယ်လိုများ စိတ်သက်သာနိုင်မှာတဲ့လဲ။

ရုတ်တရက် သူကိုယ်ကို မတ်မတ်ထိုင်လိုက်ကာ ခါးကိုင်းလိုက်သည်။ ခေါင်းငုံ့လျှက် ပါးစပ်ကို တင်းတင်းစေ့ကာ လက်သီးနှစ်ဖက် ကျစ်အောင် ဆုပ်လိုက်ပုံက ဒီလူ အရမ်းအန်ချင်လာနေပြီဆိုတာ ကျွန်တော်သိလိုက်သည်။ အန်ဖို့ ဆင်းပြေးမယ်ဆိုရင်တောင် နောက်ဘူတာရောက်ဖို့က အနဲဆုံး နှစ်မိနစ်လောက်တော့ စောင့်ရဦးမည်။
“မအန်လိုက်ပါနဲ့... ဒီထက်ပိုပြီး ရုပ်ပျက်ဆင်းပျက် မဖြစ်စမ်းပါနဲ့တော့...” 
သူကိုကြည့်ပြီး ကျွန်တော်ကိုယ်တိုင်ပါ ဘာမှမဆိုင်ပါပဲ စိုးရိမ်တစ်ကြီး ဖြစ်နေမိသည်။ သူ ကိုယ်တိုင်လဲ ရထားပေါ် အန်ရမှာကိုတော့ တော်တော်ကြီး မလိုလားမှန်း သိသာပါသည်။ နှဖူးမှာ ချွေးသီးကြီးတွေ စို့လာကာ အသက်ကို မှန်မှန်ရှုရင်း အာရုံပြောင်းဖို့ ကြိုးစားနေပုံ ရသည်။

ဒါပေမဲ့... မရပါ။

ဒီအဖြစ်ဖြစ်မှာကို မှန်းဆပြီး စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့မိတာကြောင့် အားလုံးကို ကျွန်တော့်မျက်စိ ရှေ့မှာတင် သေချာကြီး မြင်လိုက်ရလေသည်။ သူအတင်းမျိုချဖို့ ကြိုးစားတာ၊ ပါးစပ်ကို လက်နဲ့ ပိတ်လိုက်တာ၊ အဲလို အတင်းထိန်းချုပ် ပိတ်ဆို့ထားတာကြောင့် ထွက်လာတဲ့ အရည်တွေက ပုံမှန် အန်သလိုတောင် မဖြစ်ပဲ ဆိုးဝါးစွာ ပန်းထွက်ကုန်တာ၊ ဘေးကလူတွေ ၀ရုန်းသုန်းကား ရှောင်ကြ၊ ရှားကြ ထပြေးကုန်ကြတာ။
“ကျွတ်...” ကျွန်တော် သဲ့သဲ့ရေရွတ်ရင်း မျက်စိမှိတ်ကာ မျက်နှာလွှဲလိုက်သည်။
သွားပြီပေါ့။ သူများတွေ သိချင်မှသိကြမှာပေမဲ့ ဒါမြန်မာတစ်ယောက်။
“တောက်.. ဒီလိုမျိုးတွေ လုပ်နေမှတော့ တို့မြန်မာတွေကို ဘယ်သူ အကောင်းမြင် အထင်ကြီးမတဲ့လဲ..” ကိုယ်တွင်းမှ တက်လာသော ဒေါသနှင့် ရှက်စိတ် ပေါင်းသည့် အပူနှင့်အတူ ကျွန်တော်တွေးမိသည်။ ဘေးမှာလဲ တော်တော် ၀ရုန်းသုန်းကား ပွစိပွစိတွေ ဖြစ်ကုန်ကြပါသည်။ သူ့ဘေးနား ပတ်ဝန်းကျင်မှာတော့ ထိုင်သမားလဲ မရှိ၊ ရပ်သမားလဲ မရှိနှင့် တော်တော်ရှင်းလင်းသွားလေသည်။ အန်ဖတ်တွေကလဲ ပွစိတက်လို့။ အန်လိုက်တာကြောင့်ရော၊ ဖြစ်သွားသည့် အခြေအနေကြောင့်ပါ သူလဲ တော်တော်လန့်ပြီး အမူးပြေသွားပုံရသည်။ အန်ဖတ်တွေကို လက်နဲ့ သုတ်နေသည်။

အဲဒီအချိန်မှာ....
တရုတ်မလေးတစ်ယောက်က ရှုံ့မဲ့မဲ့နဲ့ အနားကပ်ကာ သူ့ကို တစ်ရှုးတစ်ထုပ် လှမ်းပေးလေသည်။ လက်တွေရော ဘေးတွေမှာပါ ပေပွကာ အခက်တွေ့နေသည့် သူ့အတွက် တစ်ရှုးထုပ်က တော်တော် အသုံးဝင်ပါသည်။ တစ်ထုပ်လုံး ခဏလေးနှင့် ကုန်သွားတော့ ဘေးက နှစ်ယောက်သုံးယောက်ကပါ သူတို့ တစ်ရှုးထုပ်တွေကို လှမ်းပေးကြ၏။

သူတို့ရဲ့ အဲဒီအပြုအမူတွေကပဲ ကိုယ့်ဘာသာ သတိထားမိသွားရင်းက ကျွန်တော့်ကို တွေးပြီး အရှက်ရစေခဲ့တာ ဖြစ်ပါသည်။

ရထားပေါ် စတတ်ခတဲက သူ့ရဲ့ မသင့်လျော်သော အပြုမူကို ကျွန်တော် တောက်လျောက် အပြစ်မြင်ခဲ့သည်။ တို့မြန်မာတွေကို လူအထင်သေးအောင် လုပ်လေခြင်းလို့ ဒေါသသင့်ခဲ့လေသည်။ တကယ်ဆိုးဆိုးဝါးဝါး ဖြစ်လာတော့ရော။ ဒီလိုလူတွေကြောင့် ဒို့သိက္ခာ ကျတာပေါ့ ဆိုသော ဒေါမာန်အတွေးနှင့် မျက်နှာလွှဲခဲ့သည်။ ပေလယျကန် ပြုခဲ့သည်။ ကျွန်တော့်မှာ တစ်ရှုးမပါပါ။ ဒါပေမဲ့ ပါလဲ ဒီလိုပရမ်းပတာ သိက္ခာမဲ့အပြုအမူ ပြုသူ (လို့ကျွန်တော့်ဘာသာ သတ်မှတ်သူ) ကို ကူညီဖို့တွေးမိမည် မဟုတ်ပါ။ သူ့ထိုက်နှင့် သူ့ကံ ခံပစေဟုသာ တွေးမိပါလိမ့်မည်။ ဖြစ်နိုင်လျှင် ရိုက်နှက်ပြီးတောင် ဆုံးမချင်သေးသည် မဟုတ်လား။

ဒါပေမဲ့ ခုမိန်းခလေး လုပ်သွားသလို မနှစ်သက်တာက သက်သက်၊ အကူအညီလိုသူကို အကူအညီပေးတဲ့ လုပ်ရပ်ကို လုပ်တာက သက်သက်လို့ ကျွန်တော် မခွဲခြားနိုင်ခဲ့ပါ။ အကူအညီလိုအပ် နေသူတစ်ယောက်ကို ဘယ်လိုကူညီပေးရမလဲ ဆိုတာမျိုး ရိုးရှင်းစွာ မတွေးပဲ အမျိုးဂုဏ်တွေ၊ ဇာတိပုညမာနတွေနဲ့ အတွေးရှည်ကာ မျက်နှာလွှဲ၊ ဝေးဝေးနေ ရှောင်ပြေးခဲ့သည်။ အမှန်တကယ် မြန်မာဆိုတဲ့ အမျိုးသားရေးနဲ့ပဲ စဉ်းစားပါဦး၊ ရထားပေါ်မှာ မြန်မာတစ်ယောက် အခက်တွေ့ချိန်မှာ ပထမဆုံး အကူအညီပေးဖို့ ကြိုးစားသင့်သူဟာ ကျွန်တော်မြန်မာ မဖြစ်သင့်ဘူးလား။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မြန်မာဆိုတဲ့ အတွေးက မသန့်စင်ပဲ အရောင်တွေ စွန်းနေခဲ့သည်။

သူ့ရဲ့ မကြိုက် မနှစ်သက်စရာ အပြုအမူတွေကို ရှုတ်ချပြစ်တင်ခဲ့တာကို ကျွန်တော် နောင်တမရပါ။ အပြစ်တင်စရာ လုပ်ရပ်တစ်ခုအတွက် ကျွန်တော်အပြစ်တင်ပါမည်။ ဒါပေမဲ့ အကူအညီ ပေးစရာကိစ္စ ကိုကျတော့ အကူညီ ပေးဖို့ ကျွန်တော်ပျက်ကွက်ခဲ့သည်။  နှိုင်းယှဉ်ကြည့်လျှင်တောင် အရက်မူးပြီး ပရမ်းပတာ ပြုမူသည့် မြန်မာတစ်ယောက်နှင့် လူတစ်ယောက် (ကိုယ့်နိုင်ငံသား တစ်ယောက်) အကူအညီလိုနေတာကို တွေ့ရက် ရှက်ပါသည်ဆိုကာ မျက်နှာလွှဲ လက်ပိုက်နေခဲ့သည့် မြန်မာတစ်ယောက် ဘာများ ကွာသတဲ့လဲ။ အမှန်ပြောရလျှင် သောက်မိ မူးမိသောကြောင့် ထိန်းချုပ်ဖို့ မစွမ်းနိုင်ကာ အန်ထွက်ရသည့် သူကမှ၊ လုပ်နိုင်စွမ်းလဲ ရှိပါရက် ကူညီဖို့ အတွေးတောင် မထွက်ပဲ ပြစ်တင်ရှုံ့ချရုံ လုပ်နေသည့် ကျွန်တော့်ထက် သာလှပါသေးသည်။

တကယ်လို့ ဒါသာ ကျင့်ဝတ်စစ်ဆေးမှုဆိုရင်တော့ ကျွန်တော်နှင့် သူ ရွှေနှစ်ယောက်လုံး ရွှေသိက္ခာချ ရှုံးနိမ့်ခဲ့ကြပါလေသည်။

......................................................................

ခုလိုအင်တာနက် ခေတ်ရဲ့ FB လို နေရာမျိုးမှာ လူအများရဲ့ အမြင်တွေကို ဖတ်ရတော့ ကိစ္စတော်တော်များများမှာ အဲလိုပုံစံတူတွေ တော်တော့်ကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်... ကျွန်တော်တို့ တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ကူညီဖို့တော့ ၀န်မလေးတတ်ကြပါဘူး... ဒါပေမဲ့ မနှစ်မြို့စရာ တစ်ခုခု မြင်ပြီဆိုတာနဲ့ အဲဒီကျူးလွန်သူကို အပြစ်တင်ရုံတင်ပြီး မျက်နှာလွှဲ ရှောင်ပြေးတတ်ကြတာများတယ်... အပြစ်တင်တာလဲ အရမ်းမြန်တယ်.. အားတက်သရော ရှိတယ်... ပြီးရင် အဲဒါနဲ့ ပက်သက်ပြီး အကူအညီပေးဖို့ ဝေးစွ၊ အဲဒီ မကြိုက်တဲ့ အဖြစ်ကို ပေလယျကန်ထားပြီး မပက်သက်မိအောင် နေတယ်... အဲဒီအလေ့အကျင့်က လက်ညှိုးထိုး အပြစ်တင်တာတွေပဲ ပြည့်နေပြီး လက်တွေ့ အလုပ်မဖြစ်တဲ့ လူ့အဖွဲ့အစည်းကိုများ ဖြစ်လာစေလေသလားလို့ တွေးမိပါတယ်...

သုတ

Friday, April 19, 2013

အဖျက်ဆီးခံခဲ့ရသော မနက်ဖြန်များ

ဖြတ်ခနဲဝင်လာသည့် လက်သီးကို ငုံ့ရှောင်လိုက်သော်လည်း သူ့နားသယ်စပ်ကို ထိသည်။ မျက်လုံးတို့ ပြာခနဲဖြစ်သွားကာ ဗိုင်းခနဲလဲကျသွားသော်လဲ ဂရုမစိုက်အား... နောက်ထပ် ထပ်လာနိုင်သည့် တိုက်ချက်များကို ရှောင်ရှားနိုင်ရန် မြေကြီးပေါ်မှာ သူနှစ်ပတ်လောက် လှိမ့်ပစ်လိုက်သည်။ ဒီကောင်ကလဲ မခေပါ။ ချက်ချင်းကို သူ့အနားပြေးကပ်လာပြီး လှိမ့်ကန်သည်။

ဟေ့ကောင်တွေ တော်ကြစမ်း...
အမလေး ဆွဲကြပါဟဲ့.. သတ်ကုန်ကြပြီ...

အော်သံ၊ ငိုသံများနဲ့ လူတွေဆွဲကြ ခွာကြတော့မှ သူသက်သာရာရသည်။ ဒီကောင်က ဆွဲထားတဲ့ လူတွေလက်ထဲက ရုန်းဖယ်ရင်း သူ့ကိုဆဲဆိုနေသေးသည်။ နာကျင်စိတ် ရှက်စိတ်တွေနှင့် ဒေါသစိတ်တွေပါ ပေါင်းကာ သူ့ တကိုယ်လုံးရော အတွေးတွေပါေ၀၀ါး မွှန်ထူနေသည်။ အော်ဟစ် ဆဲဆိုနေသည့် အောင်နိုင်သူဆန်ဆန် ၀ံ့ကြွားနေသော ဒီကောင့်မျက်နှာကို ပါးစပ်က ထွက်လာသည့် သွေးတွေကို လက်ကသုပ်ရင်း သူအခဲမကြေစွာ လှမ်းကြည့်သည်။

“ဒီသွေးတွေအတွက် မင်းပြန်ပေးဆပ်ရမယ်...” သူ့စိတ်ထဲက ကြုံးဝါးမိတာပါ။
ဟုတ်သည်။
မနက်ဖြန် လယ်ဘက်ကို ဒီကောင်ဆင်းလာတာနဲ့ အသေသတ်ပစ်ဖို့ အထိကို သူဆုံးဖြတ်လိုက်သည်။

..................................................................

“ဟဲ့.. ကလေးတွေ... ထမင်းစားချိန်ရောက်ပီနော်... မိုးဒီလောက်ရွာနေတာကို ထွက်ဆော့နေရလား... တက်ကြစမ်းအခု...”
မီးစာလေးညှိရင်း သူမ မာန်သံတစ်ဝက်ဖြင့် ကလေးတွေကို လှမ်းခေါ်၏။ သားအမိသုံးယောက် ထမင်းစားနေရင်း လစ်လပ်နေသော ခင်ပွန်းသည် နေရာကို ကြည့်ပြီး တစ်ခုခုလိုသလို ဟာတာတာကြီး ခံစားနေရသည်။  ရန်ကုန်ကို ကုန်ရောင်းသွားဖို့ မနက်ကမှ ထွက်သွားတာကြောင့် နှစ်ရက်လောက်တော့ အနဲဆုံး ကြာလိမ့်မည်။ အဆင်ပြေပြေလေး ဖြစ်စေချင်စမ်းပါသည်။ သားနှစ်ယောက်ကို ရှင်ပြုအလှူလေး လုပ်ချင်စိတ်က ရှိနေတာ ကြာခဲ့ပြီမဟုတ်လား။ တစ်နှစ်ပြီး တစ်နှစ် ရွှေ့လာလိုက်တာ ဒီနှစ်သင်္ကြန်ပြီး အထိတောင် မလုပ်နိုင်သေး။ ဒါပေမဲ့ နောက်နှစ်ထိတော့ မစောင့်ပြီ။ အဖေကြီးပြန်လာလျှင် ပါလာမည့်ငွေနှင့် ခုသူမတို့ စုထားတာလေးတွေ ပေါင်းလိုက်ရင် ကလေးတွေ ရှင်ပြုဖို့ လောက်နိုင်ပါသည်။ မလောက်လဲ နဲနဲတော့ ချေးရငှားရမည်ပေါ့။

အင်း... မနက်ဖြန် ဆရာတော်ကို အလှူအတွက် လင်မယားနှစ်ယောက် တိုင်ပင်ရွေးထားတဲ့ ရက်လေး အဆင်ပြေမပြေ သွားမေးကြည့်ဦးမှပါပဲ....

..................................................................

ခြေဆစ်က ထောက်လိုက်တိုင်း ဆစ်ခနဲ နာနာသွားပေမဲ့ အမေတို့လူကြီးတွေ မသိအောင် သူဟန်ဆောင်နေရသည်။ ကစားရင်း ဒဏ်ရာအနာတရ ဖြစ်လာမှန်းသိလို့ကတော့ ဆော့ခွင့်အနဲဆုံး သုံးလေးရက်တော့ အပိတ်ခံရနိုင်သည်လေ။ သင်္ကြန်ပြီးခတဲက သူတို့ဆော့တဲ့ အရှိန်က ခုချိန်ထိ အရှိန်သတ်မရ ဖြစ်နေကြသည်။ သူငယ်ချင်းအားလုံး စုပြီး ဟိုဘက်ရွာမှာ လှေလှော်ပြိုင်ကြဖို့ တိုင်ပင်ထားကြတာ ဆိုတော့ အိမ်က အပြင်မထွက်ရလို့ ပြောလိုက်မှာ သူစိုးရိမ်မိသည်။

မနက်ဖြန်ကျရင် လှေလှော်ပြိုင်ပွဲအတွက် အားလုံးပြင်ထားပြီးသား။ ခြေထောက်နာနေပေမဲ့ သူ့စိတ်တွေ တက်ကြွနေပါသည်။

..................................................................

ဖြူဖွေးသော မိုးသားများ မျက်နှာပြင်အပြည့် ဖုံးလွှမ်းနေသော ကောင်းကင်ကြီးကို သူစိတ်ပျက်လက်ပျက် မော့ကြည့်မိသည်။ တဖွဲဖွဲရွာနေသော မိုးကတော့ သူ့ကို ကျီစယ်နေသလိုလို။ မုန်တိုင်းရှိသည်လို့ ရေဒီယိုက အော်ထားတော့ ဒီမိုးက တော်ရုံနှင့် တိတ်မှာမဟုတ်တာတော့ သေချာသည်။ ဒါပေမဲ့ မိုးကို ဂရုမစိုက်အားပဲ သူတို့အားလုံး အလုပ်ရှုပ်နေကြသည်။ မနက်ဖြန် သူ့မင်္ဂလာပွဲ ရှိသည်လေ။ မနက်ထဲက စခဲ့တာတောင် မင်္ဂလာမဏ္ဍပ်ထိုးသူတွေရော၊ ချက်ကြပြုတ်ကြသူတွေကော ခုထိ မနားရ၊ မအားကြသေးပါ။ အလုပ်ဇယ်စက်သလို လုပ်နေရသည့် ကြားထဲမှ သူ့သတို့သမီး ချစ်သူလေးကို အရိပ်တကြည့်ကြည့် လုပ်ရသေးသည်။ နဖူးမှာ ချွေးစလေးတွေ စို့ကာ ချက်ပြုတ်ရာမှာ ကူညီနေသူလေးက မျက်လုံးချင်းဆုံတိုင်း မျက်နှာနီမြန်းကာ မျက်လွှာအသာချသွားတတ်တာကို ကြည့်ပီး သူ့ရင်တွေ ခုန်ရပါသည်။

မနက်ဖြန်တွင် သူသည် ဒီချစ်စရာကောင်းသူလေးကို ဘ၀လက်တွဲဖော်အဖြစ် ပိုင်ပိုင်ရတော့မည် မဟုတ်လား။ အချိန်တွေရယ်... မြန်မြန်ကြီးကုန်လိုက်စမ်းပါတော့....

..................................................................

မောမောဖြင့် ရေချမ်းစင်က ရေတစ်ခွက်ကို အငမ်းမရ သောက်ချလိုက်သည်။ မှိုင်းညို့နေသော မိုးက သူ့အမောကို မပြေစေပါ။ အသံချဲ့စက်ကို လက်မှာကိုင်၊ မုန်တိုင်းသတိပေးချက်ကို ရွာရိုးကိုးပေါက် လျှောက်အော်နေရတာက ဒါပါနှင့်ဆိုလျှင် ဘယ်နှစ်ကြိမ် ရှိပြီလဲတောင် မသိတော့။ ကျောင်းပိတ်တုန်း မြို့မှ အလည်ပြန်လာသော နေ့လည်ကမှ ရောက်သည့် သားဖြစ်သူကိုတောင် သေချာစကားမပြောရသေး။ အုပ်ချုပ်ရသူ ရွာလူကြီးတစ်ယောက် အနေနှင့် စိတ်ကောလူရော မောလှပါသည်။

မနက်ဖြန်ဆို ဒီထက်တောင် အလုပ်များဦးမည်။ မုန်တိုင်းဖြတ်ပြီဆိုရင် အနဲနဲ့ အများတော့ ထိခိုက်တတ်တာကို သူ့အတွေ့အကြုံအရ သိထားပြီးသား ဖြစ်သည်။ မနက်ဖြန်အတွက် သူအစီအစဉ်တွေ ချနေမိသည်။ မုန်တိုင်းကလဲ နဲနဲကြမ်းမယ်ဆိုတော့ မပြောကောင်း မဆိုကောင်း အကူအညီတွေ ဘာတွေ ချပေးရတဲ့အထိ ဖြစ်သွားနိုင်သည်။ ဘာပဲပြောပြော အိမ်က အမိုးလေး ပြင်မမိုးမိသေးတာပဲ ကျေးဇူးတင်ရ မလိုလိုဖြစ်သည်။ မုန်တိုင်းဖြတ်သွားပြီးရင်တော့ နိုင်ငံတော်က ချပေးတဲ့ အကူအညီတွေထဲက သူ့အိမ်အတွက် သွပ်မိုးလေး မိုးလို့ရတဲ့ အထိ ကျန်အောင် သူ့စိတ်ထဲ တွက်ချက်နေမိပါသည်။

..................................................................

မနက်ဖြန်....
မနက်ဖြန်... အိမ်တစ်အိမ်ကို ၀င်ခိုးဖို့ စိတ်ကူးထားသည်။
မနက်ဖြန်... တရားပွဲရှိသည်။
မနက်ဖြန်... အချုပ်ကလွတ်မည်။
မနက်ဖြန်... အထိတောင် ခံတော့မည်မထင်။ ကုမရတော့ပါ။
မနက်ဖြန်.... ဆွမ်းစားပင့်ထားတာ ကြွဖို့ ရှိသည်။
မနက်ဖြန်.... ကျူရှင်စတက်ရမည်။
မနက်ဖြန်.... သူ့ကိုဖွင့်ပြောမည်။
မနက်ဖြန်.... ခလေးမွေးမည်ထင်သည်။
မနက်ဖြန်....
မနက်ဖြန်....

..................................................................

မေလ (၂)ရက်၊ ၂၀၀၈ ခုနှစ်။

မိုးသည်းသည်းရွာသော ညဖြစ်သည်နှင့်အညီ ပတ်ဝန်းကျင်သည် စောစောစီးစီးပင် တိတ်ဆိတ် ငြိမ်သက်နေပါသည်။  လူသားများကော၊ တိရိ စ္ဆာန်များပါ မိမိနှင့် သက်ဆိုင်သော အမိုးအကာများအောက်မှာ အနားယူနေကြပြီ ဖြစ်သည်။
ထိုအချိန်တွင်....
လူသားတို့၏ အမျိုးမျိုး အဖုံဖုံသော မနက်ဖြန်များအား ဖျက်ဆီးခိုးယူချေမွပစ်မည့်...
နာဂစ်ဆိုသော အယုတ်တမာနတ်ဆိုး မုန်တိုင်းသည်...
ကမ်းခြေဆီသို့ အိနြေ္ဒအပြည့်ဖြင့် ချည်းကပ်လာနေတော့လေ၏။

..................................................................

ထိုမုန်တိုင်းသည် မြန်မာ့သမိုင်းတွင် အဆိုးဝါးဆုံးသော သဘာဝကပ်ဘေးကြီးအဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့ပါသည်။

သုတ

မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် မေ့ပျောက်မရသော ရင်နင့်စရာ အဖြစ်ဆိုးကြီးကို ဖြစ်စေခဲ့သည့် နာဂစ် (၅)နှစ်ပြည့် အမှတ်တရ။

Friday, April 5, 2013

ဘာသာ၊ သာသနာ၏ ဂုဏ်ကျက်သရေ....

ခုတလော ခေတ်စားနေသော၊ ဖတ်မလွဲသတင်း ဖြစ်နေသော ဘာသာရေးပဋိပက္ခများကြောင့် ဒီစာစုကို တွေးမိတွေးရာ ရေးပါသည်။

မိမိကိုးကွယ်သော ဘာသာ၊ သာသနာ ပြန့်ပွားစေချင်စိတ်၊ မပျောက်ပျက်ရလေအောင် ထိန်းသိမ်းလိုစိတ်သည် ဘာသာတစ်ခုခုကို သက်ဝင်ယုံကြည်သော လူတိုင်းတွင် ရှိကြသော ဆန္ဒဖြစ်သည်။ ဘာသာအပေါ် သက်ဝင်ယုံကြည်မှု မြင့်လေ ထိုစိတ်ပြင်းထန်လေ ဖြစ်မည်။ ရှိသင့်ရှိထိုက်သော ကောင်းမွန်သည့် စိတ်ထားဖြစ်သည်ကိုတော့ ငြင်းချက်ထုတ်ရန် မလိုပါ။  သို့သော် ထိုစိတ်ကို လွဲမှားစွာအသုံးချပြီး ဖြစ်ပွားခဲ့ရသော ဘာသာရေး စစ်ပွဲ များစွာတို့သည် သမိုင်းတလျောက် အရုပ်ဆိုး အကျည်းတန်စွာ မှတ်တမ်းဝင်ခဲ့ကြ၏။ မေတ္တာတရားကို ရှေးရှုကာ၊ လူသားတို့အား မှန်သောလမ်းကို ညွှန်ပြရန် ပေါ်ထွန်းလာခဲ့ကြသည့် ဘာသာရေးကို ကာကွယ်ဖို့၊ ပြန့်ပွားဖို့ ဆိုသော အကြောင်းပြချက်ဖြင့် လူတို့သည် အယူမတူသူခြင်း မုန်းတီးစွာ သတ်ဖြတ်တိုက်ခိုက်ကြသည်။ တွေးကြည့်လျှင် အတော့်ကို ကမောက်ကမနိုင်သော ကိစ္စဖြစ်သည်။

လက်လှမ်းမီသလောက် လေ့လာကြည့်သောအခါ ဘာသာတစ်ခုပြန့်ပွားအောင် အဓိက အချက်(၄)ချက် ပြုကြသည်။
  1. မိရိုးဖလာ လက်ဆင့်ကမ်းခြင်း (ယခုခေတ်တွင် အားအကောင်းဆုံးဖြစ်ပြီး ဘာသာတိုင်း၏ အဓိက အင်အားစုသည် ထိုမိရိုးဖလာ အစုဖြစ်သည်)
  2. ငယ်ရွယ်သူများအား ထောက်ပံ့လမ်းကျောင်းပြီး ဘာသာအတွင်း သိမ်းသွင်းယူခြင်း (မိဘမဲ့ဂေဟာများ၊ လူငယ်စောင့်ရှောက်ရေး ဂေဟာများ စသဖြင့်..)
  3. ဘာသာ၊ သာသနာ အခိုင်အမာ၊ အတည်တကျ မရှိသေးသော ဒေသများသို့ သွားရောက် သာသနာပြု သိမ်းသွင်းခြင်း နှင့်
  4. အခြားဘာသာဝင်များကို ဟောပြော သာသနာပြုခြင်း
(ဘာသာခြားအချင်းချင်း အိမ်ထောင်ပြုပြီး ဘာသာကူးပြောင်းခြင်းတွေ ရှိသော်လဲ တစ်ယောက်ခြင်းစီရဲ့ အခြေအနေ၊ ခံယူချက်တွေအပေါ်သာ မူတည်သည်ဟု ယူဆသောကြောင့် ထည့်သွင်းခြင်းမပြုပဲ ချန်လှပ်ခဲ့ပါသည်။)

(၁) နှင့် (၂) သည်လွယ်ကူစွာ စီးဆင်းနေသော ဘာသာရေး စီးကြောင်းဖြစ်ပြီး (၃) နှင့် (၄) ကတော့ ဘာသာဝင် (အထူးသဖြင့်) သံဃာတော်များ၊ ဘာသာရေးဆရာများက အထူးတလည် သာသနာပြု လုံလစိုက်ထုတ်ရသော လမ်းကြောင်းဖြစ်သည်။ ဟောပြောဆွေးနွေးခြင်းများ၊ အပြန်အလှန် အမေးအဖြေများနှင့် အတော့်ကို ခက်ခဲပင်ပန်းသော လမ်းကြောင်းဖြစ်သည်။ မိမိယုံကြည်ရာကို ဇွတ်မှိတ်ဖက်တွယ်လေ့ရှိကာ ပုံမှန်အားဖြင့် အပြောင်းအလဲကို ကြောက်သော လူ့အကျင့်စရိုက်ကလဲ ဘာသာတစ်ခုကို ပြောင်းလဲလက်ခံဖို့ သဘာဝအရကိုပင် အလွန်ခက်ခဲပါလိမ့်မည်။

ပြန့်ပွားခြင်းအပြင် ဘာသာကို ထိန်းသိမ်းဖို့အတွက်လဲ လူတို့သည် ကြိုးပမ်းကြ၏။ အာဏာသုံး အတင်းအကြပ် ကိုးကွယ်စေသောနည်းတွေ၊ တခြားဘာသာအယူဝါဒတွေကို အ၀င်မခံပဲ ကိုးကွယ်သူတွေကို ဘာသာတစ်ခုထဲရဲ့ အဆုံးအမကို မျက်စိပိတ်နားပိတ် သွပ်သွင်းယူသော နည်းတွေ၊ ဘာသာရေးကို အာဏာတရပ်လို အသုံချပြီး ဆုပေးဒဏ်ပေးနိုင်တဲ့ ဥပဒေသတွေ ထုတ်ပြန်ကာ ကြပ်မတ်အုပ်ချုပ်သော နည်းတွေလို စည်းကြပ်၊ ချုပ်ချယ်သော နည်းလမ်းများမှ စကာ ဘာသာရဲ့ပုံရိပ်ကို ကောင်းမွန်စွာတည်ဆောက်ပြီး လက်ရှိဘာသာဝင်များကို ပိုယုံကြည်အားထားစေ၊ ဘာသာခြားများလဲ အထင်ကြီး အမြင်လှစေဆိုတဲ့ လမ်းကြောင်းလို သိမ်မွေ့တဲ့ နည်းလမ်းများ အထိ နည်းလမ်းပေါင်းစုံကို ဘာသာတရား ထိန်းသိမ်းဖို့အတွက် အသုံးပြုခဲ့ကြသည်။

အသုံးပြုပုံပေါ်မူတည်ပြီး ရလဒ်တို့ ကွဲပြားကြပါသည်။ ကြမ်းတမ်းသော နည်းလမ်းများသည် ဘာသာကို ထိန်းသိမ်းရာတွင် လက်ငင်းအကျိုးရှိသော်လည် ပြန့်ပွားရန်အတွက် ကြီးစွာသော အဟန့်အတားများ ဖြစ်ခဲ့သည်။ ယေဘုံယျအားဖြင့် လွတ်လပ်မှုနှင့် စဉ်းစားတွေးခေါ်မှုကို မြတ်နိုးသော လူ့သဘာဝကလဲ အလွန်အမင်း ပိတ်ပင်တားဆီးသော၊ ပြစ်မှုပြစ်ဒဏ်တွေနှင့် အစွန်းရောက် ကွပ်ကဲအုပ်ချုပ်သော မိမိ မကိုးကွယ်သည့် ဘာသာတစ်ခုကို နားလည်ပေးဖို့ အင်မတန် ခက်ပါလိမ့်မည်။

ပမာပြရလျှင် တင်းကြပ်ကွပ်ကဲသော နည်းလမ်းများ၊ မတူသော အယူအဆများကို ခြေမှုန်းသော နည်းလမ်းများဖြင့် ဘာသာရေးအား မျိုးဆက်အဆင့်ဆင့် ထိန်းသိမ်းတည်ထောင်ခဲ့ကြသည့် အချို့သော အစွန်းရောက် မွတ်ဆလင်နိုင်ငံများကြောင့် ယနေ့ခေတ် မွတ်စလင်ဘာသာ၏ သာသနာပြန့်ပွားရေးမှာ နေရာတော်တော်များများတွင်  မိရိုးဖလာ လက်ဆင့်ကမ်းခြင်းအပေါ် လုံးဝမှီခိုသွားရလုနီးပါး ဖြစ်နေခြင်းပင်။ ဘာသာရေးကို အာဏာဖြင့် ထိန်းချုပ်သော အဆိုပါ အနဲစုသော နိုင်ငံတို့၏ အစွန်းရောက် လုပ်ရပ်တွေက ဘာသာခြားများ အမြင်တွင် မွတ်စလင် ဘာသာတစ်ခုလုံး၏ ပုံရိပ်ကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့သည်။ ကုရ်အံကျမ်းတော်တွင် မေတ္တာတရားနှင့် ဆိုင်သော အဆုံးအမများစွာ ပါရှိခြင်းကို၊ လူတွေကို အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ကြဖို့ ဆုံးမပဲ့ပြင်တဲ့ အချက်တွေ အများကြီးပါသော ကျမ်းဖြစ်ခြင်းကို သိသော ဘာသာခြားများ၊ သိချင်သော ဘာသာခြားများ၊ သိအောင် လက်ခံ နားထောင်လိုသော ဘာသာခြားများ နဲသထက် နဲလာခဲ့သည် မဟုတ်လား။

ဘာသာရေး စိတ်ဝင်စားပြီး စာဖတ်နာသော သူငယ်ချင်းသုံးလေးယောက်ကို ကုရ်အံကျမ်း လေ့လာဖူးသလား မေးကြည့်ဖူးသည်။  တော်တော်များများက လေ့လာဘူးသည်ဟု ဖြေသည်။ ဒါပေမဲ့ နောက်ဆက်တွဲဆင်ခြေက ဝေဖန်ချင်လို့ကို လေ့လာတာဟူ၍ ဖြစ်သည်။ ဆန်းကြယ်သော အဖြေမဟုတ်ပါ။ ဘာသာခြားများအတွက်တော့ ကိုယ်နှင့်မဆိုင်သော ဘာသာတရား တစ်ခုခုကို အတွင်းကျကျ အရင်လေ့လာမှု ပြုလုပ်ခြင်းထက် အဲဒီ ဘာသာဝင်တွေ၏ အနေအထားနှင့် လုပ်ရပ်တွေကို အခြေပြုပြီး ထိုဘာသာကို အကဲဖြတ်ကောက်ချက်ချတာမျိုးကို ဦးစွာ ပြုလုပ်မိကြဖို့ ရာနှုန်းများပါလိမ့်မည်။  ထိုသူငယ်ချင်းများသည် မွတ်စလင်ဘာသာ အကြောင်း အတွင်းကျကျ ဘာမှမလေ့လာခင်ခတဲက  အချို့သော နိုင်ငံတို့ရှိ အစွန်းရောက်လုပ်ရပ်များက သူတို့အမြင်ကို ဘောင်ခတ်ပြီး ဖြစ်နေခဲ့ပြီ။ ထိုစိတ်၏ လွှမ်းမိုးမှုကြောင့်လဲ ဘာသာရေးကျမ်းကို ဘာသာရေးကျမ်းအဖြစ် ဖတ်ရှုဖို့ထက် ဘယ်နေရာအားနဲသလဲဆိုသော အပြစ်ရှာစိတ်ဖြင့် ဖတ်ရှုဖို့ကိုသာ အားသန်ခဲ့တာ ဖြစ်ပါလိမ့်မည်။

