Sunday, May 3, 2009

တူမနဲ့ အမွှာတူလေးနှစ်ယောက်



အဲဒီတုန်းက လေဆိပ်မှာ ဖုန်းကင်မရာလေးနဲ့ ရိုက်ခဲ့တာပါ.. သုံးယောက်လုံးက အဲဒီဖုန်းကို အကြီး အကျယ်ကလိချင်နေ ကြတာဆိုတော့ အိုက်တင်ကောင်းကောင်း လုပ်မှ ပေးကိုင်မယ်ဆိုပီး ရိုက်ခဲ့တဲ့ ပုံပေါ့.. ပီးတာနဲ့ ဘက်ထရီကုန်တဲ့အထိကို သုံးယောက်သား လုယက် ရန်ဖြစ်ပြီးကို ဆော့ကြတော့တာပါပဲ.. ကျွန်တော်လဲ ကိုယ့်စကားနဲ့ကိုယ် ငုတ်တုတ်ထိုင်ကြည့်ခဲ့ရတာပေါ့..

Friday, May 1, 2009

စိတ်

နာရီက နှိုးစက်သံနဲ့အတူ ဘေးမှာ အခန်းဖော် သူငယ်ချင်းတွေ လှုပ်လှုပ် လှုပ်လှုပ် (ကသုတ်ကရက်ပေါ့ဗျာ) ပြင်ဆင်နေကြတော့ နိုးနေလျှက်နှင့်ပင် မျက်လုံးကို မဖွင့်ပဲ သူဆက်မှိန်းနေသည်။ လုံးဝမထချင်ပါ။ ရုံးလည်း မသွားချင်ပါ။ စိတ်ရှိလက်ရှိ ဆက်အိပ်နေချင်စိတ်က တော်တော်ကြီးကို ပြင်းထန်နေ၏။


ဒါပေမဲ့လည်း နာရီဝက် လေးဆယ့်ငါးမိနစ်လောက်ထက် ပိုပီး အချိန်မဆွဲရဲ။ အချိန်တန်တော့လည်း ကုန်းရုံးထရတော့သည်။ ဒါတောင် ရုံးနဲ့အိမ်က ဘာမှစီးစရာ မလိုလောက်အောင် နီးနေတာမို့ ဒီလောက် အချိန်ရတာဖြစ်သည်။ သွားတိုက်နေရင်း မှန်ထဲမှပေါ်နေသော ပုံသည် လေးပင်သောစိတ်ကြောင့် ထိုင်းမှိုင်းနေ၏။ မနေ့ညနေလောက်က စပီး ထိုင်းမှိုင်းလေးလံလာတာပါ။


လေးပင်ဖင့်နွဲ့နေသောကြောင့်လားပင်မသိ၊ လက်မှနာရီသည် သာမာန်ထက် ပိုမြန်နေသလို သူထင်မိသည်။ ဘာမှမလုပ်ရသေးပဲကို အိမ်ကထွက်ချိန်က ရောက်လာသည်။ တံခါးသော့ခတ်ချိန်မှာ “သွားပီဗျို့”လို့ အော်ဟစ်နှုတ်ဆက်ပီး ရုံးသွားခဲ့တဲ့ မြန်မာပြည်က အချိန်ကို လွမ်းမိ၏။ ခုတော့ တံခါးချပ်သည် အေးစက်စက် ရှုတည်တည်ပင်။


လက်ထဲမှာ ထမင်းချိုင့်လည်း ဆွဲစရာမလိုပါ။ အမိုးတွေအောက်က သွားရသည်မို့ ထိန်တောက်နေသည့် နေကလည်း အနှောင့်အယှက်ကြီးမဖြစ်။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါး ဖြစ်မနေသလို တက်တက်ကြွကြွလည်း မရှိ။ ခုရုံးသွားမည်။ အလုပ်လုပ်မည်။ ပြန်လာမည်။ နောက်နေ့ပြန်သွားမည်။ ဘဝက ဒါပဲလား။ ရုံးပိတ်ရက်တွေ လမ်းမရှိလမ်းရှာထွက်။ ပျော်လားမပျော်လားလည်း မသေချာ။ ပိုက်ဆံတွေကုန်။ အကုန်မခံနိုင်တဲ့အချိန် အခန်းထဲမှာနေတော့လည်း လူက ကျဥ်းကျပ်ကျပ် ယောင်တောင်တောင်။  သူတော်တော်ကို ရှည်ရှည်လျောက်တွေးနေမိသည်။ စိတ်ပျက်နေမိသည်။ မိသားစုကိုလွမ်းသည်။ မြန်မာပြည်ကိုလွမ်းသည်။


ဟိုမှာ ဒီထက်မက ပင်ပင်ပန်းပန်းလုပ်ရသော်လည်း ပင်ပန်းတယ်လို့မထင်မိပါ။ ဆူညံနေသည့် မိသားစုသည်လည်း ခုတိတ်ဆိတ်နေသော ပျင်းခြောက်ခြောက် ပတ်ဝန်းကျင်ထက် သာသလိုပင်။ နာရီအချိန်တို့သည် ခုလိုမမြန်လှဟုထင်သည်။


အတွေးတွေနဲ့ ရုံးခန်းထဲလှမ်းဝင်လိုက်သည်။ နှုတ်ဆက်သူ လုပ်ဖော်ကိုင်ဖက်များကို ပြန်နှုတ်ဆက်ရင်း ကွန်ပျူတာရှေ့မှာထိုင်သည်။ နေ့စဉ်ဖြည့်ရသည့် report မှာရက်စွဲတပ်သည်။ သြော်.. ဒီနေ့တနင်္လာနေ.ပဲ။


တနင်္လာ နေ့တိုင်း အလုပ်သွားလျှင် သူအိမ်ကိုပိုလွမ်းတတ်သည်။ အတွေးတို့သည် ဘဝနှင့်ချီပီးကို အကြီးအကျယ်ကို လျောက်တွေးပစ်တတ်သည်။ ဘာကြောင့်ရယ်မသိ။


နောက်ပိုင်းရက်များသည်မူ သူလိုငါလိုနေ့များကဲ့သို့ပင် ဘဝအကြောင်း ခေါင်းထဲပင်မရောက်ပါလေ။

Wednesday, March 4, 2009

ဖယောင်းတိုင်



မိသားစုထံအလည်ပြန်ရန်ဆိုပီး ခွင့်စာမှာရေးလို့ HR မှာ သွားတင်လိုက်တဲ့အချိန်ကစပီး ကျွန်တော့်ရဲ့ ကိုယ့်ရှုးကိုယ်ပတ်မှု စခဲ့ပါတယ်.. ကျွန်တော့်ရဲ့ ဌာနကရော.. တခြားဌာနတွေက ခင်ရာမင်ရာလူတွေကပါ မြန်မာနိုင်ငံ လိုက်လည်ကြမယ်လို့ ဆုံးဖြတ်ကြလို့ပါပဲ.. ပထမ နောက်နေတယ်ထင်ပေမဲ့ လေယာဉ်လက်မှတ်တွေ ဖုံးဆက်စုံစမ်းကြ.. ခွင့်ရက်ကျန်တွေ စစ်ကြနဲ့ အလုပ်ရှုပ်လာတဲ့ သူတို့ကို ကြည့်ပီး မျက်လုံးပြူးလာရပါရော..


