Wednesday, October 3, 2012

ရန်ကုန် ဘတ်စ်

ကျွန်တော်တို့ရဲ့ ရန်ကုန် ရွှေမြို့တော်ဟောင်းကြီးမှာ ဘတ်စ်ကားနဲ့ ပက်သက်ပြီး ဇါတ်လမ်းတွေ တပုံတပင်ကြီးရှိသည်။ ပ၀ါတကမ်း လက်တလှမ်းဆိုသော စကားပုံတစ်ခုသည် ဘတ်စ်ကားပေါ်မှာတော့ ပုံပြင်တပုဒ်လောက်တောင် အဓိပ္ဗါယ် သိပ်မရှိလှ။ တိုးကြပ်နေသော လူအုပ်ကြီးထဲမှာ သိသိ၊ မသိသိ လူတွေက သမီးရီးစားတွေအလား ပူးကပ်နေကြရလေ့ ရှိသည်။ ဒီတော့လဲ အခွင့်အရေး ယူလိုသူတွေက ရလာတဲ့ အဲဒီ အခွင့်အရေးတွေ ယူကြ၊ လက်သရမ်းကြနှင့် ဘတ်စ်ကားဇါတ်လမ်း အတော်များများတွင် ယောက်ျားတွေက ဗီလိန်ဖြစ်ကြတာများသည်။ အမျိုးသမီးတွေခမျာလဲ ဒီလိုလူတွေကို တတ်နိုင်သမျှ ရှောင်ရှားကြ၊ သည်းခံကြ၊ ကာကွယ်ကြရ ရှာသည် မဟုတ်လား။ ဒါကြောင့်လဲ တချို့နိုင်ငံတွေမှာလိုပင် အမျိုးသမီး သီးသန့်ကားတွေ ဘာတွေပင် တကူးတက စီစဉ်ပေးလာရ၏။

ထားတော့။ အမျိုးသမီးဘတ်စ် သမိုင်းကြောင်းရေးနေတာမဟုတ်ပါ..

Photo by http://www.clickrally.com
ဘတ်စ်ကားစီးတယ်ဆိုတာ တကယ်တမ်းတော့ အမျိုးသမီးတွေ တင်မက.. အမျိုးသားတွေလဲ အရှက်ကို ဖက်နဲ့ထုပ်ပြီး သွားရ လာရတာမျိုးဖြစ်တယ်ဆိုတာကို ရေးပြချင်တာ ဖြစ်သည်။ အခန့်မသင့်လျှင် အချိန်မရွေး အရှက်တကွဲ အကျိုးနဲ ဖြစ်သွားနိုင်သည်။ လူတကာ တံတွေးခွက် ပက်လက်ကော မှောက်ခုံပါ မျောသွားနိုင်သည်။ ကျွန်တော့်အတွက်တော့ အဲလိုအဖြစ်က သီသီလေး လွတ်ခဲ့ရတဲ့ အဖြစ်တစ်ခုက ခုချိန်ထိ ပြန်တွေ့ကြည့်တိုင်း ရင်ခုန်ရတုန်း ဖြစ်သည်။

ကျွန်တော်က သွားလေရာ အိတ်အမြဲလွယ်တတ်သည်။  တစ်ခုခုကို လက်မှာ အရေးတယူ ကိုင်ထားရမှာလောက် ပျင်းတာမရှိတော့ သယ်စရာအကုန် ပစ်ထည့်ကာ ပခုံးမှာ သိုင်းထားလိုက်ရုံနှင့် အလုပ်ဖြစ်တဲ့ အိတ်က ကျွန်တော့်အတွက်တော့ မပါမဖြစ်။ လွယ်လွန်းအားကြီးတော့ အိတ်မရှိရင် လူက လမ်းတောင် သိပ်မလျှောက်တတ်တော့ သလိုလို။ အိတ်ထဲမှာ ပုံမှန်ပါတာကတော့ စာအုပ်တစ်အုပ်အုပ်၊ ပေတံ၊ ဘောပင်၊ တခြားတိုလီမုတ်စတွေနှင့် မိုးတွင်းဆိုရင်တော့ ခေါက်ထီးတစ်ချောင်း ဖြစ်သည်။ အိတ်ထဲ ထည့်လို့ အဆင်ပြေအောင် ရွေးဝယ်ထားသော ခပ်သေးသေးကျစ်ကျစ် ခေါက်ထီးလေးသည် အဲဒီနေ့က ကျွန်တော့် အတွက် ရန်သူဖြစ်ခဲ့ပြီး အိတ်ကြီးကတော့ ကယ်တင်ရှင် ဖြစ်ခဲ့ပါသည်။