ခရစ်ယာန်သာသနာတွင်လဲ ရှေးကာလများက အလားတူ အပြစ်ပေးမှုတွေ၊ အယူအဆ မတူညီမှုကို အပြီးတိုင် ချေမှုန်းဖျက်ဆီးမှုတွေနဲ့ ပြုလုပ်ခဲ့ကြောင်း ဖတ်မှတ်ဖူးသည်။ လေ့လာမိသလောက် ခရူးဆိတ် ဘာသာရေး စစ်ပွဲရှည်ကြီးကာလ နောက်ပိုင်းမှာတော့ ခရစ်ယာန်တို့ သာသနာပြုပုံ လမ်းကြောင်းပြောင်းခဲ့သည်။ သမ္မာကျမ်းတော်တွင် အနဲအကျဉ်းတွေ့နိုင်သည့် ဘုရားသခင်၏ ဒေါမာန်များ၊ အပြစ်ပေးမှုများသည်ပင် တရားဟောဆရာတို့၏ သိမ်မွေ့မှုနှင့် အဓိကထား ထုံမွှန်းသော မေတ္တာတရားတို့ အောက်တွင် မှေးမှိန်ကုန်ကြ၏။

ကျွန်တော်တို့သည် အခြေခံ သဘောတရားတူသော ဘာသာကြီးနှစ်ခု၏ (ကွဲချင်လဲ ကွဲပြားနိုင်ပါသည်။ ကျွန်တော် ထိုဘာသာများကို အပေါ်ယံသာ လေ့လာဖူးသောကြောင့် မှားယွင်းနိုင်သည်) သာသနာ ပြန့်ပွားရေးနှင့် ထိန်းသိမ်းသော လမ်းကြောင်းပေါ်တွင်မူတည်ကာ ပုံရိပ်ကွာခြားသွားပုံကို လေ့လာနိုင်သည် မဟုတ်လော။ ရလဒ်ကလဲ မြန်မာနိုင်ငံတစ်ခုထဲနှင့် ယှဉ်ပြောရရင်တောင် ခရစ်ယာန်ရဲ့ စိမ့်ဝင်မှုသည် အများကြီး အားကောင်းပါလျှက် အဓိကအင်အားစု ဗုဒ္ဓဘာသာဝင်တို့အဖို့ မွတ်စလင်ဘာသာထက် နားလည် လက်ခံနိုင်နေခြင်းက အထင်အရှားဖြစ်သည်။

ဗုဒ္ဓဘာသာအကြောင်းလဲ ပြောချင်ပါသည်။ ဘာသာမျိုးစုံထဲမှ ထင်ရှားသော ဘာသာကြီးလေးခုတွင် (ရှေးကျလွန်းသောကြောင့် သမိုင်းစရှာရခက်သည့် ဟိန္ဒူဘာသာကို ခြွင်းချက်ထားပါက) ဗုဒ္ဓဘာသာသည် မေတ္တာကို ဦးစားအပေးဆုံး ဘာသာဖြစ်သည်ဟု (ကျွန်တော်တစ်ဦးထဲ အမြင်အရ) ကောက်ချက်ချ၏။ ကိုးကွယ်ရာ မြတ်ဘုရားသည်လဲ မှတ်တမ်းတလျောက် ဘယ်သူ့ကိုမှ ဒေါသမထွက်ခဲ့သော၊ ဘယ်သတ္တ၀ါများရဲ့ အသက်ကိုမှ မသတ်ဖြတ်ခဲ့သော တစ်ဆူထဲ ဘုရားဖြစ်သည်။ မြတ်ဘုရားသည် ခရီးလှည့်လည်ကာ အမြင်မတူသူများကို ဟောပြောမေးမြန်းဖြေကြားမှုဖြင့် သာသနာပြုခြင်းကို အားပေးကြောင်းကလဲ မဟာဝဂ်ပါဠိတော်လာ “ရဟန်းတို့.......ဒေသစာရီ လှည့်လည်ကုန်ကြလော့....” ဆိုသော ဟောပြောချက်၊ နာမည်ကြီး ကာလာမသုတ်တွင် ဟောသော “.... ကိုယ်တိုင်ကျင့်ကြံပြီး အကျိုးများမှ ယုံကြည်ပါ..” ဆိုသည့် တရားတော်များက အထင်အရှား သက်သေပြ၏။ ဒီတော့ ဗုဒ္ဓဘာသာသည် လွန်စွာ ဆွေးနွေးဖို့ကောင်းသော၊ ချပြ၍ကောင်းသော ဘာသာဖြစ်သည်ဟု ကျွန်တော်ယုံကြည် ယူဆသည်။ (အခြားဘာသာများလဲ အလားတူ ဖြစ်နိုင်ပါသည်။ လေ့လာမှုအားနဲသောကြောင့် အခြားဘာသာများ၏ ကောင်းမှုဆိုးမှုတို့ကို သေချာမသိရှိသည့်အတွက် အထူးတလည် ရေးသားနိုင်စွမ်း မရှိပါ။)

ဘာသာခြားများ၏ အမြင်တွင် အဓိကအနှောင့်အယှက် ဖြစ်နေသော ဗုဒ္ဓဘာသာသည် ကိုယ်ထုထားသည့် ဆင်းတု (အရုပ်ဟု သူတို့ကသတ်မှတ်သည်)ကို ပြန်ကိုးကွယ်နေသော ဘာသာဖြစ်သည်၊ လူလူခြင်း ရှိခိုးနေသော ဘာသာဖြစ်သည် ဆိုသော အမြင်များသည် ထိုဆင်းတု၊ သံဃာတို့၏ ဂုဏ်တော်များကို ရည်စူးရှိခိုးခြင်း ဖြစ်ကြောင်းကို သေချာ နားလည်လာပါက ပျောက်ပျက်သွားမည်သာ ဖြစ်သည်။ ဒီတော့ ဘာကြောင့် လူလူခြင်း ရှိခိုးဦးချနေပါသလဲ။ ထိုကိုးကွယ် ဦးချမှုကို ခံယူထိုက်သူတို့၏ ဂုဏ်တော်သည် မိမိတို့ထက် ကြီးမြတ်မြင့်မားသောကြောင့် ထိုဂုဏ်တော်များကို ဦးခိုက်အရိုအသေ ပေးခြင်းဖြစ်သည်ဟု ရိုးသားစွာ ပြန်ဖြေရုံပင်။

ယခု လတ်တလော  အဖြစ်များတွင် စိတ်ဓါတ်ပြင်းထန်သော ဗုဒ္ဓဘာသာဝင်အချို့သည် အစွန်းရောက်သော လမ်းကြောင်းများကို ပုံတူကူး လှုပ်ရှားလာသည်ကို တွေ့မြင်ရသည်။ စိတ်ထိခိုက်စရာမှာ ကိုးကွယ်ရာ သံဃာအနဲစုကလဲ ပူးပေါင်း ပါဝင်လှုပ်ရှားနေခြင်းဖြစ်သည်။ ကျွန်တော်စဉ်းစားကြည့်မိသည်။ ဒုတ်၊ ဓါးကိုင်ထားသော ဒေါသာမာန်ပြည့်နေသည့် သံဃာတစ်ပါးကို သူ့ဂုဏ်တော်တွေကို ရိုသေသောကြောင့် ဦးချပါသည်ဟု ဆိုလျှင် ဘယ်ဘာသာခြားက လက်ခံ နားလည်နိုင်ပါ့မလဲ။ ဘာသာခြားကို ထားပါဦး၊ အကြမ်းဖက်မှုကို လက်မခံတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုလဲ ထားပါဦး၊ အတူပူးပေါင်း လှုပ်ရှားနေကြတဲ့ ဘာသာဝင်တွေ ကိုယ်တိုင်ပင် ဒီ ဒုတ်ဓါးကိုင်ထားတဲ့ သံဃာဟာ ကိုးကွယ်ဆည်းကပ်ရာ၊ အားထားမှီခိုရာ ရတနာတပါးဖြစ်သည် ဆိုသော ကြည်ငြိုစိတ်သည် ငါတို့တွင် မယိမ်းမစောင်း ရှိသေးသည်ဟု ယုံကြည်မှု အပြည့် ဆိုနိုင်ပါ့မလား။ လေးစားပါသည် ဆိုလျှင်ပင် စစ်သားတစ်ယောက်က ရဲရဲဝံ့ဝံ့တိုက်နေသော ခေါင်းဆောင် တပ်ဗိုလ်ကို လေးစားပုံမျိုးပဲ ဖြစ်လိမ့်မည်... ထိုစိတ်သည် သံဃာအပေါ် ကိုးကွယ်သူက ရှိရသော ဆည်းကပ်အားထား မှီခိုရာဆိုသည့် စိတ်နှင့်တော့ အများကြီး ပူလောင် ကွာခြားပါသည်။

ထိတ်လန့်စရာ ကောင်းသော နောက်တစ်ခုမှာ “ဘုရားဟောသလိုသာ မေတ္တာထားနေရင် ခုခေတ်မှာ အလုပ်မဖြစ်ဘူး...”ဆိုသော အပြောမျိုးဖြစ်သည်။ ကိုးကွယ်ရာ ဘာသာ၊ ကိုးကွယ်ရာ ဘုရားရဲ့ ဟောပြောချက်ကို ဘာသာဝင်ဖြစ်တဲ့ မိမိကိုယ်တိုင်တောင် မယုံမကြည်သူတွေက ဘာသာခြားတွေ ယုံကြည်အောင် ဘယ်လိုများ သိမ်းသွင်းမှာတဲ့လဲ။ ကိုယ့်မျိုးဆက်တွေကို ဘာသာတရား ကိုင်းရှိုင်းသူတွေ ဖြစ်အောင် ဘယ်လိုဆုံးမ သွန်သင်ကြမှာတဲ့လဲ။ ထိုအပြောမျိုးတွေကို ဘာသာဖျက်အပြောတွေဟု ကျွန်တော်ကတော့ ကောက်ချက်ချသည်။

ဒီတော့ ဘာသာခြားတွေရဲ့ သာသနာ့အဆောက်အဦးတွေ မလိုဘူး၊ ၉ ၆၉  လုပ်ကြ၊ ဘာသာခြားနဲ့ စီးပွားလုပ်ရင် အပြစ်ပေးမယ်ဆိုသော အစွန်းရောက် နိုင်ငံတချို့၏ ဘာသာရေး ထိန်းသိမ်းမှုပုံစံကို အတုယူအားကျ လှုပ်ရှားလာသူတွေကို စဉ်းစားစေချင်ပါသည်။ ဘာသာ၏ အဆုံးအမနှင့်လဲ လုံးလုံး ဆန့်ကျင်သော အဆိုပါ နည်းလမ်းတွေကို လိုက်နာ လက်ခံတာ၊ မျိုးဆက်သစ်ကိုလဲ လက်ကမ်းရိုက်သွင်းဖို့ ကြိုးစားနေကြတာ မှန်ပါရဲ့လား။ ဘာသာရဲ့ ပုံရိပ်ထိခိုက်တာကြောင့် လူမျိုးအတင်းပွားအောင် လုပ်ယူမှ၊ ငွေကြေးတွေပေး အတင်းသိမ်းသွင်းယူမှ ဘာသာဝင် အသစ်ရယုံကလွဲလို့ တခြားသာသနာပြုဖို့ မလွယ်တဲ့ အဖြစ်ကို အဲဒီအစွန်းရောက် နိုင်ငံတွေ ကြုံနေရတာကလဲ ယူသင့်သော နမူနာကောင်း ဖြစ်သည်။ တကမ္ဘာလုံး ခြုံကြည့်လျှင် လူနဲစုဖြစ်သော ဗုဒ္ဓဘာသာအတွက် အကယ်၍များ သာသနာပြန့်ပွားမှုသည် လူဦးရေတိုးပွားကာ မိရိုးဖလာ စီးဆင်းမှုကိုပဲ လုံးလုံး အားထားရသော အဆင့်ကို ရောက်သွားပါက အားပြိုင်နိုင်လိမ့်မည် မဟုတ်တော့ပါ။

အဆုံးသတ်ရလျှင် ဘာသာ၊ သာသနာကို ကာကွယ်ရန်အတွက် အတင်းအကြပ် ပြုလုပ်ခြင်း၊ ပြစ်မှုကျူးလွန်ခြင်းတို့က မှန်ကန်ပါသည်ဆိုသော အယူအဆကို ကျွန်တော်တို့သည် ကိုယ်တိုင်လဲ လက်မခံသင့်သလို၊ လူငယ်မျိုးဆက်သစ်ကိုလဲ ဘာအကြောင်းပြချက်နဲ့မှ လက်ဆင့်မကမ်းသင့်ဘူးလို့ ယူဆသည်။ မျိုးဆက်သစ်ကို အမုန်းတရား အမွေပေးခြင်းသည် အလွန်အမင်း မိုက်မဲရာကျပါသည်။ ဘာသာဝင်တို့သည် မိမိကိုးကွယ်သောဘာသာ၏ ကောင်းမွန်သောအဆုံးမနဲ့ အညီ နေထိုင်ပြီး ဘာသာ၊ သာသနာရဲ့ ဂုဏ်အင်ကို မြှင့်တင်ခြင်းကလဲ သာသနာပြုခြင်း တစ်မျိုးဟု ခံယူမိပါသည်။

သုတ (မြန်မာ)

Wednesday, October 3, 2012

ရန်ကုန် ဘတ်စ်

ကျွန်တော်တို့ရဲ့ ရန်ကုန် ရွှေမြို့တော်ဟောင်းကြီးမှာ ဘတ်စ်ကားနဲ့ ပက်သက်ပြီး ဇါတ်လမ်းတွေ တပုံတပင်ကြီးရှိသည်။ ပ၀ါတကမ်း လက်တလှမ်းဆိုသော စကားပုံတစ်ခုသည် ဘတ်စ်ကားပေါ်မှာတော့ ပုံပြင်တပုဒ်လောက်တောင် အဓိပ္ဗါယ် သိပ်မရှိလှ။ တိုးကြပ်နေသော လူအုပ်ကြီးထဲမှာ သိသိ၊ မသိသိ လူတွေက သမီးရီးစားတွေအလား ပူးကပ်နေကြရလေ့ ရှိသည်။ ဒီတော့လဲ အခွင့်အရေး ယူလိုသူတွေက ရလာတဲ့ အဲဒီ အခွင့်အရေးတွေ ယူကြ၊ လက်သရမ်းကြနှင့် ဘတ်စ်ကားဇါတ်လမ်း အတော်များများတွင် ယောက်ျားတွေက ဗီလိန်ဖြစ်ကြတာများသည်။ အမျိုးသမီးတွေခမျာလဲ ဒီလိုလူတွေကို တတ်နိုင်သမျှ ရှောင်ရှားကြ၊ သည်းခံကြ၊ ကာကွယ်ကြရ ရှာသည် မဟုတ်လား။ ဒါကြောင့်လဲ တချို့နိုင်ငံတွေမှာလိုပင် အမျိုးသမီး သီးသန့်ကားတွေ ဘာတွေပင် တကူးတက စီစဉ်ပေးလာရ၏။

ထားတော့။ အမျိုးသမီးဘတ်စ် သမိုင်းကြောင်းရေးနေတာမဟုတ်ပါ..

Photo by http://www.clickrally.com
ဘတ်စ်ကားစီးတယ်ဆိုတာ တကယ်တမ်းတော့ အမျိုးသမီးတွေ တင်မက.. အမျိုးသားတွေလဲ အရှက်ကို ဖက်နဲ့ထုပ်ပြီး သွားရ လာရတာမျိုးဖြစ်တယ်ဆိုတာကို ရေးပြချင်တာ ဖြစ်သည်။ အခန့်မသင့်လျှင် အချိန်မရွေး အရှက်တကွဲ အကျိုးနဲ ဖြစ်သွားနိုင်သည်။ လူတကာ တံတွေးခွက် ပက်လက်ကော မှောက်ခုံပါ မျောသွားနိုင်သည်။ ကျွန်တော့်အတွက်တော့ အဲလိုအဖြစ်က သီသီလေး လွတ်ခဲ့ရတဲ့ အဖြစ်တစ်ခုက ခုချိန်ထိ ပြန်တွေ့ကြည့်တိုင်း ရင်ခုန်ရတုန်း ဖြစ်သည်။

ကျွန်တော်က သွားလေရာ အိတ်အမြဲလွယ်တတ်သည်။  တစ်ခုခုကို လက်မှာ အရေးတယူ ကိုင်ထားရမှာလောက် ပျင်းတာမရှိတော့ သယ်စရာအကုန် ပစ်ထည့်ကာ ပခုံးမှာ သိုင်းထားလိုက်ရုံနှင့် အလုပ်ဖြစ်တဲ့ အိတ်က ကျွန်တော့်အတွက်တော့ မပါမဖြစ်။ လွယ်လွန်းအားကြီးတော့ အိတ်မရှိရင် လူက လမ်းတောင် သိပ်မလျှောက်တတ်တော့ သလိုလို။ အိတ်ထဲမှာ ပုံမှန်ပါတာကတော့ စာအုပ်တစ်အုပ်အုပ်၊ ပေတံ၊ ဘောပင်၊ တခြားတိုလီမုတ်စတွေနှင့် မိုးတွင်းဆိုရင်တော့ ခေါက်ထီးတစ်ချောင်း ဖြစ်သည်။ အိတ်ထဲ ထည့်လို့ အဆင်ပြေအောင် ရွေးဝယ်ထားသော ခပ်သေးသေးကျစ်ကျစ် ခေါက်ထီးလေးသည် အဲဒီနေ့က ကျွန်တော့် အတွက် ရန်သူဖြစ်ခဲ့ပြီး အိတ်ကြီးကတော့ ကယ်တင်ရှင် ဖြစ်ခဲ့ပါသည်။

ကျွန်တော် စစီးသော မှတ်တိုင်က ဂိတ်ဆုံးဖြစ်ပေမဲ့ ထုံးစံအတိုင်း ပတ်စီးလာသမားတွေကြောင့် အလယ်တန်း မတ်တပ်တစ်နေရာ ရတာကိုပင် ကံထူးရှင်တစ်ယောက်လို အားရ၀မ်းသာ ကားပေါ်တက်ရပါသည်။ နှစ်မှတ်တိုင် သုံးမှတ်တိုင်လောက် ဆိုတာနှင့်ပင် နောက်က ထပ်ထပ်တက်လာသော ခရီးသည်တွေနဲ့ရော... စပါယ်ရာနဲ့ ဒရိုင်ဘာတို့ အတိုက်အဖောက်ညီညီ “ဆရာရေ ငါးမူးဖိုးလောက်... တမတ်ဖိုးလောက်”ဆိုပြီး သိပ်ထည့်တာရောနဲ့ ကားထဲမှာ လူတွေက ငါးချဉ်သိပ်သလို ကြပ်ညပ်နေပြီ။  လူတွေက အတက်အဆင်းတွေမှာ အတင်းတိုးကြပြုကြ ဆိုတော့ အလည်တန်းတောင် နှစ်တန်းဖြစ်နေသည်။ ခရီးသည်တွေလဲ တအင်းအင်း တအဲအဲတွေရော၊ အီးအားတွေရော အသံစုံထွက် မသက်မသာကြပါ။

နောက်က ဖိတိုးနေသည့် အားကို တောင့်ခံနေတုန်း ရှေ့ကနေပီး ကျွန်တော့အရှိုက်ကို တံတောင်တစ်ခုဝင်လာသည်။
ကျွန်တော် အင့်ခနဲတောင် ဖြစ်သွား၏။
“တောက်.. ရုပ်လေးက သနားကမားနဲ့ အကျင့်ကတန်သေးတယ်... လူယုတ်မာ..”
 ရှေ့ကနေ ခေါင်းတခြမ်းစောင်းလာပီး မကျေမချမ်းနှင့် သူမပြောသည်။ အသံက ကျယ်ကျယ်လောင်လောင်ကြီး မဟုတ်ပေမဲ့ ခပ်တိုးတိုးလဲ မဟုတ်ပါ။ အနားကလူတွေရဲ့ အာရုံက ကျွန်တော်တို့ အပေါ်ရောက်သည်။ အထူးသဖြင့် ကျွန်တော့်အပေါ်။ သူတို့ မျက်လုံးတွေမှာရှိတဲ့ ကြောက်စရာ ကောင်းတဲ့ အရိပ်ယောင်တွေက ခုချိန်ထိ မှတ်မှတ်ရရ ရှိတုန်း။

ကျွန်တော်ပြာသွားသည်။ အရှိုက်ကို တံတောင်နဲ့ ထိုးလို့မဟုတ်ပါ။ နဂိုထဲက ပြန်နေတဲ့ ချွေးက ဇောချွေးနဲ့ ပေါင်းသည်။ မျက်နှာကို လက်မောင်းစနှင့် ခပ်ကြမ်းကြမ်း ပွတ်သုပ်လိုက်သည်။ ဘုရားရေ.. ဒီချွေးတွေနဲ့ ငါ့မျက်နှာက အဆီပြန်သလိုကြီး ဖြစ်နေရင်တော့ သေပီ....

”ဟ.. ကျွန်တော်ဘာလုပ်လို့လဲဗျ...” ကျွန်တော်ပြာပြာသလဲ မေးခွန်းထုတ်သည်။
”ကိုယ့်ဘာသာ မသိဘူးလား..” သူမကလဲ ချက်ခြင်းကို တုန့်ပြန်၏။

ငါဘာများ လုပ်မိလို့ပါလိမ့်။ တချိန်လုံး မဟုတ်ပေမဲ့ နောက်က လူဖြတ်တိုးသည့် အချိန်တိုင်းတော့ ကျွန်တော့်ရင်ပတ်က သူမကျောကို ထိမိမှာ သေချာပါသည်။ ဒါလောက်ကတော့ ပြဿနာ မဟုတ်နိုင်။ တစ်ဖက်ကတန်းကို၊ တဖက်က အမိုးကို လက်အံသေမတတ် စွဲကိုင်ထားရတဲ့ ကျွန်တော့်လက်တွေကလဲ အပြစ်ကင်းကြပါသည်။ ပြီးတော့ သူမနဲ့ကျွန်တော့ကြားမှာ အိတ်ကြီးကလဲ ခြားနေသေးတာပဲ။ အိတ်ကို စဉ်းစားမိတော့ ကျွန်တော့် ပေါင်ကို ထောက်နေသော ထီးကို သတိရသွားသည်။

ကျွန်တော် ပူထူစဉ်းစားနေတုန်း ဘေးကလူတွေ အသံပွစိပွစိတွေ ထွက်လာနေကြပြီ။
နေရာချင်းလဲလိုက်ညီမတို့... ဒီလိုကောင်တွေတို့.. ဘာညာကွိကွတွေ..

“ဟာ.. ကျွန်တော်ဘာမှ မလုပ်ပါဘူးဗျာ.. ဒီမှာ အိတ်ကြီး တစ်ခုလုံး ခြားနေတာပဲ... အဲဒါက ထီးပါ... ထီး.. ထီး..”
ကျွန်တော် အသံကို ခပ်ကျယ်ကျယ်နဲ့ ပီသနေအောင် ပါးစပ်ကို သေချာဟ သွားကိုစိပြီး ပြောသည်။
ကျွတ်.. ဘာသာစကားထွင်သမားတွေကလဲ ဘာလို့များ ထီးလို့နာမည်ပေးလဲ မသိပါဘူး... ဘတ်စ်ကားတွေ ပေါ်ပြီးခုလို လူတွေကျပ်မှာ မသိခဲ့ကြဘူးထင်တယ်...

“အို.. ထီးဖြစ်ဖြစ် ဘာဖြစ်ဖြစ် အဲဒါဖယ်လိုက်..”

သူမပြောတဲ့ အတိုင်း ကျွန်တော်ထီးကို အမြန်ထုတ်ကိုင်လိုက်သည်။ တင်းမာသွားသည့် ဘေး ပတ်ဝန်းကျင်က ခုမှ ရီရီမောမော ဖြစ်လာကြ၏။ ဒါပေမဲ့ သူမရော ကျွန်တော်ပါ အိုးတိုးအမ်းတမ်း။ နေရာရွှေ့ရအောင်ကလဲ ကြပ်ညပ်နေသည့် အနေအထားကမလွယ်လှ။ ခုနေဆင်းရင်လဲ အထင်အမြင်မှားတဲ့ ကိစ္စဆိုတာ လူတွေသိသွားတာ မှန်ပေမဲ့ တချို့တလေက မိတော့မှ ဒီကောင်ဆင်းပြေးပီလို့ ထင်လေမလားဆိုတာ ကျွန်တော့်ဘာသာ တွေးပီး စိုးရိမ်နေပြန်သည်။ ဒါပေမဲ့ ဆက်လိုက်ရမှာလဲ ဘယ်လိုမှ မလိုက်ချင်တော့။ အဲဒီတော့ အရင်ဆုံး ကားနောက်ပိုင်းကိုထွက်သည်။ တစ်မှတ်တိုင်လောက် ဆက်စီးပြီးတာနဲ့ ကျွန်တော် ကားပေါ်ကဆင်းသည်။

စဉ်းစားကြည့်ပါဦး။ ကံကြီးပေလို့သာ သိက္ခာကျ အရှက်ကွဲမဲ့ အဖြစ်က လွတ်ခဲ့ရတာ မဟုတ်ဘူးလား။ ပြီးတော့ တကယ်ဖြစ်လေ့ရှိတဲ့ ဒီလို ပြစ်မှုတွေဆိုတာက ယောက်ျားတွေဟာ ကျူးလွန်သူဖြစ်တာကြောင့် ပတ်ဝန်းကျင်ရဲ့ အဲလိုလူတွေအပေါ် မြင်တဲ့ ပုံရိပ်က တော်တော်ဆိုးဆိုးဝါးဝါး နိမ့်နိမ့်ကျကျ.. အရှက်ကွဲကြေးဆိုရင်တောင် အမျိုးသမီးတွေက သနားဂရုဏာသက်စရာကောင်းတဲ့ အရှက်မျိုးဖြစ်ပြီး အမျိုးသားတွေကတော့ အောက်တန်းကျကျ အရှက်ကွဲတာမျိုး ဖြစ်သည်။

ဒါကြောင့်လဲ ရန်ကုန်မှာ ဘတ်စ်ကားတွေ များပြီး အရင်ကလို မကျပ်တော့ဘူးတို့.. အမျိုးသမီး သီးသန့်ကားတွေ ပေါ်လာပြီတို့ စတဲ့သတင်းတွေကို သတင်းကောင်းတွေလို့ ကျွန်တော်ကတော့ ယူဆသည်။  ခရီးသည်တွေလဲ ချောင်ချောင်ချိချိ စီးရသည်။ မသမာတဲ့ လူတွေလဲ အခွင့်အရေးယူပြီး နှမချင်းမစာမနာ ပြုမူဖို့ အခွင့်အရေး နဲသွားသည်။  မတော်တဆ အထင်လွဲမှားမှုတွေကနေ အမျိုးသားတွေ အရှက်တကွဲ ဖြစ်နိုင်တဲ့ ကိစ္စတွေကိုလဲ ကာကွယ်ရာ ရောက်သည်။

ဒီတော့လဲ ဘာပဲပြောပြော သက်တောင့်သက်သာရှိပြီး အဆင်ပြေပြေ စီးနိုင်တဲ့ ဘတ်စ်ကားတွေ အနေအထားကိုရောက်ဖို့ အပြောင်းအလဲရဲ့ ကြားကာလလောက်မှာပဲ ဖြစ်ဖြစ်ပေါ့၊ အမျိုးသမီး သီးသန့်ဘတ်စ်တွေကို ကျွန်တော်ကတော့ ကြိုဆိုပါတယ်....

သုတ (မြန်မာ)
၃-၁၀-၂၀၁၂

Friday, August 24, 2012

ကျွန်တော်တို့ကိုလဲ ပေါင်းကြည့်ပါ....

အိတ်ကို ဘုန်းခနဲ ပစ်ချ... အ၀တ်အစားလဲပြီးတာနဲ့ မီးဖိုချောင်ထဲ ကျွန်တော်ဝင်ခဲ့သည်။
အင်း.. ဘာချက်ရရင် ကောင်းမလဲ...
ထမင်းအိုးထဲ ဆန်ထည့်နေရင်း ချက်ဖို့ဟင်းလျာအတွက် အစီအမံချရသည်။
တနင်္ဂနွေထဲက တစ်ပတ်စာ ချက်ထားတဲ့ ကြက်သားဟင်းကတော့ နွှေးရုံ အသင့်မို့ ဖွယ်ဖွယ်ရာရာလေး ဖြစ်သွားအောင် အရွက်တစ်ခုခုတော့ ကြော်လိုက်မည်...

ဟ... ဆန်ကုန်တော့မှာပဲ...
စိတ်က လကုန်ဖို့ လက်ကျန်ရက်နဲ့ အသုံးစရိတ်ကျန်ငွေကို တွက်သည်။
ဒီအပတ်စနေတနင်္ဂနွေတော့ အပြင်လျောက်သွားဖို့ သိပ်မလွယ်တော့... တစ်ရက်လောက်ပဲ ထွက်နိုင်တော့မည်ထင်သည်။ တွေးစရာ တွက်စရာတွေ တွက်နေတုန်း လက်ကလဲ အသားကျစွာ ကြက်သွန်နွှာ.. အရွက်ချွေ တောက်လျောက်လုပ်သွားသည်။ အရွက်ကြော်နံ့သည် သင်းပျံ့စွာထွက်လာ၏။ အနံ့နဲ့ အညီ အရသာလဲ ကောင်းမယ်ဆိုတာ မြည်းစမ်းစရာ မလိုအောင် အသားကျ ကျွမ်းကျင်ပြီးသားပါ။

ချက်ပြုတ်ကြော်လှော်ပြီးသွားတော့ ညစ်ပွမကျန်ခဲ့အောင် တိုက်ချွတ်ဆေးကြောရသေးသည်။ အားလုံးပြီးတော့ အခန်းထဲပြန်ဝင်.. ရေမချိုးခင်လေး မနက်ဝတ်ဖို့ မီးပူတိုက်လိုက်သည်။ မနက်ဆို ရေချိုး၊ အ၀တ်လဲ လုပ်ရုံလေး အတွက်တောင် အချိန်က သိပ်မလောက်ချင်တော့ ညထဲက ပြီးအောင် လုပ်ထားရသည်။ မီးပူတိုက်ရတာက အပျင်းဆုံး အလုပ်ဆိုတော့ ပိတ်ရက်တွေမှာ အများကြီး တခါထဲ တိုက်ထားလိုက်ဖို့ လုံးဝ စိတ်မပါတာကြောင့် ခုလို တစ်နေ့ချင်းပဲ ချွေတိုက်ရသည်။

ရေချိုး ထမင်းစား အားလုံးပြီးသွားလို့ ကွန်ပျူတာရှေ့ အေးအေးလူလူထိုင်ချိန်က ကိုးနာရီထက် ဘယ်တော့မှမစောတတ်ပါ...

............................................................

တကယ်တော့ ခုလို တောက်လျောက် အစီအစဉ်တကျ လုပ်နိုင်ဖို့.. ဘဏ္ဍာရေးကအစ သေချာခန့်ခွဲဖို့အတွက် အများကြီး ဒုက္ခခံခဲ့ရပါသည်။ ရောက်ခါစက အပြင်မှာကြီးပဲ တောက်လျောက်စားဖို့ ငွေအားလဲ မနိုင်... ငွေအားနိုင်ရင်တောင် အရသာတွေက လျှာမတွေ့... ကိုယ့်ဘာသာ ချက်ပြန်တော့လဲ.. ငန်တာတွေ.. တူးသွားတာတွေ.. မကျက်သေးတာတွေ... ပေါ့ရွှတ်နေတာတွေနဲ့ သွန်ပစ်ပြီး ခေါက်ဆွဲပြုတ်သောက်လိုက်ရတဲ့ အကြိမ်ပေါင်းက မနဲမနော..

အိမ်မှာ အုပ်ဆောင်းဖွင့်ပီး အမေကလဲ ဒါပဲလားလို့ လုပ်ခဲ့သူက တခါတလေ ဖွင့်စရာအုပ်ဆောင်းတောင် မရှိပဲ ဗိုက်ဟောင်းလောင်းနဲ့ ချက်.. ချက်ပြီးသွားတော့လဲ စားမရအောင် အရသာဆိုးနေတတ်လို့ ဒေါသအလိပ်လိုက် ထွက်ပီး အိုးတွေ ပန်းကန်တွေ ပစ်ပေါက်လုမတတ် ဖြစ်ခဲ့ရတာကလဲ ခဏခဏ... ချက်ပြုတ်ပီး မသန့်ရှင်းမိပဲ မေ့ထားခဲ့လို့ အိမ်ရှင်တွေ ပွစိပွစိ လုပ်ခံရတာလဲ အကြိမ်ကြိမ်...

ဘဏ္ဍာရေးမှာလဲ အ၀င်နဲ့ အထွက်ကို မစိစစ်တတ်ပဲ ပိုသုံးမိတာတွေ.. စိတ်အလိုလိုက် ဟိုဆိုင်လေးထိုင်သောက် ဒီဆိုင်လေး ထိုင်သောက် လုပ်မိတာတွေကြောင့် လကုန်ခါနီး ပြူးပြဲ ချေးငှားရတာတွေကလဲ မကြာခဏ..

အလုပ်ခွင်ကိစ္စတွေကအစ အိမ်မှုကိစ္စအလည် ငွေရေးကြေးရေးအဆုံး အားလုံး ကိုယ့်ဘာသာ စီမံခံခွဲရချိန် အစပိုင်းသည် ဒေါင်ချာစိုင်းလောက်အောင် အသားမကျ လုံးပန်းပန်းခဲ့ရပါသည်။

ခုတော့လဲ အားလုံးအား အစီအစဉ်ကျကျ သေသေသပ်သပ်နှင့်...

...................................

Photo from Dreamstime.com
ကျွန်တော်စဉ်းစားမိပါသည်။

တခြားနိုင်ငံတွေမှာ ဘယ်လိုရှိမလဲတော့ မသိပါ.. စင်ကာပူမှာ နှစ်နှစ်လောက် အလုပ်လုပ်ပီးသော ယောက်ျားတစ်ယောက်ကတော့..
  • အချက်အပြုတ် ကျွမ်းကျင်ပါသည်
  • မီးဖိုချောင်၊ အိပ်ခန်း၊ ရေချိုးခန်းအိမ်သာပါမကျန် သန့်ရှင်းတောက်ပြောင်နေအောင် အိမ်မှုကိစ္စနိုင်နင်းသူလဲ ဖြစ်သည်
  • သင့်တင့်သော ၀င်ငွေလဲ ရှာနိုင်၏
  • အသုံးနှင့် အဖြုန်းကို စိစစ်ပြီး၊ အ၀င်အထွက် မျှမျှတတ စီမံခန့်ခွဲနိုင်တဲ့သူလဲ ဖြစ်သည်။
  • အခန်းဖော်တွေ၊ အိမ်ရှင်တွေနှင့် အမြဲဆက်ဆံပေါင်းသင်းရသောကြောင့် သူတပါးနှင့် အပေးအယူ အလျော့အတင်း မျှမျှ လိုက်လျောညီထွေ ဆက်ဆံနိုင်သူလဲ ဖြစ်သည်။
  • အလုပ်ရှင် အလုပ်သမားတွေနဲ့ ဆက်ဆံရတာတွေကြောင့်လဲ သည်းခံနိုင်စွမ်း မြင့်၏.
  • ဘီယာသောက်သူ တစ်ယောက် ဖြစ်ဖို့ရာနှုန်း များသော်လည်း ဈေးကြီးသောကြောင့် အမြဲမသောက်နိုင်ပဲ အရက်သမား အဆင့်ကို ရောက်သွားမလားလို့ စိတ်ပူစရာ မလိုသူ ဖြစ်သည်။
  • ဖျားနာရင်တောင် ကိုယ်ထူကိုယ်ထ ဆန်ပြုတ်ပြုတ်ရသူ ဆိုတော့လဲ ကိုယ့်အားကိုယ်ကိုးစိတ် အပြည့်ရှိတဲ့ သူလဲ ဖြစ်သည်။
တကယ့်ကို ဒေါင်ဒေါင်မည် အမျိုးသားများဖြစ်ကြသည် မဟုတ်ဘူးလား။ ဒါတောင် တခြား ကျွန်တော်ကျန်ခဲ့တဲ့ အချက်လေးတွေလဲ ရှိနိုင်သေး၏။

ဒါကြောင့်လဲ ပျိုမေတို့အနေဖြင့် စင်ကာပူတွင် နှစ်နဲ့ချီအလုပ်လုပ်ပါသည် ဆိုသော အမျိုးကောင်းသားတွေနဲ့များ ရေစက်ဆုံမိပြီ ဆိုရင်ဖြင့် စိတ်ကူးမလွဲ.. မထွေပြားေ၀၀ါးမနေပဲ မနှောင့်မနှေး ရွေးချယ်သင့်ပါတယ်ဟုသာ စေတနာ ဗလပွနဲ့ ကျွန်တော်ကတော့ အကြံပြုချင်ပါတော့သည်။

.........................

သြော်... ဒါနဲ့ စကားမစပ်ဗျာ.. ကျွန်တော်လူပျိုပါ... ဒီဆောင်းပါးရဲ့ Label ကိုလဲ ကြော်ငြာဆောင်းပါးလို့ တပ်ပါတယ်ဗျား.. ဟားဟား.. :P

သုတ

Saturday, August 18, 2012

အနိုင်မဟုတ်သော

ချစ်သူ မျက်နှာပေါ်က ဖျတ်ခနဲပြေးသွားသော နာကျင်ရိပ်ကို ကျွန်တော်မလွတ်တမ်း အမိအရ ဖမ်းမိလိုက်သည်။ သူမမျက်ဝန်းတွေ စိုလက်လာကြ၏။ ဒါပေမဲ့ ဒီလောက်ပါပဲ။ ဟောင်းနွမ်းနေသော နောက်မှီခုံတန်းလေးကို မှီထိုင်လိုက်ပြီး ရှေ့က လူသွားလမ်းမကို သူမ ရီဝေစွာ ငေးကြည့်နေသည်။ ပြီးတော့ ပါးလှပ်လှပ် နှုတ်ခမ်းလေးတွေနှင့် အပြုံးတစ်ခုကို ခက်ခက်ခဲခဲ ဖန်တီးယူ၏။

ဒါပဲလား... ဒီလောက်ပဲလားကွာ...
ပေါက်ကွဲလိုက်ရမှာ မဟုတ်ဘူးလား.. သူ့အပေါ် အချစ်ဆိုတာ မြူမှုံလောက်ပဲ ရှိမယ်ဆိုရင်တောင် ပေါက်ကွဲရမှာ မဟုတ်ဘူးလား..
ထားပါတော့... ဘာအချစ်ဆိုတာကိုမှ ထည့်မတွက်ရင်တောင် မိန်းမတစ်ယောက်အနေနဲ့ ဒေါသထွက်သင့်တယ် မဟုတ်ဘူးလား ချစ်သူရာ...

တကယ်က ကျွန်တော့ ဘာသာတောင် ဒီစကားကို ပြောဖို့ ပင်ပန်းတကြီး အားယူခဲ့ရပါသည်။

“မင်းကိုလဲ အားနာတယ်.. ဟိုတစ်ယောက်ကိုလဲ မခွဲနိုင်ဘူးဆိုတော့ နှစ်ယောက်လုံး ယူလိုက်ရင် ကောင်းမလားတောင် စဉ်းစားနေမိတယ်..” ဆိုတဲ့ စကားက ယောက်ျားကောင်းတစ်ယောက် ပြောရမဲ့ စကားမျိုးလဲ မဟုတ်သလို၊ သမီးရည်းစားနှစ်ယောက် ပြောရမဲ့ စကားမျိုးလဲ မဟုတ်ပါ။ ဒါကိုပြောပြီး ရှက်ရွံ့အားနာကာ မနေတတ် မထိုင်တတ် ခံစားရတဲ့ ကျွန်တော့်ပုံစံ ကတောင် သူမထက် အများကြီးပိုလို့ မူပျက်နေသေးသည်။

“နှစ်ယောက်လုံးတော့ ယူလို့မရဘူးပေါ့ဟာ.. ဒါပေမဲ့ တကယ်ပဲ သူ့ကို မခွဲနိုင်ဘူးဆိုရင်တော့ သူ့ကို ယူလိုက်ပါ.. င့ါကို ထည့်မတွက်ပါနဲ့...”

ကျွန်တော့် မခံရပ်နိုင်မှုက “တောက်”ခေါက်သံ တစ်ခုအဖြစ် ကျယ်ကျယ်လောင်လောင် ထွက်လာတော့ သူမက နားမလည်နိုင်သလို ကြည့်သည်။ ကိုယ့်ရည်းစားနဲ့ ခွဲခွာရမဲ့ ကိစ္စတစ်ခုကို ခပ်အေးအေး ပြောနေနိုင်တဲ့ မိန်းမတစ်ယောက်ရှေ့မှာ ပူလောင်နေမိတဲ့ ကိုယ့်ဘာသာ ကျွန်တော် မုန်းမိသည်။ သူမကိုလဲ စိတ်ပျက်သည်။



ဒါပေမဲ့လေ...

သူမသည် ကျွန်တော့်အတွက် စွန့်လွှတ်ဝေးကွာလိုက်ဖို့ ဆိုတာကို အိမ်မက်တောင် မမက်ဝံ့လောက်အောင် အရမ်းချစ်ရသူ တစ်ယောက်ဖြစ်ပါသည်။ ဒါကြောင့်လဲ သူမဘက်က အမှားမရှိအောင်နေပြီး ကျွန်တော့်ဘာသာ ထွက်သွားမဲ့ အချိန်ကို မတုန်မလှုပ် စောင့်နေတယ်ဆိုတာကို သိသိကြီးနဲ့ ပေကပ်ဆက်လျှောက်လို့ နေနေမိတာပါပဲ ချစ်သူရယ်။

...........................

သမီးရည်းစားရယ်လို့ ဖြစ်လာပြီးကတဲက ဆိုးသည်ကောင်းသည် ဘာမှမပြောသော ကျွန်တော့်ချစ်သူကို နားလည်ပေးနိုင်သူလေးလို့ ကျေနပ်ခဲ့မိဘူးပါသည်။ ကျွန်တော် ပြောသမျှ ကောင်းကောင်းဆိုးဆိုး ချစ်စရာ အပြုံးလေးနဲ့ နားထောင်ပေးတတ်သည်။

ဒီအပြုံးလေးတွေက ကျွန်တော့် မိန်းခလေး သူငယ်ချင်းတွေ အကြောင်းပြောပြလို့လဲ လျော့ပါးမသွားတတ်။ တခြားမိန်းခလေးတွေနဲ့ တွဲလျောက်လာမိတုန်း လမ်းမှာတွေ့ရင် ရှောင်ပေးသွားရုံမက နောက်လဲ ဘာမေးခွန်း တစ်ခုမှ ထွက်မလာတတ်။

ဒါတွေထပ်လာတော့ ပေါ့တန်လွန်းလှသည်လို့ ကျွန်တော်ခံစားလာရသည်။ ကျွန်တော့် သူမအပေါ် ထားသော ကိုယ့်ချစ်သူ တခြားသူနှင့် ငြိစွန်းသွားမှာကို ပူပန်စိုးရိမ်သော ခံစားမှုနှင့် ထပ်တူချကြည့်လျှင် ချစ်သူ၏ ကျွန်တော့်အပေါ်ထားသော ခံစားချက်က အေးစက်စက် နိုင်လွန်းလှသည်။ နားလည်မှုသည် နှလုံးသားခံစားချက်ကို အဲလောက်ထိ ဖုံးလွှမ်းနိုင်စွမ်း ရှိလိမ့်မယ်လို့တော့ ကျွန်တော်မယုံကြည်ပါ။

ကြာတော့ အချစ်မရှိသော သူမရဲ့ အေးစက်စက် လစ်လျူရှုမှုတွေကို ခံစားရင်း ကျွန်တော် ဒေါသတကြီး ဖြစ်လာရသည်။ ဆုံးရှုံးရတော့မှာလားဆိုတာကို ကြောက်လန့်မှုကနေ အမြစ်တွယ်ပြီး ပေါ်လာသည့် ဒေါသမျိုး ဖြစ်ပါသည်။

ကျွန်တော့်ကို ယုံကြည်လို့များ မပူမပန် နေတာများလားဆိုသည့် အတွေးတွေနှင့် ကျွန်တော်ကိုယ်တိုင် မရိုးမသားလှုပ်ရှားပြခဲ့ ဘူးသည်။ ဘာတစ်ခွန်းမှ မမေးတာကြောင့် နောက်ဆုံးတော့ တခြားတစ်ယောက်တော့ ရှိနေပြီလို့ ကိုယ်တိုင် ကြံဖန်ပြောခဲ့တာတောင်၊ ခုလို ရင့်သီးသော စကားတွေ ဖန်တီး ပြောလာတာတောင် မတုန်လှုပ်သော ချစ်သူကို ဆက်ဖက်တွယ်ထားလို့ ရပါဦးမလားဆိုသော ပူပန် သံသယတွေဖြင့် ထွက်ပေါက်မဲ့စွာ ကျွန်တော် မွန်းကြပ်နေခဲ့၏။

............

“ဘုရားသွားဖို့ ဟိုတစ်ယောက်က ခုပဲခေါ်တယ်.. မင်းနဲ့ ချိန်းပီးသား ဖြစ်ပေမဲ့ သွားမှရမယ်.. ဘယ်လိုလဲ.. နေခဲ့မလား လိုက်ခဲ့မလား”

“မလိုက်တော့ မလိုက်ချင်ဘူး.. ဟိုတစ်ယောက်က စိတ်ဆိုးနေဦးမယ်.. ဒါပေမဲ့ နင် လိုက်စေချင်ရင် လိုက်မယ်လေ...”

ကြည့်.. အမြဲတမ်း သူမ အပြစ်လွတ်အောင် ပြောတတ်သည်။ ပြီးတော့ လုံးဝမတုန်လှုပ်။

မင်းရည်းစားက တခြားတစ်ယောက် ရှိနေပြီဆိုတဲ့ အပေါ်မှာတောင် ဘယ်လိုမှ မနေရလောက်အောင် မင်းနှလုံးသားတွေ ငါ့အပေါ် စိမ်းကားသတဲ့လား ချစ်သူရယ်... ရူးရတော့မယ် ထင်ပါရဲ့ကွာ...


“မင်းကွာ...” ကျွန်တော့်ရဲ့ မချင့်မရဲ အံကြိတ်သံကို သူမ နားမလည်သလို ကြည့်သည်။ ရီဝေေ၀ အဲဒီမျက်လုံးတွေသည် ကျွန်တော့်ရင်ထဲက အပူကို ဘယ်တော့မှ မြင်မှာမဟုတ်သည့် မျက်လုံးတွေ ဖြစ်ပါလိမ့်မည်။

..................



“လက်တွဲရတာ အနှောင့်အယှက် ဖြစ်ပါတယ်ကွာ.. သူ့ကိုဖိနပ်တွေ ပေးကိုင်ထားလိုက်ပါလား...”

ချစ်သူသည် ကျွန်တော့်ကို မင်တပ်အံ့သြစွာ ကြည့်သည်။

ဒါကိုတော့ မင်းတုန့်ပြန်ရမယ် ချစ်သူ... မင်းတစ်ခုခု ပြောကို ပြောရမယ်...
ကျွန်တော် စိတ်ထဲကနေ ကြိတ်ပြီးရေရွတ်လိုက်သည်။
ကျွန်တော့်ရဲ့ ရိုင်းပျစော်ကားမှုဟာ သူမကို လှုပ်နှိုးသလို ဖြစ်သွားနိုင်ပါသည်။
ဒါဟာ ချစ်သူရည်းစားကြား သူမရဲ့ အချစ်မရှိ ပေါ့တန်မှုတွေအပေါ် ဒေါသသင့်နေတဲ့ စမ်းသပ်မှုတွေထက် အများကြီး လွန်ကျူးသွားပြီ မဟုတ်လား။ ကျွန်တော်ကိုယ်တိုင်တောင် ကိုယ့်စကားကိုယ် အံ့အားသင့်မိသည်။ ဒါလူအချင်းချင်း စော်ကားမှုလို့တောင် သတ်မှတ်လို့ ရနိုင်လောက်သည်။

မင်းကိုယ့်ကို နာကျည်းဒေါသ ထွက်သွားမှာလား ချစ်သူ... ဒါဟာ ငါ သိပ်ကြောက်နေတဲ့ အဆုံးသတ်နေ့ ဖြစ်လာတော့မှာလား...

“ရတယ်လေ.. ပေးထားပါ..” အကြာကြီး တွန့်ဆုတ်ငြိမ်သက်နေရာကနေ သူမတိတ်ဆိတ်စွာ ပြောလာသည်။ ဒီတစ်ခါတော့ သူမအသံတွေက တုန်ခါလျှက်။

“အို.. ဘာလို့ပေးရမှာလဲ.. ရပါတယ်...”
သူငယ်ချင်းသည် ပြောရင်း ကျွန်တော့လက်ကို ဆောင့်ဆွဲက ခပ်လှမ်းလှမ်းကို သုတ်သုတ်လျှောက်သည်။

“နင်ဒါတော့ သိပ်လွန်တယ်.. ဘယ်အကြောင်းပြချက်ကမှ သူ့ကိုအဲလောက် စော်ကားပိုင်ခွင့် မရှိဘူး... အားမနာတမ်း ပြောရရင်တော့ နင့် ဒီအပြောအဆိုမျိုးက ရွံစရာကောင်းတာ အမှန်ပဲ”...

ဒေါသတကြီးဖြစ်နေသော သူငယ်ချင်းမျက်နှာကို ကြည့်ရင်း ကျွန်တော် နှုတ်ဆွံ့နေမိသည်။

တကယ်က ဒီဒေါသတွေဟာ မင်းဆီမှာ ရှိရမှာ မဟုတ်ဘူးလား ချစ်သူ... ငါမှားရင် မှားတယ်၊ မှန်ရင်မှန်တယ်ဆိုတဲ့ အရေးတယူရှိမှုမျိုး မင်းဆီက ကြားရရင် သိပ်ကောင်းမှာပဲ...

“ဒါပေမဲ့ နင်မြင်တယ် မဟုတ်လား.. သူ့ပုံစံကို...”

ကျွန်တော် ခပ်တိုးတိုးပြောသည်။

“မကြိုက်ရင် နင်ဖြတ်လိုက်လေ.. နင့်ကို မချစ်ဘူးထင်ရင်.. သူ့အပြစ်မဖြစ်ပဲ နင့်ဘာသာ ထွက်သွားတာကို စောင့်နေတယ်လို့ နင်ယုံရင် ဆန္ဒဖြည့်ပေးလိုက်တော့ပေါ့.. ဒီလို လုပ်နေတာထက်စာရင် နှစ်ယောက်လုံးကို အများကြီး ...”

“ငါမလုပ်နိုင်ဘူး...” ကျွန်တော်ကြားဖြတ်ပြီး အော်လိုက်မိသည်။

သူငယ်ချင်းသည် ကျွန်တော့်ကို စိတ်ပျက်သလို ကြည့်သည်။
“ငါလဲ ဆက်မကူညီနိုင်တော့ဘူး အရူးရေ... ဆောရီးပဲ” ပြောရင်း သူငယ်ချင်းမ လှည့်ထွက်သွားသည်။

ကျွန်တော်မတားမိပါ။ ဒေါသထွက်ချင် ထွက်နေနိုင်သည့် (သိပ်တော့ မမျှော်လင့်ရဲပါ) ချစ်သူကို ဖြေသိမ့်ပေးချင်စိတ်က ခုချိန်မှာ အားအကောင်းဆုံးပါပဲ။

...............

ချစ်သူသည် ခေါင်းငုံ့ပြီး မတ်တပ်ရပ်နေပါသည်။ ပျော့ပျောင်းစွာ ကျနေသော ဆံနွယ်တို့က လေနဲ့အတူ သူမမျက်နှာကို တ၀က်တပျက် ဖုံးကွယ်နေကြသည်။

“ဆောရီးပဲ.. ငါလွန်သွားတယ်...” ကျွန်တော် စိတ်ထဲကလာသော တောင်းပန်စကားကို ဆိုသည်။ သူမ၀မ်းနဲနေပုံ ရပါသည်။ ကျွန်တော်အဲလောက်ထိတော့ မပြောသင့်ဘူး မဟုတ်လား။

“ရပါတယ်.. သူစိတ်ဆိုးသွားပြီ.. နင် လိုက်မချော့ဘူးလား...”

ဒီတစ်ခါတော့ ကျွန်တော်စိတ်အပျက်ဆုံး စကားတွေအပေါ် စိတ်ပျက်ဖို့ အတွေးမရှိပါ... သူမငိုနေပါလား...
ချစ်သူရဲ့ ပါးနှစ်ဖက်ကို အုပ်ကိုင်ရင်း ကျွန်တော်ခေါင်းမော့စေသည်။ သူမပါးပြင်မှ မျက်ရည်တို့သည် ကျွန်တော့်လက်ဖ၀ါးကို ကူး၏။ စိုလက်နေသော မျက်ဝန်းအစုံကတော့ ထုံးစံမပျက် ရီဝေေ၀သာ။ နာကျင်မှုကြောင့် ထင်သည်။ သူမနှုတ်ခမ်းလေးတွေ ခပ်မဲ့မဲ့ ကွေးညွန့်နေကြသည်။ ကျွန်တော် သူမကို သိမ်းဖက်လိုက်သည်။ ကျွန်တော့ရင်ခွင်ထဲ မြုပ်ဝင်သွားအောင်။ တစ်သက်လုံးဘယ်မှ ထွက်မသွားနိုင်အောင်။

သူမသည် ဒေါသတကြီး မျက်ရည်ကျခဲ့တာလား..
ဝမ်းနဲပြီး မျက်ရည်ကျတာလား..
ကျွန်တော့်ကို ချစ်တဲ့စိတ်နဲ့ မျက်ရည်ကျတာလား..
မုန်းတီးနာကျည်းပြီး ကျတဲ့ မျက်ရည်လား..
ကျွန်တော်အဖြေမရှာချင်ပါ။ မသိချင်ပါ။ မသိရဲပါ။

ချစ်သူရယ်... ငါမင်းကို အရမ်းနာကျင်စေမိပြီလား.. မင်းဟာတကယ်ပဲ ငါ့ဆီက ထွက်သွားချင်နေ ပြီလား..

နောက်ဆုံးတော့ ငါ့ရဲ့အပြစ်တွေနဲ့ စွန့်ခွာသွားရတဲ့ လမ်းကြောင်းကိုပဲ မင်းစိတ်ချမ်းသာအောင် လိုက်လျောပေး လိုက်ရတော့မှာလားကွာ..

နှလုံးသားသည် အတွေးသက်သက်ကိုပင်လျှင် မခံရပ်နိုင်အောင် နာကျင်ပါ၏။

...............................


 

.....................................

သုတ (၁၈၊၀၈၊၂၀၁၂)
ခံစားရေးဖွဲ့ပါသည်။

Monday, July 2, 2012

တစ်နေ့မှာ..

သူစင်ကာပူ စထွက်လာတုန်းက သမီးက ငါးနှစ်ပြည့်လုလု၊ သားကတော့ ရှစ်လသာသာလောက်လေးပဲ ရှိဦးမည်။ အခွင့်အရေးလေး ကြုံတုန်း၊ သွားဖို့စားရိတ်လေး အမျိုးထဲဆွေထဲက ထုတ်ပေးမဲ့သူလဲ ရှိတုန်း စွန့်စွန့်စားစား ထွက်ခဲ့ရပေမဲ့ သူ့အပိုင် မိသားစုလေးကို ခွဲဖို့တော့ တော်တော်အားယူခဲ့ရပါသည်။

သမီးက နောက်နှစ်ကျောင်းစတက်ရတော့မည်။ အဖြူအစိမ်းဝတ် သမီးလေးကို စိတ်ကူးနဲ့မြင်ယောင်ပီး အဲဒီအချိန်ကို စောင့်မျှော်ခဲ့တာက သမီးပိစိလေးကို သူစထွေးပွေ့ ကထဲက ရှိခဲ့တဲ့ အိမ်မက်ဖြစ်သည်။ ခုတော့ ကျောင်းတက်ချိန်မှာ သူရှိနိုင်မည် မဟုတ်ပါ။ ကိုယ်အပိုင်ရထားသည့် အခွင့်အရေး တစ်ခုခုကို ဆုံးရှုံးရသလိုကြီး သူခံစားနေခဲ့သည်။

မျက်လုံးဝိုင်းဝိုင်း ခေါင်းလေးတထောင်ထောင်နှင့် ၀ူးဝူးဝါးဝါး လုပ်တတ်နေပြီ ဖြစ်သည့် သားသည် ကလေးတစ်ယောက်အနေနဲ့ရော သူ့ရင်သွေး သားတစ်ယောက်အနေနှင့်ပါ ချစ်ခင်မြတ်နိုးစရာ ကောင်းလွန်းလှသည်။ ဘယ်လောက်ငိုငို ဖအေကောက်ချီရုံနဲ့ သိသလိုလို ငြိမ်သွားတတ်လို့ မိန်းမကတောင် ဖအေ့သားလို့ ၀န်တိုစောင်းမြောင်းရသည့် သားသည် သူ့ကို လွမ်းဆွတ်နေမည်လားဟု မစွန့်ရက်စွာ သူနောက်ဆံ တင်းနေခဲ့သည်။

ကလေးနှစ်ယောက်ကို မခွဲရက်စွာ တကြည့်ကြည့်နေရာက လေယာဉ်ထဲ ၀င်ဖို့ခေါ်ပြီဆိုတော့ သားကို ပြန်အပေးမှာ မိန်းမသည် သားကိုရော သူ့ကိုပါ သိမ်းဖက်ပြီး ငြိမ်နေခဲ့သည်။ အနာဂါတ်ရေးအတွက် ပူပန်တိုင်ပင်ရတာတွေ၊ ကလေးတွေကို အာရုံစိုက်မိလွန်းနေတာကနေ လွတ်သော တဒင်္ဂအခိုက်အတန့်ကို သူတို့ရခဲ့သည်။ ချစ်မြတ်လွန်းလို့ နှစ်ကိုယ်စွန့်စားလက်တွဲခဲ့သည် သူ့ဘ၀ လက်တွဲဖော်၊ ချစ်သူမဟုတ်ပါလား။ သဲသဲခိုက်ခိုက်ကြီး မဟုတ်ပဲ မျက်လုံးထောင့်လေးတွေ လက်ကိုင်ပ၀ါနှင့် အသာတို့ကာ လက်တွေကို ဖြေလျော့ပေးရင်း ”ဖုန်းဆက်လို့ အဆင်ပြေမယ်ဆိုရင် ရောက်ကြောင်း ဖုန်းဆက်လိုက်ဦးနော်.. ကိုယ့်ဘာသာလဲ ဂရုစိုက်..” ဟု တိုးတိတ်တုန်ရီစွာ မှာသည်။ သူ ယောက်ျားတန်မဲ့ မျက်ရည်မကျအောင် အံကို တင်းတင်းကြိတ်ခဲ့ရသည်။

..............................

လေးနှစ်အတွင်းမှာ သူ လေးခေါက်ပြန်ခဲ့သည်။

သူ့ပိုက်ဆံ အိတ်ထဲမှာ အဖြူအစိမ်းနဲ့ ချစ်စရာ သမီးဓါတ်ပုံလေး သုံးပုံ ရှိခဲ့ပြီ။ ဆုယူနေသော ပုံတစ်ပုံတောင် ပါသေးသည်။ ကျောင်းဖွင့်ရက်နှင့် ကြုံသော အခေါက်က သမီးကို စက်ဘီးပေါ်တင်ပြီး ကျောင်းလိုက်ပို့ ခဲ့ရသော အရသာကို ခုထိ သူစမြုံ့ပြန် ကြည်နူးခံစားရတုန်း ဖြစ်သည်။

သားကတော့ စကားတွေ ကောင်းကောင်းပြောတတ်နေပြီ။ ဖအေကိုလဲသိသည်။
သုံးနှစ်နီးပါး ကြာခဲ့ပြီးတာတောင် သားသူ့ကို ဖေဖေလို့ စခေါ်ခဲ့သည့်နေ့ကို သူခုထိမမေ့သေးပါ။ “သားက ဖေဖေ ခေါ်တတ်နေပြီ သိလား” မိန်းမပြောတုန်းကတော့ သူ့တုန့်ပြန်ပုံက ပုံမှန်လောက်ပင်။ အွန်လိုင်းက web cam မှာ ၀ါးတားတား ခပ်ထစ်ထစ် မြင်ရသောပုံရိပ်ထဲက သားသည် ကွန်ပျူတာ မော်နီတာကို တဖြန်းဖြန်းရိုက်နေပုံရသည်။
“သား.. ဖေဖေ့ကို တွေ့လား.. ဖေဖေလို့ ခေါ်လိုက်ပါဦး...” မိန်းမက သားလက်တွေကို လိုက်ချုပ်ရင်း မိုက်ကို သားပါးစပ်မှာ တေ့ပေးပြီး ပြောသည်။
”သားရေ.. ဖေဖေလို့ခေါ်ပါဦး..” သူ ရီမြူးမြူးဖြင့် နားကြပ်မတပ်ထားသော သားကို ကြားမလိုလို လှမ်းပြောသည်။ သားက တော်ရုံမခေါ်ပါ။ သူတို့တောင် တခြားအကြောင်းတွေ စကားစမိနေပြီ။ မိန်းမပြောနေသော စကားသံတွေ ဘေးက ”ဖေဖေ”ဆိုသော အသံသေးသေးလေး ကြားလိုက်ရသည်။
“ဟယ်.. ခေါ်ပီ..” မိန်းမပြောလက်စကို ရပ်ပြီး သားပါးစပ်နား မိုက်ကပ်ပေးသည်။ သားက ထပ်ပြောသည်။ ကျယ်လောင်စွာ။ မပီသပေမဲ့ သူ့ရင်ထဲ ထိရောက်စွာ။
ပထမ အသံသေးသေးလေး ကြားထဲက သူကြက်သီးတွေ ထသည်။ သားသည် ၀ူးဝူးဝါးဝါးပြောရာကနေ သူ့ကိုလှမ်းခေါ်ပြီလေ။ ”ဖေဖေ”တဲ့။ သူ သဘောကျစွာ တဟားဟားအော်ရီတော့ အဲဒီတုန်းက အခန်းဖော်ကတောင် အလန့်တကြား လှမ်းကြည့်ခဲ့ပါသေးသည်။
.........

From Shutterstock
ပြီးခဲ့တဲ့နှစ် သူပြန်တုန်းက ဖေဖေက ဘယ်တော့မှ အကြာကြီးပြန်လာပြီး သားတို့နဲ့ နေမှာလဲလို့ သားကမေးခဲ့သည်။ “ပိုက်ဆံတွေ အများကြီး ရှိတဲ့အခါကျရင် ပြန်လာမှာပေါ့.. နော်ဖေနော်...” သမီးက ပြောရင်းသူ့ကို လှမ်းအတည်ပြုသည်။ “ဟုတ်တယ်.. သားရ.. ဖေဖေက ခုသားတို့အတွက် အဝေးကြီးမှာ ပိုက်ဆံတွေ ရှာနေတာလေ.. ပိုက်ဆံတွေ အများကြီး ရှိတဲ့အခါကြရင် ပြန်လာပြီး သားတို့နဲ့ နေမှာပေါ့..” ပြောပြီးတော့ သူရော မိန်းမရော ငြိမ်နေမိသည်။ မိသားစုသည် အခုလို ဝေးလံစွာ အကြာကြီး ခွဲနေဖို့ မကောင်းပါ။ ဒါပေမဲ့ ဒီမှာ တစ်ခုခု ပြန်လာလုပ်ဖို့ရော.. စိတ်ကူးရှိပေမဲ့ ဘာလုပ်ရမှန်းလဲ မသိ၊ လုပ်နိုင်လောက်တဲ့ ငွေအားလဲ မစုမိသေးပါ။

စင်ကာပူသည် သူ့အတွက်ရော၊ မိသားစုအတွက်ပါ မကြောင့်ကျရသော်လည်း စုမိဆောင်းမိ အနေအထားတော့ မရှိ။ ဒီတော့လဲ အထိုင်ဖျက်လိုက်ရမှာ နှမြောဖို့ကောင်းသည့် လက်ရှိ သက်သောင့်သက်သာ အဆင့်တစ်ခု ရှိမှုနှင့်၊ အဲဒီ လက်ရှိ သက်သောင့်သက်သာကလွဲလို့ အနာဂါတ်အတွက် အာမခံချက် မရှိသည့် အနေအထားနှစ်ခု ကြားတွင် သူပိတ်မိနေခဲ့သည်။ နှစ်တွေကြာခဲ့ပြီ၊ မိသားစုနှင့် အနေဝေးကာ ကိုယ်ပိုင်မိသားစုထဲ ဧည့်သည်လို ပြန်ဖြစ်နေရသည့် အခြေအနေနှင့် လဲယူခဲ့ရသော သူ့အနေအထားသည် ကျေနပ်စရာ မကောင်းမှန်း သိပါသည်။ အဲဒါနှင့် ထိုက်တန်သော ပမာဏတစ်ခုခု စုမိဆောင်းမိ ထားတာလဲ ခုထိ မရှိသေး။ ဒါပေမဲ့ တဖက်ကလဲ မတောင့်မတ အဆင့်အတန်းလေးတစ်ခု ဖန်တီးထားနိုင်သည့် လက်ရှိအနေအထားကို ဖျက်ပြီး တစ်ခုခု လုပ်ရမှာကျတော့လဲ သူသွေးမရဲပြန်။

ခုတစ်ကြိမ်ပြန်လာပြီးထဲက ဖုန်းဆက်တိုင်း သားအမြဲမေးသည့် စကားရှိသည်။
“ဖေဖေ.. ပိုက်ဆံတွေ အများကြီး ရှိပီလားဟင်..“တဲ့...

..........................................................
သူပြောရင်း ဘီယာခွက်ကို ကောက်မော့ချလိုက်သည်။ မျက်နှာသည် ဘီယာအရှိန်ကြောင့်ရော ခံစားချက်ကြောင့်ပါ နီမြန်းမြန်းနှင့်။ ယမကာက ပြောသူရော နားထောင်နေကြသူတွေကိုပါ ခံစားမှု အရှိန်တက်စေသည်။ တကယ်တော့ ဇါတ်လမ်းနောက်ခံခြင်း မတူပေမဲ့ အားလုံးဟာ မိသားစုနဲ့ဝေးရာမှာ တကိုယ်တည်း လာရောက်ရုန်းကန် နေကြရသူတွေပါပဲ။ ကျေနပ်စရာ အနေအထားလေး တစ်ခုကို ဖက်တွယ်ရင်း အနာဂါတ်ေ၀၀ါးနေကြသူတွေကလဲ အများစု မဟုတ်လား။ ကျွန်တော် သူ့ကို ငေးကြည့်ရင်း ပြောစရာ စကားတွေ ပျောက်နေခဲ့သည်။ ဘီယာသုံးပုလင်း ထပ်လာချသော စားပွဲထိုးကို ပိုက်ဆံလှမ်းရှင်းရင်း “ငါ့သားက အမြဲမေးတာကွ.. ဖေဖေ ပိုက်ဆံတွေ အများကြီး ရှိပီလား ဆိုပီးတော့..” ဟု သူထပ်ပြောသည်။ တိတ်ဆိတ်နေရာကနေ ထွက်ပေါက်ရစွာ ကျွန်တော်တို့ အားလုံး ၀ိုင်းရီကြသည်။

တခါတလေတော့ အဖြစ်အပျက်တစ်ခုဟာ ရီစရာမကောင်းပါပဲနဲ့.. ဘယ်သူမှလဲ မရီချင်ပါပဲနဲ့.. လူတွေဟာ ရီတတ်ကြပါလားဟလို့.... ကျွန်တော်... တွေးမိပါသည်။

သုတ (မြန်မာ)
၂ ဇူလိုင် ၂၀၁၂

Sunday, June 17, 2012

ပြည်ပနေ မိသားစုများနှင့် မြန်မာစာ၊ မြန်မာစကား

ခုတလော ကမ္ဘာ၏ ထိပ်ဆုံးဆိုသူတွေကြားမှာ ၀င့်ကြွားထည်ဝါစွာ လှုပ်ရှားပြောဆို နေသော မြန်မာ အမျိုးသမီး တစ်ဦး၏ ပုံရိပ်သည် မြန်မာတစ်ယောက် အနေနှင့်တော့ ဂုဏ်ယူစရာ လက်မထောင်ရမည့် ကိစ္စပဲ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါသည်။ ခရီးစဉ်တလျောက် ပြောသော မိန့်ခွန်းတွေ၊ ဖြေကြားသော အင်တာဗျူးတွေကို ကြည့်ရင်း နိုင်ငံရေးနှင့် မပက်သက်ပဲ ကျွန်တော် တမှတ်တရ သတိထား ကျေနပ်မိတာကတော့ ဒေါ်စု၏ ဘာသာစကား စွမ်းရည်ဖြစ်သည်။ အင်္ဂလိပ်လို မေးလာသူကို အင်္ဂလိပ်လို၊ မြန်မာလို မေးလာသူကို မြန်မာလို ကျကျနန ဖြေကြားပုံကို ကြည့်ရင်း၊ အဲဒါကို ပြည်ပရောက် မြန်မာ မိသားစုများနှင့် ဆက်စပ်တွေးမိရင်းက ဒီအတွေးကို တွေးဖြစ်၊ ရေးဖြစ် ပါသည်။

ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်၏ ဘာသာစကား ကျွမ်းကျင်မှုတွင် အင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောနိုင် ရေးနိုင်တာထက် မြန်မာလို ကျွမ်းကျင်စွာ ပြောနိုင်၊ ရေးနိုင်တာကို ပိုပြီး တအံ့တသြော သဘောကျသည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ဘွဲ့ရသည်အထိ အင်္ဂလိပ်စကားပြောသော နိုင်ငံများတွင် လေ့လာသင်ကြား ကြီးပြင်းခဲ့သူ တစ်ယောက်အတွက် အင်္ဂလိပ်စကားသည် မိခင်ဘာသာစကား ဖြစ်နေသည်မှာ မဆန်းပါ။ ဒါပေမဲ့ ကျွန်တော်တွေ့ဘူးထားသော နိုင်ငံခြားရောက်တာ ကြာလို့ မြန်မာလိုတောင် သိပ်မပြောနိုင်တော့ဘူး ဆိုသော သူတွေ... နိုင်ငံခြားမှာ ကျောင်းထားတော့ ကလေးတွေလဲ မြန်မာလို မပြောတတ်၊ မဖတ်တတ်တော့ပါဘူး ဆိုသော မိသားစုတွေ... သူတို့ရဲ့ မြန်မာလို လုံးဝ မဖတ်တတ်သော၊ မြန်မာ စကားကို ကြိုးစား ပမ်းစား ၀ဲတဲတဲနှင့် တစ်လုံးတစ်လုံး ထွက်အောင် မနဲပြောနေကြရသော သားသမီးတွေ... အဲလို ပြည်ပရောက် မြန်မာမိသားစုတွေနှင့် ဒေါ်စု၏ မြန်မာဘာသာစကား စွမ်းရည်နှိုင်းယှဉ် မိသောအခါ ကျွန်တော့်ကို အံ့သြောကျေနပ် စေသည်။ ပြီးတော့ သွားလေသူ ဒေါ်စု၏ မိခင်ကြီး ဒေါ်ခင်ကြည်ကိုလဲ လေးစားစိတ် ဖြစ်ပေါ်ရပါသည်။

မြန်မာ့သင်ပုန်းကြီး ဖတ်စာအုပ်မှ
လူသည် မည်မျှပင် မှတ်ညာဏ် ချွတ်ယွင်းနိမ့်ကျသူ ဖြစ်ပါစေ ဘာသာစကား တတ်မြောက်နိုင်မှု စွမ်းရည် အလိုအလျောက် ပါလာပြီးသား သတ္တ၀ါဖြစ်သည်ဟု ဖတ်မှတ်ဖူးသည်။ ဒီတော့ နီးစပ်ရာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၏ ဘာသာစကားကိုတော့ သင်ကြားစရာမလိုပါ။ အလိုအလျောက် တတ်မြောက်ကြမည်ပင်။ မနီးမစပ်သော ဘာသာစကားတွေကိုတော့ သင်ကြားလေ့လာမှ၊ အလေ့အကျင့်လုပ်မှသာ တတ်မြောက်နိုင်လိမ့်မည်။ မြန်မာစကားသည် အင်္ဂလိပ်စကားလို ကမ္ဘာသုံး စကားမဟုတ်။ တခြားတခြားသော ပြင်သစ်တို့၊ ဂျပန်တို့၊ ကိုရီးယားတို့၊ တရုတ်တို့လိုလဲ ပေါ်ပျူလာဖြစ်သော စကားလဲမဟုတ်။ ဒီတော့ အရွယ်ရောက်သူ လူတစ်ယောက်အတွက် အလိုအလျောက် တတ်မြောက်ပြီးသား မဟုတ်လျှင် တကူးတကကြီး အချိန်ပေး လေ့လာဖို့ ဖြစ်နိုင်ချေ အလွန်နဲသော ဘာသာစကားဟု ကျွန်တော်ထင်ပါသည်။

နိုင်ငံခြားတွင် အခြေချနေထိုင်ကြသော မြန်မာမိသားစုတွေ အဖို့ ကလေးတွေသည် မြန်မာစာနှင့် စကားကို အလိုအလျောက် တတ်မြောက်လာမည့် အခွင့်အရေး မရှိကြ၊ ကြီးလာမှ သူတို့ဘာသာ လေ့လာလိုစိတ် ပေါ်နိုင်ဖို့ကလဲ နဲပါးလှသည် မဟုတ်လား။ ဒီတော့ ကလေးတွေရဲ့ မြန်မာ ဘာသာစကား ပြောနိုင်၊ ရေးနိုင်ဖို့အတွက် မိဘတွေက သင်ကြားပေးကြရတော့မည်။ မအားလပ်ရသည့်ကြားထဲ အလုပ်တစ်ခုလို အချိန်တွေပေး၊ တကူးတက လုပ်ကြရတော့မည်။ ရေတိုလဲမဟုတ်။ ဆယ်စုနှစ်နဲ့ ချီပြီးကို သွားရမည့် ခရီးရှည်ကြီး ဖြစ်သည်။ ဒါကြောင့်လဲ တော်တော်များများ လက်မြှောက်အရှုံးပေးကာ လက်လျော့ခဲ့ကြတာ ဖြစ်ပါလိမ့်မည်။ ရှည်လျားလှသော တကူးတက တာဝန်ကြီး တစ်ခုကို ယူဖို့ဆိုတာ မိဘတွေ၏ မိမိ ဘာသာစကားအပေါ် ခံယူချက်နှင့် အလေးထားမှု ဘယ်လောက် စိတ်ထက်သန် သလဲ ဆိုတာအပေါ် အများကြီး မူတည်နေပါလိမ့်မည်။ တန်ဖိုးထား စိတ်ထက်သန်မှု၏ တွန်းအား မရှိပါပဲ နှစ်ရှည်လများ သင်ကြားပေးဖို့တော့ ဖြစ်နိုင်မည်မထင်ပါ။

ဒါကြောင့်လဲ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာစကား အရည်အချင်းအတွက် ဒေါ်စုကို သဘောတကျ ချီးကျူးရုံမက သွားလေသူ မိခင်ကြီး ဒေါ်ခင်ကြည်၏ အားစိုက်သွန်သင်မှုနှင့် ဘာသာစကားအပေါ် တန်ဖိုးထားသည့် စိတ်ဓါတ်ကို ကျွန်တော် ခံစားရသည်။ မြတ်နိုးလေးစားမိသည်။ ခုလို ရေကြည်ရာ မြက်နုရာ ရှာရင်း နိုင်ငံရပ်ခြားတွင် မိသားစုဘ၀ တည်ထောင်လို့ အခြေချ နေထိုင်လာကြသူတွေ များလာချိန်မှာ ဒီမိခင် ဒီသမီးသည် မြန်မာဘာသာစကား အတွက်လဲ စံပြထားရမည့် သားအမိ ဖြစ်သည်ဟု မြင်သည်။

မိဘတွေအနေဖြင့် သားသမီးများ မိမိဘာသာစကား တတ်မြောက်ရေးအတွက် အားထုတ်သင့်သည်ဟုလဲ ကျွန်တော် ယုံကြည်ပါသည်။
  • ကိုယ်တိုင်ရော၊ ကိုယ့်မိဘဘိုးဘွား ဆွေစဉ်မျိုးဆက်ပါ ပြောဆိုရေးသားခဲ့သော ဘာသာစကား တစ်ခုကို မိမိသားသမီး ပြောဆိုရေးသားနိုင်ဖို့ဆိုတာ မဖြစ်မနေ ကိစ္စတစ်ခု မဟုတ်သော်လဲ ဖြစ်သင့်သည့် ကိစ္စတော့ ဖြစ်သည်။
  • တကူးတကကြီး ဖြစ်နေသော်လဲ မိမိအချိန်ကို စီမံခန့်ခွဲပြီး နေ့တနေ့၏ မများလှသော အချိန်ပေးရုံနှင့် သားသမီးသည် ဘာသာစကား တစ်ခုကို ကျွမ်းကျင်စွာ တတ်မြောက်သွားမည့် အခွင့်အရေးကလဲ အရှုံးမရှိတဲ့ အခွင့်အရေးပဲ ဖြစ်ပါသည်။
  • နိုင်ငံအသစ်တွင် မွေးဖွားခဲ့ပြီး ထိုနိုင်ငံသား ဖြစ်လာနိုင်သော်လဲ လူမျိုးရေးအရ ဒုတိယနိုင်ငံသား အနေအထားတွင်သာ ရှိမည့် မိမိသားသမီးသည် မြန်မာမြေမှ ထုနှင့်ထည်နှင့် မြန်မာဆွေမျိုး အသိုင်းအ၀ိုင်းဖြင့် ရင်းနှီးနွေးထွေး ကျွမ်းဝင်စွာ ပြောဆိုဆက်ဆံ ပေါင်းသင်းနိုင်ခြင်းကလဲ ကိုယ့်အတွက်ကော၊ သားသမီးအတွက်ပါ ကျေနပ်စရာ ဖြစ်လိမ့်မည်။
  • ပြီးတော့.. ဒီသားသမီးရဲ့ မြန်မာစကား တတ်သင့် မတတ်သင့်ဆိုတဲ့ ရွေးချယ်မှုသည် ကိုယ့်အပေါ် လုံးလုံးမူတည်ပြီး ကိုယ်ချမှတ်နိုင်စွမ်း အပြည့်ရှိသော လမ်းကြောင်းတစ်ခုလဲ ဖြစ်နေ၏။

ဒါကြောင့်လဲ.. ပြည်ပရောက် မြန်မာမိသားစုများသည် မိမိရင်သွေး မြန်မာစာ မြန်မာစကား ပြောနိုင် ရေးနိုင် ဖတ်နိုင်ဖို့အတွက် အလေးတယူ စိတ်အားထက်သန်မှု ရှိကြဖို့ တိုက်တွန်းချင်ပါသည်။ ဘာသာစကား တစ်ခု တတ်မြောက်ခြင်းက ဘယ်သောအခါမှ အရှုံးမရှိသည့်အပြင် စီးပွားရေး၊ လူမှုရေး၊ အဆုံးစွန် နိုင်ငံရေးအထိပါ လိုအပ်တဲ့အခါ အသုံးပြုနိုင်မဲ့ စွမ်းရည်လဲ ဖြစ်၏။ ၀န်ထုပ်ဝန်ပိုးနှင့် ရှည်လျားသော ခရီးတော့ ဖြစ်ပါလိမ့်မည်။ ဒါပေမဲ့ ခက်ခဲလွန်းပြီး မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါချေ။

သုတ

Monday, January 23, 2012

ဗုဒ္ဓမြတ်စွာ၏ ပုံတော်

မြန်မာ ဗုဒ္ဓဘာသာဝင်တို့၏အိမ်တိုင်း နီးပါးတွင် ဘုရားစဉ် ရှိသည်။ အိမ် ကျကျနန မရှိပဲ အခန်းလေးတစ်ခု ဒါမှမဟုတ် အခန်းရဲ့တစ်စိတ်တစ်ပိုင်းလောက်ကို မျှဝေနေကြရလျှင်တောင် ခေါင်းရင်းပိုင်းမှာ ဘုရားပုံတော်လေးဖြစ်ဖြစ် စတိလောက်ကပ်ပြီး ထားတတ်ကြသူများ ဖြစ်သည်။ ဒီတော့လဲ ဘုရားပုံတော် အသေးအကြီးများ ဗုဒ္ဓဘာသာဝင်တို့အိမ်တွေမှာ တွေ့ရတာ မဆန်းလှပါ။ ဒါပေမဲ့ အဲဒီထဲက ပုံတော်တစ်ခုအပေါ် အတွေးချဲ့မိသောအခါ.. ထိုပုံတော်ကိုပဲ ဟိုအိမ်ဒီအိမ် သူငယ်ချင်းအိမ်.. လူကြုံအိမ်.. အိမ်ပြန်တုန်းက ကျွန်တော့်အိမ်မှာ တွေ့သောအခါ.. ကျွန်တော်ဒီစာကို တွေးမိတွေးရာ ရေးချင်မိလာပါသည်။

နှစ်နှစ်လောက်တော့ ရှိမည်။ ထိုထက်ပိုကြာချင် ကြာမည်ဖြစ်သော်လည်း ကျွန်တော်သတိထားမိသည်က အွန်လိုင်းမှာ ပြန့်နှံ့လာသည့် ၂၀၀၉  လောက်ကမှ ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ ပုံတော်အစစ်ဆိုပြီး ပုံတော်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ဘယ်လို ဖြစ်ပေါ်လာရပါသည်ဆိုသည့် ပုံတော်၏ နောက်ခံရာဇ၀င် ဇါတ်လမ်းနှင့်တကွ ပေါ်ထွက်လာခဲ့တာ ဖြစ်သည်။ မှတ်မိသလောက် အတိုချုပ် ပြောရလျှင် ယောဂီသူတော်စင်တစ်ယောက် မြတ်ဘုရား၏ ပုံတော်အစစ်ကို ဖူးမျှော်ချင်သည့် သဒ္ဒါဖြင့် အနှစ်နှစ်ဆယ် ကျင့်ကြံအားထုတ်ကာ ဓါတ်ပုံရိုက်ပြီး ရလာသော ပုံတော်ဖြစ်သည် ဟုဆိုပါသည်။

ဒီနေရာမှာ ဇါတ်လမ်း ယုတ္တိတန် မတန်သည် ကျွန်တော်ရေးလိုသည့် အကြောင်း မဟုတ်ပါ။ နိဗ္ဗာန်ကိုအဓိက မျှော်ကိုးပြီး ကျင့်ကြံတာမျိုးမဟုတ်ပဲ မြတ်ဘုရားရဲ့ ပုံတော်အစစ်ကို ဖူးမျှော်လိုတဲ့ သဒ္ဒါနဲ့ အနှစ်နှစ်ဆယ်လုံးလုံး တရားကျင့်ကြံအားထုတ်သည်ဆိုသော ဇါတ်လမ်း၊ ကျင့်ကြံအားထုတ်ထားသည့် စင်ကြယ်ကြည်လင်သော စိတ်နှင့်တောင် မဖူးမြင်နိုင်ပဲ စက်ပစ္စည်းကင်မရာက ပုံဖော်ပေးတဲ့ ဇါတ်လမ်း၊ ပရိတ်နိဗ္ဗါန်စံ မြတ်စွာဘုရားဟာ ၀ိညာဉ်အနေနဲ့လဲ မရှိ၊ ဘယ်လိုအနေအထားနဲ့ပါ ရုပ်နာမ်နှစ်ပါးအနေနဲ့ မတည်ရှိတော့ သော်လည်း ကင်မရာက ရုပ်ရှင်တွေမှာ ပြသလို အပြင်မှာမမြင်ရပဲ ရိုက်လိုက်မှ ပေါ်လာတဲ့ ပုံစံမျိုးဖော်ထားတဲ့ ဇါတ်လမ်း၊ အဲဒါကို နတ်ပြည်ရောက်တုန်း ဖူးမြှင်ခဲ့ရတာနဲ့ တူတူပါပဲဆိုတဲ့ ထောက်ခံချက်နဲ့ အားဖြည့်ထားတဲ့ ဒီဇါတ်လမ်းသည် ဘယ်လိုဘယ်ဝါပါ ဆိုတာမျိုးကို ကျွန်တော် ဝေဖန်ချင်တာမျိုး မဟုတ်ပါ။

အကြောင်းကတော့ လုံးလုံးအရေးမကြီး၍ ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်တို့၏ ပုံတော်၊ ဆင်းတု၊ စေတီတွေကို ရှိခိုးကြည်ညိုမှုသည် အဲဒီနောက်က ဂုဏ်တော်တွေကို ရည်စူးဖူးမြှော် ရှိခိုးတာ အဓိကလို့ အမှန်တရားကို နားလည်ထားလျှင် ဒီစစ်ခြင်း မစစ်ခြင်းသည် အရေးမပါလှပါ။ ကြည်ညိုသဒ္ဒါ မှန်ကန်ထက်သန်သရွေ့ အကျိုးမယုတ် အကျိုးရှိမည်သာ ဖြစ်သည်။ တကယ်အစစ်အမှန်ပုံတော်ပါလားလို့ လေးနက်ယုံကြည်ပြီး ကြည်ညိုသဒ္ဒါတိုးကာ ရှိခိုးလျှင် ကုသိုလ်တောင် ပိုရကြမည်သာ ဖြစ်သည်။ ဒီတော့ ဒီပုံတော် စစ်လားမစစ်လားသည် ကိုးကွယ်သူကို မထိခိုက်သော၊ အရေးမကြီးသော ကိစ္စသာဖြစ်သည်။

ဒါဆို ကျွန်တော်ဘာကို ရေးချင်တာလဲ။
မထိခိုက်ပေမဲ့ ဆင့်ပွားတွေးမိတာလေး တစ်ခုရှိပါသည်။

မြတ်ဘုရားရဲ့ ပုံတော်အစစ်လို့ ပြောထားသောကြောင့် ပန်းချီမဟုတ်ပဲ ကျွန်တော်တို့လူသားပုံ ဖြစ်ရသည်။ ဒီတော့ တကယ်သာ မြတ်ဘုရား ပုံတော်အစစ်ဆိုရင် အကြောင်းမဟုတ်သော်လည်း မဟုတ်ရင် ပန်းချီဆွဲထားတာ မဟုတ်သော  လူသားတစ်ယောက်ပုံဖြစ်သည်။ ဘယ်သူလဲ။ ပုံသည် အမှန်တကယ် မဟုတ်ပါက မိမိမျက်နှာကို မြတ်ဘုရားပုံပါလို့ အစားထိုးပြရဲအောင် ရဲဝံ့သူသည် ဘာသာဝင်တစ်ယောက်လဲ မဖြစ်နိုင်ပါ။ တကယ်သာ ဖန်တီးထားမှု ဖြစ်ပါက ကိုးကွယ်သူများအတွက် အကျိုးမယုတ်သော်လည်း တစ်ဖက်ကလဲ ကိုးကွယ်မှုအစစ်အမှန်ကို နားမလည်သော ဖန်တီးသူအတွက် ဒါက လှောင်ရယ်စရာ ဖြစ်နေမည်။ သက်ရှိထင်ရှားသူ ဖြစ်ပါက ဘုရားစင်မှာ၊ ခေါင်းရင်းမှာ၊ ကားတွေမှာ ကပ်ထားသော ပုံတော်ကို တွေ့တိုင်း တမိန့်မိန့် ပြုံးစရာ ဖြစ်မည်။

ဒီလိုစဉ်းစားမိတာကြောင့် ကျွန်တော်ဒီစာကို ရေးပါသည်။

ပုံတော်ကို ဖူးမြှော်ကာ ဂုဏ်တော်တွေကို အာရုံပြုကြည်ညိုရှိခိုးကြသော ကျွန်တော်တို့အတွက် တကယ်ဟုတ်လားမဟုတ်လား မသေချာသော ပုံတော်တစ်ခုကို အမှန်တကယ် လိုအပ်ရဲ့လား။ မြတ်ဘုရား သက်တော်ထင်ရှား ရှိစဉ်က ဂုဏ်တော်၊ ကျေးဇူးတော်တွေထက် မြတ်ဘုရားရဲ့ အဆင်းသဏ္ဍာန်မှာ ကြည်ညိုခဲ့သော ၀က္ကလိရဟန်းအား ဘုရားရှင်က ဆုံးမခဲ့ဖူးသော အချက်ကလဲ သတိပြုစရာ ဥပမာကောင်းတစ်ခု ဖြစ်သည်။

ကိုယ်ပိုင် အယူအဆတစ်ခုဖြင့် အဆုံးသတ်ရမည် ဆိုလျှင် ထိုပုံတော်၏ စစ်ခြင်း၊ တုခြင်းကို စိတ်မ၀င်စားပါ။ မြတ်ဘုရား၏ ကျေးဇူးဂုဏ်တော်တို့ကို သက်ဝင်ယုံကြည်မှု ဖြစ်သောကြောင့် ဖြစ်နိုင်လျှင် ပုံတော်အစစ်ကို ဖူးမျှော်လို့သည့် ဆန္ဒရှိသော်လည်း အဓိကအခရာ အချက် မဟုတ်ပြန်ပါ။

ဒီတော့ ကျွန်တော့်အတွက် ပန်းချီဆွဲထားသည့် ဘုရားပုံတော်တစ်ခု (ဒါမှမဟုတ်) ဆင်းတုတော်တစ်ဆူဆူရဲ့ ဓါတ်ပုံသည် ရိုသေမြတ်နိုး လက်စုံမိုးလျှက် ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ဦးချဖို့ လုံလောက်ပါသည်။ မဆုံးဖြတ်နိုင် မသေချာသော မြတ်ဘုရားပုံတော်အစစ် ဖြစ်ဖို့ အရေးတကြီး မလိုအပ်ပါလေ။

Sunday, December 4, 2011

ကျွန်တော်နှင့် စင်ကာပူ (၂)

စင်ကာပူနဲ့ ပက်သက်ပြီး ကိုယ့်ဘာသာ သတိထားမိလာတဲ့ ပြောင်းလဲမှုဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ သေချာခဲ့ပါသည်။

အဲဒီတုန်းက ပွဲစပြီး တော်တော်ကြာတဲ့ထိ ရွှေတံဆိပ် ကော်လံအောက်မှာ သုံညဖြစ်နေသေးသော မြန်မာဆုတံဆိပ် ဇယားကို အားမလို အားမရစိတ်ဖြင့် အလုပ်အကိုင် ပျက်တဲ့ထိကို နေ့စဉ်ပွဲစဉ်ဇယားတွေမှာ ကျွန်တော် နစ်မြုပ်နေခဲ့၏။ ဘယ်မြန်မာအသင်းကတော့ ဘယ်အခြေအနေရှိပြီ.. ဘယ်နေရာတော့ ပြိုင်ဖက်က ဘယ်လိုကောင်းနေတယ်.. ဘယ်မှာတော့ မျှော်လင့်နိုင်သား.. စသဖြင့်..

အဲဒီမှာ ကျွန်တော်နောက်ထပ် စိတ်ဝင်တစား သတိထား စောင့်ကြည့်မိသော တခြားနိုင်ငံ နှစ်ခုရှိခဲ့၏။ တစ်ခုက လာအို၊ မြန်မာအသင်း အထက်ရောက်နေပြီး အဆင့်တက်အောင် အဓိက ကျော်ရမည့် ပြိုင်ဖက်။ နောက်တစ်ခုက...
စင်ကာပူ..

စင်ကာပူ ရလဒ်ကို ကျွန်တော်စိတ်ဝင်စားသည်။ ဇယားမှာ ဆုတံဆိပ် တက်သွားတိုင်း ကျွန်တော်သဘောတကျ။ သူ ရေကူးကနေ ရွှေတွေ အများကြီး ရတယ်ကြားတော့ ကျွန်တော်ကျေနပ်သည်။ ဒီသဘောကျမှုတွေ ကျေနပ်မှုတွေက ဇယားမှာ မြန်မာ ရွှေ(၁) ဆိုတာ စမြင်ရချိန် ကစပြီး မြန်မာ ဘောလုံး အသင်း ကြေးတံဆိပ် ရချိန်ထိ ကျွန်တော်ရခဲ့သော ပျော်ရွှင်မှုတွေနဲ့ ယှဉ်လျှင် အဆပေါင်း များစွာနဲပါးလှသော်လဲ..

ဒီအဖြစ်ကပဲ ကျွန်တော့် ရင်ထဲက စင်ကာပူနှင့် ပက်သက်သော ပြောင်းလဲလာသည့် ခံစားချက်ကို သေချာခဲ့တာဖြစ်သည်။

စင်ကာပူ ရောက်စက အိမ်လွမ်းစိတ်ဖြင့် ကျွန်တော် မပျော်ပါ။
ဖိအားများသော ပြိုင်ဆိုင်မှုပြင်းထန်သော လုပ်ငန်းခွင်။ အမြဲတမ်း ပိတ်ထားတတ်သည့် တိုက်ခန်းတံခါးများ၊ အိမ်နီးချင်းများ။ မျက်နှာထား တင်းတင်းနှင့် ရထားပေါ်မှ မျက်နှာများ။ ကိုယ်နားမလည်သော စကားများကို ပြောနေသည့် လူမျိုးပေါင်းစုံ။

ရောက်စအစောပိုင်းကာလများသည် လကုန်ရက် ဘဏ်ထဲက လစာကို ကြည့်ရသည့် အပျော်တစ်ခုက လွဲလို့ အိမ်ပြန်ပြေးချင်စိတ်သည်သာ ကျွန်တော့်ကို အဖုန်းလွှမ်းဆုံး ကာလများ ဖြစ်ခဲ့၏။

ကြာတော့လဲ နေသားကျလာခဲ့သည်။ နေသားကျတယ် ဆိုတာက နေလို့ပျော်လာတာမျိုး မဟုတ်။ မပျော်ပဲ နေရတာကို အသားတကျ ဖြစ်လာတာမျိုး ဖြစ်သည်။ ငါ အလုပ်လာလုပ်တာပဲ တခြားသိပ်မတွေးနေနဲ့.. ငါ့နေရာလဲ မဟုတ်ဘူး.. ဆိုသော ခပ်ပေါ့ပေါ့ အတွေးနဲ့သာ ကျွန်တော် လေးနှစ်ကို ဖြတ်သန်းခဲ့ပါသည်။

ကျဉ်းသေးသေး ဧရိယာလေးကို ကျွန်တော်လှောင်ပြောင်ခဲ့သည်။ နေရာတကာ အတုတွေဖုံးလွှမ်းနေသော သူ့ သယံဇာတဆိုတာကို ကျွန်တော်ပြက်ရယ်ပြုသည်။ ဤသို့ဖြင့် “စလုံးတွေများကွာ..”အစချီသော မဆုံးနိုင်သည့် စင်ကာပူ မကောင်းကြောင်း ပြောရာတွင် ကျွန်တော် ရှေ့ဆုံးက အားတက်သရော ရှိသူ ဖြစ်ခဲ့ပါသည်။

ခုတော့ လေးနှစ်ဆိုသော ကာလအတွင်း စင်ကာပူသည် ကျွန်တော့် ဒုတိယအိမ် ဖြစ်ခဲ့ပြီ။
ကျွန်တော့် အစွမ်းစနဲ့ ရှာဖွေ လုပ်ကိုင်ပြီး ထိုက်သင့်တဲ့ လစာရတာမှန်ပေမဲ့ အဲဒီအခွင့်အရေးတွေ ဖွင့်ပေးပြီး ကျွန်တော့်ကို ဆီးကြိုခဲ့တဲ့ မြေ။ ဘာသယံဇာတမှ မရှိတာမို့ ကိုယ့်အားကိုယ်ကိုး အစွမ်းကုန် ကြိုးစားနေရရှာတဲ့ နိုင်ငံသေးသေးလေး။ ပတ်ဝန်းကျင်တခွင် ကြည့်လိုက်ရင် နိုင်ငံခြားသားကြီးပဲမို့ ကိုယ့်ကိုယ်ကိုယ် နိုင်ငံခြားရောက်နေသလိုလို ခံစားရပြီး အမြဲတံခါး ပိတ်ခဲ့ကြပေမဲ့ ခွဲခြားဆက်ဆံမှုဆိုတာကိုတော့ စင်းလုံးချော မဟုတ်တောင် အတတ်နိုင်ဆုံး ထိန်းချုပ်ဆက်ဆံ ပေးတတ်ကြပြန်တဲ့ စင်ကာပူနိုင်ငံသားတွေ

ဘာကြောင့် အလကားနေရင်း ကျွန်တော် အမြင်မကြည် ဖြစ်နေခဲ့ပါသလဲလေ။

ကိုယ့်နေရာမဟုတ် အချိန်တန်ရင် အိမ်ပြန်မဲ့ လူဆိုတာ ကိုယ့်ဘာသာ အဆုံးစွန်သေချာနေပေမဲ့ ကမ္ဘာပေါ်မှာတော့ ကျွန်တော့်အမိမြေပြီးရင် အရင်းနှီးဆုံး ဒုတိယနေရာလေး တစ်ခုအဖြစ်တော့ စင်ကာပူကို ကျွန်တော် ခံစားလို့ ရလာပါပြီ။ ဒီမြေရဲ့ ကောင်းသတင်းတွေပဲ ကျွန်တော်ပိုကြားချင်ပါသည်။ ဒီနေရာလေး ပိုပြီး တိုးတက် ကောင်းမွန်လာမှာကို ကျွန်တော် တကယ်ဆန္ဒရှိပါသည်။ ဤနိုင်ငံငယ်လေး အစွမ်းရှိသလောက် ရှေ့တက်စမ်းပါလေ။

ဒီတော့...
ခုမှပြောရမလားဆိုပြီး စိတ်ပဲဆိုးလေမလား၊
ဝမ်းနဲပြီး ငိုမဲ့မဲ့ ဖြစ်သွားလေမလား မပြောတတ်သော်လည်း ကျွန်တော် သူ့ကို ဖွဖွလေး တစ်ခုပြောချင်ပါသည်..

“မင်းကိုလဲ ငါချစ်ပါတယ် စင်ကာပူရယ်..”


သုတ

Sunday, November 6, 2011

ရွှေ (၃)

စင်ကာပူရောက် မြန်မာတွေကြားထဲမှာ မြန်မာနိုင်ငံကို “ရွာ”ဟု နာမ်စားသုံးတာမျိုး မကြာခဏ ကြားရတတ်သည်။

အဆိုးပဲ ပြောပြော အကောင်းပဲ တတ သုံးတတ်တာမို့ တမင်တကာကြီး နှိမ်ချခေါ်ဝေါ် ကြတာမျိုး မဟုတ်တာတော့ သေချာပါသည်။ ကိုယ့်နိုင်ငံကိုယ် တမင်တကာကြီးတော့ ဘယ်သူမှ ချိုးချိုးနှိမ်နှိမ် ခေါ်ကြမှာလဲ မဟုတ်။ ရွှေတို့ ဘာတို့တောင် ကိုယ့်ဘာသာ အမည်တပ်ထားသေး တာပဲလေ...

ဒါပေမဲ့ ကြားခါစကတော့ ကျွန်တော့်နားထဲ တော်တော်ကြီးကို ကန့်လန့် နိုင်သည်။  ဘယ်လိုမှ သီးခံ နားထောင်ပေးလို့မရ.. မရင်းနှီးတဲ့ တစိမ်းတွေ အနားမှာ ပြောနေတာမျိုးဆို ထထွက်သွားတာမျိုး.. ကိုယ့်ကို ပြောနေတာမျိုးဆို သိသိသာသာကို စကားဖြတ်ပစ်တာမျိုး.. ရင်းနှီးတဲ့ သူငယ်ချင်းတွေဆိုရင်တော့ ပေါ်တင် တားပစ်လိုက်တာမျိုးတွေ လုပ်မိတဲ့အထိ ဒီအသုံးအနှုန်း အပေါ် ကျွန်တော် တလေးတနင့် ခံစားသည်။ နှိမ့်နှိမ့်ချချ ခေါ်သည်ဟု ယူဆသည်။

ဘယ့်နှယ်ဗျာ.. ကျွန်တော့်နိုင်ငံကိုများ “ရွာ”တဲ့..

............................

1818 ကြော်ငြာ မဟုတ်ပါ.. :P
ဒီရောက်ပြီး နှစ်နှစ်ပြည့်တော့ ကျွန်တော် အမှတ်တရ ဒီဇိုင်းလေးတစ်ခု လုပ်ဖြစ်သည်။ ဒီဇိုင်နာဆိုတော့လဲ လက်ဆော့သည်ပေါ့။ သစ်ပင်လေးမှာ ဖုန်းကဒ်လေးတွေ စီထားသော ကျွန်တော့်ဖန်တီးမှုသည် ပြည့်စုံကောင်းမွန်သော ဒီဇိုင်းတစ်ခု မဟုတ်ပေမဲ့ ကိုယ့်အိုင်ဒီယာ ကိုယ့်ဘာသာ သဘောတကျ။ နာမည်ပေးဖို့ စဉ်းစားတော့

ပထမ အလွမ်းသစ်ပင်.. သိပ်မမိုက်သေး.. အချစ်ဝတ္တုလိုလို ဘာလိုလို...

အမိမြေ အလွမ်းသစ်ပင်.... စပ်ဟပ်မှုလဲမရှိ၊ ပေါ့ပေါ့ပါးပါး မရှိလှ။

အမေ့အိမ် တို့ အိမ်လွမ်းသစ်ပင်တို့.. သဘောကျပေမဲ့ ကိုယ့်အိမ်ပဲ လွမ်းတဲ့ ပုံစံသီးသန့်ကြီး ဖြစ်နေသည်။ ကျွန်တော်ပြောချင်တာက အိမ်တင်မက မြန်မာပြည်ကိုပါ လွမ်းတာမျိုး

အဲဒီမှာတင် ကျွန်တော် “ရွာ”ကို စပီးခံစားမိတာ ဖြစ်သည်။ ပထမတော့ စဉ်းစားမရသည့်အဆုံး ပေါက်ကရ ညစ်တွန်းတွန်း ရေးချလိုက်သော ခေါင်းစဉ် ဖြစ်ပေမဲ့ ရွာလွမ်းသစ်ပင်သည် ကျွန်တော့ဖီလင်ကို အပြည့်ထိသည်။ ဟတ်ထိသည် ဆိုပါတော့။

ဒီနေရာမှာ ရွာသည် ကျွန်တော်ဆီသို့ နွေးထွေးသော အဓိပ္ဗါယ်တွေ သယ်လာ၏။
တစိမ်းဆန်မှုတွေ၊ ရုပ်ဝတ္ထု လွှမ်းမိုးမှုတွေ၊ ဖိအားဖြင့် မွန်းကျပ်မှုတွေက အများအားဖြင့် မြို့ပြရဲ့ အငွေ့အသက်တွေလို ဖြစ်နေသည်။ ရွာဆိုသော အသုံးကတော့ အေးမြစေသည်။ ရင်းနှီးနွေးထွေးသည်။ တစိမ်းလဲမဆန်။

အမေနဲ့ရွာ...
ဒီလို ရွာလွမ်းချင်းဘွဲ့တွေများစွာ မြန်မာပြည်မှာ မကြာခဏ ကြားခဲ့တာကလဲ ခုလို အမေ့အိမ်ကိုရော အဝေးတနေရာက ကိုယ်နေခဲ့တဲ့ နေရာကိုပါ သတိတရ ရှိချိန်မှာ ထပ်တူကျစေခဲ့ တာမျိုးလဲ ဖြစ်နိုင်သည်။

ကျွန်တော့် “ရွာ”သည် ရုပ်ဝတ္ထုထက် ခံစားမှုကို ပိုကိုယ်စားပြုသည်။ အထီးကျန်ငြီးငွေ့ချိန်မှာ တမ်းတရသော နေရာတစ်ခုရဲ့ နာမ်စား ဖြစ်သည်။ ကျွန်တော့နိုင်ငံကို မျက်စိဖွဖွမှိတ်ပြီး ခေါ်ကြည့်ဖို့ အရသာရှိသော နာမတစ်ခု ဖြစ်လာသည်။

ထိုအခါ “ရွာ”သည် ကျွန်တော့်အတွက် နှိမ်ချသော အခေါ်လည်း မဟုတ်တော့။ အဲလို မခံစားရတော့။
ခုံတော်မောင်ကျဘန်း စကား ငှားပြောရမည်ဆိုလျှင်လည်း လူ့ရွာ နတ်ရွာဟုတောင် သုံးနှုန်းသေးသည်ပဲ။ ကျွန်တော့်အမိမြေသည် ကျွန်တော့်ရွာဖြစ်သည်မှာ ဘာဖြစ်သလဲလေ။

.................................

ခုတော့ ကျွန်တော်ကိုယ်တိုင် မကြာခဏ မသုံးဖြစ်သေးပေမဲ့ ရွာလို့ အားပါးတရသုံးပီး ကိုယ့်နိုင်ငံအကြောင်း ပြောနေတဲ့ ရွှေတွေကို ကျေကျေနပ်နပ် ကြည့်နေနိုင်ပါပြီ။ ကျွန်တော် သတ်မှတ်တာတော့ သူတို့ဟာ ရွာဆိုတဲ့ အခေါ်ဝေါ်တစ်ခုရဲ့ နောက်က လေးနက်မှုတွေကို ကျွန်တော့်ထက် အရင် နားလည်ခံစားပြီး စားသုံးကြသူတွေပဲ မဟုတ်ဘူးလားဗျာ။