အလုပ်စ၀င်ခါစက ကျွန်တော့်ကို မြန်မာဆိုတာ ဘယ်လိုမျိုးလဲဆိုတဲ့ လုံးလုံးမသိတဲ့လူတွေကမေးတဲ့ မေးခွန်းတွေကစလို့.. မြို့ထဲမှာ စစ်ကားတွေ တင့်ကားတွေ တဂျိမ်းဂျိမ်းနဲ့သွားနေပီး လူတွေက ကြောက်ကြောက်လန့်လန့် ခပ်ကုတ်ကုတ်လေး သွားနေရတဲ့ နိုင်ငံကြီးလားဆိုတဲ့ ကြားဖူးနား၀အမေးတွေအလယ်.. နိုင်ငံခြားသားတွေသွားရင် အရမ်းစစ်ပီး ဖမ်းတာလားဆိုတဲ့ မေးခွန်းမျိုးတွေအဆုံး... ဒါတွေကို မခံချင်စိတ်နဲ့ ဓါတ်ပုံတွေခေါ်ပြ.. ဘယ်လောက်လှတယ်ဆိုတာတွေ.. ကျယ်ပြန့်ပီး သွားစရာတွေ အများကြီးဆိုတာတွေ ပိုပိုသာသာပြောလို့ နိုင်ငံကို မားကတ်တင်း ဆင်းပစ်လိုက်တာ.. တော်တော်လေး စိတ်၀င်စားလာကြပါလေရော.. ဒီကြားထဲ ကုမ္ဗဏီကို ပုံမှန်ပစ္စည်းသွင်းတဲ့ လူတစ်ယောက်က မြန်မာပြည်သွားလည်ပီး ပြန်လာတယ်ကြားတော့ အဲဒီလူကို ဝိုင်းမေးကြ.. ကံကောင်းချင်တော့ အဲဒီလူကလည်း အပီအပြင်ကို ချီးမွမ်းသွားတဲ့အပြင် ဈေးချိုချိုသာသာနဲ့ တကယ်အတွေ့အကြုံရပီး သဘာ၀တရားတွေနဲ့ အရမ်းလှတဲ့နိုင်ငံကို သွားလည်မယ်စိတ်ကူးရင်တော့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာအကောင်းဆုံး နိုင်ငံပဲလိုလဲဆိုရော.. ဟီးဟီး.. ကျွန်တော်လည်း နားရွက်နဲ့ပါးစပ်ချိတ်လို့ သူတို့လည်း ပိုးတွေအတောမသတ်နိုင်အောင် တိုးလာပါလေရော..


တကယ်တော့ မခေါ်ချင်တာ မဟုတ်ပါဘူး.. ဒါပေမဲ့ ကိုယ်ပြန်ရတဲ့ နှစ်ပတ်လေးအတွင်းမှာ မိသားစုတွေ.. အပေါင်းအသင်းတွေနဲ့ပဲ ကုန်ဆုံးချင်စိတ်ကြောင့်ပါ.. ပီးတော့ ဘာပဲပြောပြော ကိုယ်ကအိမ်ရှင်ဆိုတော့ ကျွေးရမွေးရ ဟိုပိုဒီပို့ဆိုရင်.. ဘတ်ဂျတ်ကလည်း နည်းမှာမဟုတ်ဘူးလေဗျာ.. အခွန်ဆောင်.. လေယာဉ်လက်မှတ်.. လက်ဆောင်ပစ္စည်း ဟိုဟိုဒီဒီနဲ့ ခေါင်းကိုက်နေရ.. ချီးငှားနေရတဲ့အထဲ အဲဒါတွေကိုတော့ ထပ်အပိုမကုန်ခံချင်တာအမှန်ပါ.. အဲဒီတော့ ခွင့်ယူမဲ့ရက်ကို နဲနဲအနာခံပီး ကြားရက်က စယူပီး တရုတ်နှစ်ကူးကို ခွရွှေ့လိုက်တယ်.. နှစ်ကူးရင် အမျိုးတွေဆုံနေကြမို့ ဘယ်မှသွားလို့မရတဲ့ တရုတ်မသုံယောက်လောက် ရှုံ့မဲ့မဲ့နဲ့ ပြုတ်သွားတယ်.. နောက်တစ်ယောက်ကတော့ ကျွန်တော်နဲ့ရာထူးတူမို့ တစ်ယောက်တော့ ရှိနေရမယ်ဆိုတော့ ခွင့်ယူလို့ မရတော့ဘူး.. ကျွန်တော့် အထက်က Art Director နဲ့ MD ကတော့ လာလည်ကြမယ်.. ဒါပေမဲ့ သူတို့က Tour အစီအစဉ်နဲ့ပဲ သွားမယ်ဆိုတော့မှပဲ ပင့်သက်ချနိုင်ပါတော့တယ်..


မြန်မာပြည်ရောက်ပီး တစ်ပတ်လောက်မှာပဲ MD ကြီး ရောက်လာပါတယ်.. အလုပ်ပေါ်လာလို့ Art Director ကတော့ မလာဖြစ်တော့ပါဘူး.. ရောက်ပီး နောက်တစ်နေ့ပဲ ဇော်ဂျီ (FMI Centre ဘေးမှ အနီရောင် လမ်းဘေးဆိုင်) မှာ သွားတွေ့လိုက်တယ်.. တစ်ယောက်ထဲဆိုတော့ ကျွန်တော်လည်း သေချာဧည့်ခံနိုင်တာပေါ့.. ပီးတော့ Tour နဲ့လာတာမို့ ဘယ်မှပိုစရာမလိုတာလဲ သေချာလေတော့ ဘယ်သွားမလဲ ဘာညာနဲ့ လောကွတ်လေး နဲနဲလုပ်လိုက်သေးတယ်.. ဟဲဟဲ.. ဇော်ဂျီမှာ ထိုင်စားနေတုန်း ဘေးကPost Card လာရောင်းတဲ့ ကောင်လေးတစ်ယောက်ဆီက သူအမှတ်တရ တစ်ခု၀ယ်လိုက်သေး.. ဈေးကြီးတယ်ဗျ.. (၂) ဒေါ်လာတောင် တောင်းတယ်..


နောက်တော့ သူလည်း ခရီးဆက်.. ပြန်မဲ့ရက်တော့ ဖုန်းနဲ့ ကျွန်တော့်ကို လှမ်းနှုတ်ပါတယ်.. ကျွန်တော်လည်း ခွင့်ရက်စေ့တော့ ပြန်လာပြီး ရုံးတက်တဲ့နေ့မှာပဲ မြန်မာမားကတ်တင်းဟာ ကျွန်တော်မဟုတ်ပဲ MD ကြီး ဖြစ်သွားပီဆိုတာ သိလိုက်တယ်.. သူရိုက်လာတဲ့ ဓါတ်ပုံတွေပြပီး သေသေချာချာကို ကြွားထားတာပဲဗျ.. MD ကလည်း ပြင်သစ်ဆိုတော့ စလုံးတွေအတွက် ကျွန်တော်က ကိုယ့်နိုင်ငံ ကိုယ့်ဘာသာပြောတာထက်တောင် ထိရောက်ပါတယ်..


သူအရမ်းကြိုက်သွားတာလည်း မပြောနဲ့လေဗျာ.. Tour Company ကစီစဉ်ပေးတာလည်း ကြည့်ဦး.. ရန်ကုန်.. ပုဂံ.. ပီးတော့ တောင်ကြီးနဲ့ အင်းလေး.. ပီးတော့ ငပလီ.. မန္တလေး၀င်ပီး ရန်ကုန်ပြန်လာ.. မမိုက်ပေဘူးလား.. ကိုယ်တောင် ကိုယ့်နိုင်ငံအဲဒီလို မသွားဘူးသေးဘူး..


ခုတော့လည်း ကျွန်တော်တို့ကုမ္ဗဏီမှာပဲ မြန်မာနိုင်ငံ သွားလည်မယ်ဆိုတဲ့ လူတွေ တော်တော်များနေပါပြီ..


အင်း.. ကျွန်တော်ကြားဖူးတာတော့ လူတိုင်းဟာ နေမင်းလမင်းကြီးလို မထွန်းတောက်နိုင်ရင်တောင် ဖယောင်းတိုင်လောက်တော့ ကိုယ့်ပတ်၀န်းကျင်ကို လင်းအောင် ကြိုးစားသင့်တယ်တဲ့.. အဲဒီတော့ မြန်မာနိုင်ငံအတွက် အလင်းခပ်ဖျော့ဖျော့ ဖယောင်းတိုင်တစ်တိုင်တော့ ဖြစ်ခဲ့ပီလို့ ကျွန်တော့ဘာသာတော့ ယူဆတာပါပဲ.. အနည်းဆုံးတော့ ကျွန်တော့ဖယောင်းတိုင်ဟာ post card ရောင်းတဲ့ ကောင်လေးကို နှစ်ဒေါ်လာဖိုးလောက် အလင်းရောင်ပေးနိုင်ခဲ့တာတော့ မျက်မြင်မို့ ကျေနပ်ပီတိဖြစ်ရပါတယ်ဗျာ..


ကျေးဇူးတင်ပါတယ်..


သုတ