ကျွန်တော် စစီးသော မှတ်တိုင်က ဂိတ်ဆုံးဖြစ်ပေမဲ့ ထုံးစံအတိုင်း ပတ်စီးလာသမားတွေကြောင့် အလယ်တန်း မတ်တပ်တစ်နေရာ ရတာကိုပင် ကံထူးရှင်တစ်ယောက်လို အားရ၀မ်းသာ ကားပေါ်တက်ရပါသည်။ နှစ်မှတ်တိုင် သုံးမှတ်တိုင်လောက် ဆိုတာနှင့်ပင် နောက်က ထပ်ထပ်တက်လာသော ခရီးသည်တွေနဲ့ရော... စပါယ်ရာနဲ့ ဒရိုင်ဘာတို့ အတိုက်အဖောက်ညီညီ “ဆရာရေ ငါးမူးဖိုးလောက်... တမတ်ဖိုးလောက်”ဆိုပြီး သိပ်ထည့်တာရောနဲ့ ကားထဲမှာ လူတွေက ငါးချဉ်သိပ်သလို ကြပ်ညပ်နေပြီ။  လူတွေက အတက်အဆင်းတွေမှာ အတင်းတိုးကြပြုကြ ဆိုတော့ အလည်တန်းတောင် နှစ်တန်းဖြစ်နေသည်။ ခရီးသည်တွေလဲ တအင်းအင်း တအဲအဲတွေရော၊ အီးအားတွေရော အသံစုံထွက် မသက်မသာကြပါ။

နောက်က ဖိတိုးနေသည့် အားကို တောင့်ခံနေတုန်း ရှေ့ကနေပီး ကျွန်တော့အရှိုက်ကို တံတောင်တစ်ခုဝင်လာသည်။
ကျွန်တော် အင့်ခနဲတောင် ဖြစ်သွား၏။
“တောက်.. ရုပ်လေးက သနားကမားနဲ့ အကျင့်ကတန်သေးတယ်... လူယုတ်မာ..”
 ရှေ့ကနေ ခေါင်းတခြမ်းစောင်းလာပီး မကျေမချမ်းနှင့် သူမပြောသည်။ အသံက ကျယ်ကျယ်လောင်လောင်ကြီး မဟုတ်ပေမဲ့ ခပ်တိုးတိုးလဲ မဟုတ်ပါ။ အနားကလူတွေရဲ့ အာရုံက ကျွန်တော်တို့ အပေါ်ရောက်သည်။ အထူးသဖြင့် ကျွန်တော့်အပေါ်။ သူတို့ မျက်လုံးတွေမှာရှိတဲ့ ကြောက်စရာ ကောင်းတဲ့ အရိပ်ယောင်တွေက ခုချိန်ထိ မှတ်မှတ်ရရ ရှိတုန်း။

ကျွန်တော်ပြာသွားသည်။ အရှိုက်ကို တံတောင်နဲ့ ထိုးလို့မဟုတ်ပါ။ နဂိုထဲက ပြန်နေတဲ့ ချွေးက ဇောချွေးနဲ့ ပေါင်းသည်။ မျက်နှာကို လက်မောင်းစနှင့် ခပ်ကြမ်းကြမ်း ပွတ်သုပ်လိုက်သည်။ ဘုရားရေ.. ဒီချွေးတွေနဲ့ ငါ့မျက်နှာက အဆီပြန်သလိုကြီး ဖြစ်နေရင်တော့ သေပီ....

”ဟ.. ကျွန်တော်ဘာလုပ်လို့လဲဗျ...” ကျွန်တော်ပြာပြာသလဲ မေးခွန်းထုတ်သည်။
”ကိုယ့်ဘာသာ မသိဘူးလား..” သူမကလဲ ချက်ခြင်းကို တုန့်ပြန်၏။

ငါဘာများ လုပ်မိလို့ပါလိမ့်။ တချိန်လုံး မဟုတ်ပေမဲ့ နောက်က လူဖြတ်တိုးသည့် အချိန်တိုင်းတော့ ကျွန်တော့်ရင်ပတ်က သူမကျောကို ထိမိမှာ သေချာပါသည်။ ဒါလောက်ကတော့ ပြဿနာ မဟုတ်နိုင်။ တစ်ဖက်ကတန်းကို၊ တဖက်က အမိုးကို လက်အံသေမတတ် စွဲကိုင်ထားရတဲ့ ကျွန်တော့်လက်တွေကလဲ အပြစ်ကင်းကြပါသည်။ ပြီးတော့ သူမနဲ့ကျွန်တော့ကြားမှာ အိတ်ကြီးကလဲ ခြားနေသေးတာပဲ။ အိတ်ကို စဉ်းစားမိတော့ ကျွန်တော့် ပေါင်ကို ထောက်နေသော ထီးကို သတိရသွားသည်။

ကျွန်တော် ပူထူစဉ်းစားနေတုန်း ဘေးကလူတွေ အသံပွစိပွစိတွေ ထွက်လာနေကြပြီ။
နေရာချင်းလဲလိုက်ညီမတို့... ဒီလိုကောင်တွေတို့.. ဘာညာကွိကွတွေ..

