Sunday, November 6, 2011

ရွှေ (၃)

စင်ကာပူရောက် မြန်မာတွေကြားထဲမှာ မြန်မာနိုင်ငံကို “ရွာ”ဟု နာမ်စားသုံးတာမျိုး မကြာခဏ ကြားရတတ်သည်။

အဆိုးပဲ ပြောပြော အကောင်းပဲ တတ သုံးတတ်တာမို့ တမင်တကာကြီး နှိမ်ချခေါ်ဝေါ် ကြတာမျိုး မဟုတ်တာတော့ သေချာပါသည်။ ကိုယ့်နိုင်ငံကိုယ် တမင်တကာကြီးတော့ ဘယ်သူမှ ချိုးချိုးနှိမ်နှိမ် ခေါ်ကြမှာလဲ မဟုတ်။ ရွှေတို့ ဘာတို့တောင် ကိုယ့်ဘာသာ အမည်တပ်ထားသေး တာပဲလေ...

ဒါပေမဲ့ ကြားခါစကတော့ ကျွန်တော့်နားထဲ တော်တော်ကြီးကို ကန့်လန့် နိုင်သည်။  ဘယ်လိုမှ သီးခံ နားထောင်ပေးလို့မရ.. မရင်းနှီးတဲ့ တစိမ်းတွေ အနားမှာ ပြောနေတာမျိုးဆို ထထွက်သွားတာမျိုး.. ကိုယ့်ကို ပြောနေတာမျိုးဆို သိသိသာသာကို စကားဖြတ်ပစ်တာမျိုး.. ရင်းနှီးတဲ့ သူငယ်ချင်းတွေဆိုရင်တော့ ပေါ်တင် တားပစ်လိုက်တာမျိုးတွေ လုပ်မိတဲ့အထိ ဒီအသုံးအနှုန်း အပေါ် ကျွန်တော် တလေးတနင့် ခံစားသည်။ နှိမ့်နှိမ့်ချချ ခေါ်သည်ဟု ယူဆသည်။

ဘယ့်နှယ်ဗျာ.. ကျွန်တော့်နိုင်ငံကိုများ “ရွာ”တဲ့..

............................

1818 ကြော်ငြာ မဟုတ်ပါ.. :P
ဒီရောက်ပြီး နှစ်နှစ်ပြည့်တော့ ကျွန်တော် အမှတ်တရ ဒီဇိုင်းလေးတစ်ခု လုပ်ဖြစ်သည်။ ဒီဇိုင်နာဆိုတော့လဲ လက်ဆော့သည်ပေါ့။ သစ်ပင်လေးမှာ ဖုန်းကဒ်လေးတွေ စီထားသော ကျွန်တော့်ဖန်တီးမှုသည် ပြည့်စုံကောင်းမွန်သော ဒီဇိုင်းတစ်ခု မဟုတ်ပေမဲ့ ကိုယ့်အိုင်ဒီယာ ကိုယ့်ဘာသာ သဘောတကျ။ နာမည်ပေးဖို့ စဉ်းစားတော့

ပထမ အလွမ်းသစ်ပင်.. သိပ်မမိုက်သေး.. အချစ်ဝတ္တုလိုလို ဘာလိုလို...

အမိမြေ အလွမ်းသစ်ပင်.... စပ်ဟပ်မှုလဲမရှိ၊ ပေါ့ပေါ့ပါးပါး မရှိလှ။

အမေ့အိမ် တို့ အိမ်လွမ်းသစ်ပင်တို့.. သဘောကျပေမဲ့ ကိုယ့်အိမ်ပဲ လွမ်းတဲ့ ပုံစံသီးသန့်ကြီး ဖြစ်နေသည်။ ကျွန်တော်ပြောချင်တာက အိမ်တင်မက မြန်မာပြည်ကိုပါ လွမ်းတာမျိုး

အဲဒီမှာတင် ကျွန်တော် “ရွာ”ကို စပီးခံစားမိတာ ဖြစ်သည်။ ပထမတော့ စဉ်းစားမရသည့်အဆုံး ပေါက်ကရ ညစ်တွန်းတွန်း ရေးချလိုက်သော ခေါင်းစဉ် ဖြစ်ပေမဲ့ ရွာလွမ်းသစ်ပင်သည် ကျွန်တော့ဖီလင်ကို အပြည့်ထိသည်။ ဟတ်ထိသည် ဆိုပါတော့။

ဒီနေရာမှာ ရွာသည် ကျွန်တော်ဆီသို့ နွေးထွေးသော အဓိပ္ဗါယ်တွေ သယ်လာ၏။
တစိမ်းဆန်မှုတွေ၊ ရုပ်ဝတ္ထု လွှမ်းမိုးမှုတွေ၊ ဖိအားဖြင့် မွန်းကျပ်မှုတွေက အများအားဖြင့် မြို့ပြရဲ့ အငွေ့အသက်တွေလို ဖြစ်နေသည်။ ရွာဆိုသော အသုံးကတော့ အေးမြစေသည်။ ရင်းနှီးနွေးထွေးသည်။ တစိမ်းလဲမဆန်။

အမေနဲ့ရွာ...
ဒီလို ရွာလွမ်းချင်းဘွဲ့တွေများစွာ မြန်မာပြည်မှာ မကြာခဏ ကြားခဲ့တာကလဲ ခုလို အမေ့အိမ်ကိုရော အဝေးတနေရာက ကိုယ်နေခဲ့တဲ့ နေရာကိုပါ သတိတရ ရှိချိန်မှာ ထပ်တူကျစေခဲ့ တာမျိုးလဲ ဖြစ်နိုင်သည်။

ကျွန်တော့် “ရွာ”သည် ရုပ်ဝတ္ထုထက် ခံစားမှုကို ပိုကိုယ်စားပြုသည်။ အထီးကျန်ငြီးငွေ့ချိန်မှာ တမ်းတရသော နေရာတစ်ခုရဲ့ နာမ်စား ဖြစ်သည်။ ကျွန်တော့နိုင်ငံကို မျက်စိဖွဖွမှိတ်ပြီး ခေါ်ကြည့်ဖို့ အရသာရှိသော နာမတစ်ခု ဖြစ်လာသည်။

ထိုအခါ “ရွာ”သည် ကျွန်တော့်အတွက် နှိမ်ချသော အခေါ်လည်း မဟုတ်တော့။ အဲလို မခံစားရတော့။
ခုံတော်မောင်ကျဘန်း စကား ငှားပြောရမည်ဆိုလျှင်လည်း လူ့ရွာ နတ်ရွာဟုတောင် သုံးနှုန်းသေးသည်ပဲ။ ကျွန်တော့်အမိမြေသည် ကျွန်တော့်ရွာဖြစ်သည်မှာ ဘာဖြစ်သလဲလေ။

.................................

ခုတော့ ကျွန်တော်ကိုယ်တိုင် မကြာခဏ မသုံးဖြစ်သေးပေမဲ့ ရွာလို့ အားပါးတရသုံးပီး ကိုယ့်နိုင်ငံအကြောင်း ပြောနေတဲ့ ရွှေတွေကို ကျေကျေနပ်နပ် ကြည့်နေနိုင်ပါပြီ။ ကျွန်တော် သတ်မှတ်တာတော့ သူတို့ဟာ ရွာဆိုတဲ့ အခေါ်ဝေါ်တစ်ခုရဲ့ နောက်က လေးနက်မှုတွေကို ကျွန်တော့်ထက် အရင် နားလည်ခံစားပြီး စားသုံးကြသူတွေပဲ မဟုတ်ဘူးလားဗျာ။

No comments: