Saturday, September 25, 2010

ေရာ္ဘင္သုု

ကျွန်တော် ရေပုံးထဲကရေကို ဇလားလေးထဲ လောင်းချလိုက်သည်။ စိမ်းမြကာ ကြည်လင်နေသော ရေတွင်းထဲကရေသည် ဇလားထဲရှိ ဗွက်များနှင့်ရောကာ ချက်ခြင်းနောက်ကျိ သွားသည်။ ထိုနောက်ကျိကျိရေနှင့်ပင် ဗွက်တို့လူးနေသည့် လက်ကို အသာနှစ်ဆေးရင်း နေပူထဲမှာ လှမ်းထားသော လောက်စာလုံးများကို အကဲခတ်လိုက်သည်။ ရလောက်ပီထင်သည်။ စလုံးခါစက ရွှံ့နှစ်ရောင် ပြေးနေသော လောက်စာလုံးများသည် ကျစ်ကျစ်တောက် နေပူထဲတွင် အဖြူရောင်ကူးစ ပြုနေကြပြီ။

“ရပီထင်တယ်ကွ.. ဘယ်လောက်ကြာအောင် လှမ်းရမှာလဲ..”
နေပူထဲက လောက်စာလုံးများ ဘေးမှာပင် ငုတ်တုတ်ထိုင်ရင်း ကျွန်တော် စိတ်လောကာ မေးလိုက်သည်။ ထိုလောက်စာလုံးများကို ထိတော့မထိရဲ။ ကိုယ်ကိုင်လိုက်လို့ မတော်တဆ ပျက်သွားရင် အချောင် ဆဲခံထိမည်လေ။

“ခု ပစ်မယ်ဆိုလဲ ပစ်လို့တော့ ရနေပါပီ.. ခဏလေး ထပ်စောင့်လိုက်ရင်တော့ ပိုကောင်းတာပေါ့”
စိုးဝင်းက ဆရာကြီးလေသံဖြင့် ပြော၏။ မျက်နှာထားကိုပါ ကျွန်တော်တို့ကို ရှင်းပြနေသည့် ပုံစံဖမ်းထားသေးသည်။ ဒါပေမဲ့ ကျွန်တော်ရော ကျွန်တော့အကိုပါ သေချာပင် နားထောင်ပီး လောက်စာလုံးများကို ငေးကြည့်ကာ ခေါင်းတငြိတ်ငြိတ် လုပ်နေကြသည်။ ခုနှစ်တန်း တက်ရမည့် စိုးဝင်းသည် ကျွန်တော်တို့ အတွက်တော့ အတန်းပညာလည်းကြီး၊ ခုလိုလောက်စလုံး လုပ်ရာမှာလည်း ဆရာကြီး ပင်ဖြစ်သည်။

ဒါပထမဆုံးအကြိမ် လောက်စာလုံးနှင့် လေးခွပစ်ဖို့ အခွင့်အရေးပင် ဖြစ်သည်။ ညီအကို နှစ်ယောက်လုံး ငါးတန်းအောင်သည့်အထိ တစ်ခါမှ ဒီလိုမဆော့ဘူးကြတာမို့လဲ အရမ်းတက်ကြွနေကြသည်။ ခုလည်း လူကြီးတွေ မသိကြပါ။ မြိတ်ရောက်ခစလဲဖြစ်၊ ကျောင်းတွေတက်ဖို့ကလည်း စောင့်နေရတုန်းအချိန်လဲဖြစ်တာမို့ စိတ်ကြိုက် ဆော့ကစားခွင့် ရနေခြင်းဖြစ်သည်။ ညီအစ်ကိုနှစ်ယောက် ဟိုယောင်ယောင် ဒီယောင်ယောင် ဆော့နေတုန်း ဘေးအိမ်မှ စိုးဝင်း၏ မင်းတို့ ငှက်ပစ်မလားဆိုသည့် ကမ်းလှမ်းချက်သည် ကျွန်တော်တို့အတွက် တကယ့်ကို အထူးအဆန်းဖြင့် မငြင်းဆန်နိုင်အောင် ဆွဲဆောင်မှု ကောင်းခဲ့သည်။ အားကျိုးမာန်တက်ပင် ရွှံ့ခူးကြ ရေနှုးကြဖြင့် တစ်နာရီနီးပါးမျှ အလုပ်ရှုပ်ခဲ့ကြ၏။

မကြာပါ။ လောက်စာလုံးများ အိပ်ထဲ ဖောင်းနေအောင် ထည့်ကာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ဟိုချောင်းဒီချောင်းနှင့် ငှက်များကို လိုက်ကြည့်နေကြသည်။ ပစ်ပုံပစ်နည်းကိုလည်း စိုးဝင်းက သေချာပြထားတာမို့ လက်က ပစ်ချင်လှပြီ။ ပန်းခြုံကြားထဲက စာကလေးတစ်ကောင်ကို ကျွန်တော်တွေ့လိုက်သည်။ ငှက်က ကျွန်တော့ကို ဂရုမစိုက်တာလား မမြင်တာလားမသိ။ ကျွန်တော်လက်ဆန့်လိုက်တာတောင် ထမပျံပဲနေသည်။ အရေးထဲ ထူပိန်းနေအောင် အမေလိမ်းပေးထားသော သနပ်ခါးက ချွေးနှင့်ရောကာ မျက်စိကို စပ်ဖျဉ်းဖျဉ်း နေရာခက်စေသည်။ ဒါတွေဂရုမစိုက်အားပါ။ အသက်အောင့်ပီး မျှော့ကြိုးကို လွှတ်လိုက်သည်နှင့် လောက်စာလုံး ပြေးထွက်သွားသည်။ ငှက်ကို ထိသွားတာ ကျွန်တော်မတွေ့လိုက်။ ဒါပေမဲ့ စာကလေးသည် ဖုတ်ခနဲ အောက်ပြုတ်ကျသည်။ ပီးတော့ မြေကြီးတွင် တောင်ပံတဖတ်ဖတ်ရိုက်ကာ လူးလှိမ့်နေသည်။

လေးခွသည် လက်ထဲက ဘယ်လိုလွတ်ကျသွားမှန်းပင် ကျွန်တော်မသိလိုက်။ ပျော်စရာမကောင်းပါ။ နှလုံးသည် တဒုတ်ဒုတ်ဖြင့် ပြင်းစွာခုန်ကာ လည်ချောင်းထဲ ဆို့လာသည်။ ကျွန်တော် အိမ်ဘက် လှည့်ပြေးသည်။

အမေသည် ရုတ်တရက်ပြေးဝင်လာကာ ဖက်လိုက်သည့် ကျွန်တော့ကို အလန့်တကြားဖြင့် ငုံ့ကြည့်သည်။

“ဟဲ့.. ဘာဖြစ်တာလဲ.. သား.. ဘာဖြစ်တာလဲ ပြောစမ်း..”
“စာကလေး.. စာ.. စာကလေး.. သေပီလားမသိဘူး..” ကျွန်တော် တုန်ယင်စွာပြောသည်။ အမေ အေးစက်စက် ကျွန်တော့် လက်တွေကို ဆုပ်ပီး သေချာထပ်မေးသည်။

“ကျွန်တော်ပစ်လိုက်တာ ထိသွားပီ.. သေပီလားမသိဘူး.. အီးဟီးဟီး...”

ပြောရင်းမှ ကျွန်တော်ငိုတော့သည်။ ထိုနေ့က လူကြီးတွေ ကျွန်တော့်ကို တော်တော် ချော့လိုက်ရသည်။ ကျွန်တော့်အမက သွားကြည့်ပီး မသေပါဘူး.. ရှပ်ထိသွားတာ... ထတောင် ပျံသွားပီဟုဆိုသည်။ အမေကတော့ စိုးဝင်းကိုရော ကျွန်တော့်အကိုကိုပါ ဆူပူလိုက်သည်မှာ မနည်း။ အမေလုံး၀ မကြိုက်သည့် ကစားနည်းကို ဆော့တာချင်းတူတူ ကျွန်တော်က အဆူလွတ်သွားပီး အကိုကတော့ နားပူအောင်ကို အဆူခံလိုက်ရတော့သည်။

-----------------------------------------------------------------------

တကယ်တော့ အဲဒီနေ့က ကျွန်တော်ပစ်ခဲ့တဲ့ စာကလေးက မရှင်ခဲ့ပါဘူး။ အမက ကျွန်တော် စိတ်ပြေအောင် တမင်ပြောခဲ့တာပါ။ အဲဒီလိုမျိုး လေးခွကို ပထမဆုံးအကြိမ် စဆော့ပီး ငှက်ကို ပထမဆုံး အချက်နဲ့ကို ထိအောင်ပစ်ခဲ့တဲ့ ကျွန်တော်ဟာ နောက်ပိုင်း လူကြီးတွေ လစ်ပီဆိုတာနဲ့ လေးခွခိုးပစ်ပီး အကျွမ်းတဝင်ရှိလာတဲ့ အချိန်ကြတော့ ရှစ်တန်းနှစ်ထိ သုံးနှစ်လောက်နီးပါး ပစ်ခဲ့တာတောင် မှတ်မှတ်ရရ နှစ်ကောင်ပဲ ထပ်ထိပါတော့တယ်.. လက်မှန်ပုံများ စံတင်လောက် ပါတယ်လေ.. အဲဒီလက်မမှန်တာကတော့ ကိုးတန်း ဆယ်တန်းရောက်လို့ စက္ကူမျှားတွေ ပစ်တဲ့ထိပါပဲဗျာ..