“ဟာ.. ကျွန်တော်ဘာမှ မလုပ်ပါဘူးဗျာ.. ဒီမှာ အိတ်ကြီး တစ်ခုလုံး ခြားနေတာပဲ... အဲဒါက ထီးပါ... ထီး.. ထီး..”
ကျွန်တော် အသံကို ခပ်ကျယ်ကျယ်နဲ့ ပီသနေအောင် ပါးစပ်ကို သေချာဟ သွားကိုစိပြီး ပြောသည်။
ကျွတ်.. ဘာသာစကားထွင်သမားတွေကလဲ ဘာလို့များ ထီးလို့နာမည်ပေးလဲ မသိပါဘူး... ဘတ်စ်ကားတွေ ပေါ်ပြီးခုလို လူတွေကျပ်မှာ မသိခဲ့ကြဘူးထင်တယ်...

“အို.. ထီးဖြစ်ဖြစ် ဘာဖြစ်ဖြစ် အဲဒါဖယ်လိုက်..”

သူမပြောတဲ့ အတိုင်း ကျွန်တော်ထီးကို အမြန်ထုတ်ကိုင်လိုက်သည်။ တင်းမာသွားသည့် ဘေး ပတ်ဝန်းကျင်က ခုမှ ရီရီမောမော ဖြစ်လာကြ၏။ ဒါပေမဲ့ သူမရော ကျွန်တော်ပါ အိုးတိုးအမ်းတမ်း။ နေရာရွှေ့ရအောင်ကလဲ ကြပ်ညပ်နေသည့် အနေအထားကမလွယ်လှ။ ခုနေဆင်းရင်လဲ အထင်အမြင်မှားတဲ့ ကိစ္စဆိုတာ လူတွေသိသွားတာ မှန်ပေမဲ့ တချို့တလေက မိတော့မှ ဒီကောင်ဆင်းပြေးပီလို့ ထင်လေမလားဆိုတာ ကျွန်တော့်ဘာသာ တွေးပီး စိုးရိမ်နေပြန်သည်။ ဒါပေမဲ့ ဆက်လိုက်ရမှာလဲ ဘယ်လိုမှ မလိုက်ချင်တော့။ အဲဒီတော့ အရင်ဆုံး ကားနောက်ပိုင်းကိုထွက်သည်။ တစ်မှတ်တိုင်လောက် ဆက်စီးပြီးတာနဲ့ ကျွန်တော် ကားပေါ်ကဆင်းသည်။

စဉ်းစားကြည့်ပါဦး။ ကံကြီးပေလို့သာ သိက္ခာကျ အရှက်ကွဲမဲ့ အဖြစ်က လွတ်ခဲ့ရတာ မဟုတ်ဘူးလား။ ပြီးတော့ တကယ်ဖြစ်လေ့ရှိတဲ့ ဒီလို ပြစ်မှုတွေဆိုတာက ယောက်ျားတွေဟာ ကျူးလွန်သူဖြစ်တာကြောင့် ပတ်ဝန်းကျင်ရဲ့ အဲလိုလူတွေအပေါ် မြင်တဲ့ ပုံရိပ်က တော်တော်ဆိုးဆိုးဝါးဝါး နိမ့်နိမ့်ကျကျ.. အရှက်ကွဲကြေးဆိုရင်တောင် အမျိုးသမီးတွေက သနားဂရုဏာသက်စရာကောင်းတဲ့ အရှက်မျိုးဖြစ်ပြီး အမျိုးသားတွေကတော့ အောက်တန်းကျကျ အရှက်ကွဲတာမျိုး ဖြစ်သည်။

ဒါကြောင့်လဲ ရန်ကုန်မှာ ဘတ်စ်ကားတွေ များပြီး အရင်ကလို မကျပ်တော့ဘူးတို့.. အမျိုးသမီး သီးသန့်ကားတွေ ပေါ်လာပြီတို့ စတဲ့သတင်းတွေကို သတင်းကောင်းတွေလို့ ကျွန်တော်ကတော့ ယူဆသည်။  ခရီးသည်တွေလဲ ချောင်ချောင်ချိချိ စီးရသည်။ မသမာတဲ့ လူတွေလဲ အခွင့်အရေးယူပြီး နှမချင်းမစာမနာ ပြုမူဖို့ အခွင့်အရေး နဲသွားသည်။  မတော်တဆ အထင်လွဲမှားမှုတွေကနေ အမျိုးသားတွေ အရှက်တကွဲ ဖြစ်နိုင်တဲ့ ကိစ္စတွေကိုလဲ ကာကွယ်ရာ ရောက်သည်။

ဒီတော့လဲ ဘာပဲပြောပြော သက်တောင့်သက်သာရှိပြီး အဆင်ပြေပြေ စီးနိုင်တဲ့ ဘတ်စ်ကားတွေ အနေအထားကိုရောက်ဖို့ အပြောင်းအလဲရဲ့ ကြားကာလလောက်မှာပဲ ဖြစ်ဖြစ်ပေါ့၊ အမျိုးသမီး သီးသန့်ဘတ်စ်တွေကို ကျွန်တော်ကတော့ ကြိုဆိုပါတယ်....

သုတ (မြန်မာ)
၃-၁၀-၂၀၁၂

No comments: