Thursday, May 8, 2014

မေ့

“ဘာကူညီပေးရမလဲရှင်...” သူမ အပြုံးလေးနဲ့ မေးလာသည်။

“ဟို.. ကျွန်တော့်ဘဏ်ကဒ် သက်တမ်းကုန်သွားလို့ပါ... ဘဏ်က ကဒ်အသစ်ပို့ပေးလိုက်တာတော့ ရပါတယ်... ဒါပေမဲ့ ကျွန်တော် အချိန်မှီ Activate လုပ်ဖို့ မေ့သွားလို့...”

“ရပါတယ်... ခုလုပ်ပေးလိုက်မယ်... ပတ်စ်ပို့လေး ပြပါ...”

“အဲ.. ကျွန်တော့် ပတ်စ်ပို့ မေ့ခဲ့တယ်... အလုပ်သမား ID ကဒ်နဲ့ လုပ်ပေးလိုက်လို့ မရဘူးလား... ပြီးတော့ ဘဏ်က ကဒ်သက်တမ်းကုန်သွားတဲ့ အကြောင်းပို့တဲ့ message လဲ ကျွန်တော့်ဖုန်းထဲမှာ ရှိပါတယ်.. ကြည့်ကြည့်ပါ...”

“ပုံမှန်ကတော့ ပတ်စ်ပို့ လိုတယ်ရှင့်.. ဒါပေမဲ့ ရှင်က ဘဏ်ကဒ်လဲ ရှိနေတယ်.. အလုပ်သမား ID ကဒ်လဲရှိတယ်ဆိုတော့ လုပ်ပေးလိုက်ပါ့မယ်... ပတ်စ်ပို့နံပါတ်လေး သိပါရစေ...”

 xxxxxx ”

“မဟုတ်ဘူးရှင့် လွဲနေတယ်...”

“သြော်... ကျွန်တော့် ပတ်စ်ပို့ ပြောင်းထားတယ်... ဒီဘဏ်မှာ အဲဒီပြောင်းတာကို အကြောင်းမကြားရသေးဘူး ထင်နေတာ... ခဏလေး...”

“ပတ်စ်ပို့က အသစ်ဆိုတော့ နံပါတ်က အလွှတ်မရသေးဘူး...”
ကျွန်တော် မှတ်စုစာအုပ်လေး ထုတ်ကာ လှန်ရင်းက ပြောတော့ နားလည်ပါသည် ဆိုသော အပြုံးလေးဖြင့် သူမ ခေါင်းညိတ်၏။

 xxxxxx ”

“ဟုတ်ပြီ... ပတ်စ်ပို့ မပါလာဘူး ဆိုတော့ လုံခြုံရေးအတွက် တချို့မေးခွန်းလေးတွေတော့ ဖြေရပါလိမ့်မယ်... အိမ်လိပ်စာလေး ပြောပေးပါရှင့်...”

“အင်း.. ကျွန်တော့်အိမ်အသစ် ပြောင်းထားတာ သုံးလလောက် ရှိပြီ... အဲဒါဘဏ်ကို အကြောင်းကြားဖို့ မေ့နေတာ...”

“ရပါတယ်... လိပ်စာအဟောင်းကိုပဲ ပြောပါ...”

“ဟိုလေ... နဲနဲကြာနေပီဆိုတော့ လိပ်စာကိုမေ့နေပြီဗျ...  ******  ရပ်ကွက်  ******  လမ်း ဆိုတာပဲ မှတ်မိတယ်... တိုက်နဲ့ အခန်းကို မေ့သွားပြီ... တခြားမေးခွန်း မေးပါလား...”

“ရပ်ကွက် လမ်းတော့ မှန်တယ်... ဒါဆို မွေးသက္ကရာဇ် ပြောပေးပါ...”

“ ****** / ****** / ****** ”

“သြော်.. ဒါတော့ မှတ်မိသားပဲ...” သူမ စသလိုလိုနဲ့ ပြုံးမဲ့မဲ့လေး ခနဲ့သည်။

“ဘယ်နေရာမှာ နောက်ဆုံး ပိုက်ဆံ ထုတ်ခဲ့ပါသလဲ... ဘယ်လောက် ထုတ်ခဲ့ပါသလဲ...”

“ဟို....”

“မေ့သွားပြီလား...” တုန့်နှေးပြီး တိတ်နေသော ကျွန်တော့ကို သူမမေးသည်။

“ဆောရီးပါဗျာ.. အဲဒီကဒ်က ပိုက်ဆံမထုတ်ဖြစ်တာ တစ်လကျော်လောက် ရှိပြီဆိုတော့ မေ့နေပြီ... ဟို တခြားမေးခွန်း မေးပါလား...”

“တစ်လအတွင်း မထုတ်ဖြစ်ဘူး ဆိုတာတော့ မှန်ပါတယ်...”
“ဒါဆို တစ်ခုထပ်မေးမယ်... ဒီတစ်ခါ မဖြေနိုင်ရင်တော့ ပတ်စ်ပို့ပြန်ယူရပါလိမ့်မယ်... လုံခြုံရေး မေးခွန်းတွေ အဲလောက်မဖြေနိုင်ရင် ကျွန်မတို့ လုပ်ပေးလို့ မရပါဘူး... အမေ့နာမည်ရဲ့ အလည်စာလုံးက ဘာလဲ..”

“ ****** ”

မှန်သွားပြီ။ သူမ စာရွက်စာတမ်းတွေနဲ့ ကဒ်အသစ်ထုတ်ပေးဖို့ စလုပ်တော့သည်။

“ဒီနေရာမှာ လက်မှတ်လေး ထိုးပေးပါ... ပြီးတော့ အောက်မှာ ပတ်စ်ပို့ နံပါတ်ရေးပေးပါ...”

ကျွန်တော် မှတ်စုစာအုပ် ပြန်ထုတ်ရသည်။ ပြီးတော့ ပတ်စ်ပို့နံပါတ် ဖြည့်သည်။
ခဏကြာတော့ နောက်တစ်ရွက် ထပ်ပေးသည်။

“ဒီမှာလဲ လက်မှတ်ထိုး ပါတ်စ်ပို့နံပါတ် ရေးပေးပါ...”

“ ****** ”  ကျွန်တော်မှတ်စုစာအုပ် ထပ်ထုတ်တော့ သူမ ကျွန်တော့်ပတ်စ်ပို့နံပါတ်ကို လှမ်းအော်ပေး၏။

“ဘဏ်ကဒ်အတွက် ကုဒ်နံပါတ် ခြောက်လုံး ရိုက်ပါရှင်..”

ကျွန်တော် ကီးဘုတ်လေးမှာ နံပါတ်ခြောက်လုံး ရိုက်သည်။

“နောက်တစ်ကြိမ် ထပ်ရိုက်ပေးပါ...”

ကျွန်တော်ထပ်ရိုက်သည်။

“အဆင်ပြေသွားပါပြီရှင်... နောက်လာရင်တော့ ပတ်စ်ပို့လေးကို မမေ့မလျော့ ယူခဲ့ပေးပါ...” သူမဘဏ်ကဒ်လေး လှမ်းပေးရင်း လွတ်လပ်သွားသလို အပြုံးဖြင့်ဆိုသည်။

ကျေးဇူးတင်စကားဆိုရင်း ကျွန်တော်ထွက်ခဲ့သည်။
အင်း.. အဆင်ပြေသွားလို့ တော်သေးတာပေါ့... ကဒ်လေး သေချာအလုပ်မှလုပ်ရဲ့လား စမ်းကြည့်စမ်းမယ်။ ကျွန်တော် ဘဏ်ထဲမှာကို အဆင်သင့်ရှိသော ATM စက်မှာ သွားတန်းစီလိုက်သည်။ တစ်ယောက်ပဲ စောင့်ပြီး ကျွန်တော့်အလှည့်ရောက်သည်။ ကဒ်ကိုထည့်ပြီး နံပါတ်ရိုက်သည်။ ကုဒ်နံပါတ် မမှန်ပါလို့ စက်ကပြသည်။
နေစမ်းပါဦး ဒီနံပါတ် ခြောက်လုံးပဲ မဟုတ်ဘူးလား.. သေချာပါတယ်...
ကျွန်တော်အတွေးဖြင့် နံပါတ်ခလုတ်တွေကို သေချာဖိပြီး ထပ်ရိုက်သည်။ ကိုရွှေစက်က မှားပါသည်တဲ့။ တင်းတင်းနဲ့ ထပ်နှိပ်သည်။ စက်က မှားပါသည် ထပ်ပြပြီး ကဒ်ကိုပါ ပြန်ထုတ်ပေးလိုက်သေး၏။ သူလဲ ဒေါသထွက်တတ်ပုံပါပဲ။

ဟာ.. ဟုတ်သားပဲ.. ကျွန်တော်ဟိုမှာ နှိပ်ခဲ့တာ ဒီနံပါတ် မှမဟုတ်ပဲ... တခြားနံပါတ်ခြောက်လုံး နှိပ်ခဲ့တာကို မေ့နေလိုက်တာ... သတိတရ၀မ်းသာအားရဖြင့် ကဒ်ကို ပြန်ထည့်ပြီး ထပ်ရိုက်သည်။ သုံးကြိမ်မှားနှိပ်ခဲ့တဲ့အတွက် ကဒ်ကို lock ချထားလိုက်ပါပြီတဲ့။

ကဒ်ကိုင်ပြီး လူက ဘာလုပ်ရမလဲ အကြံအိုက်သွားသည်။

“ဘာကူညီပေးရမလဲရှင်...”

အကဲခတ်နေပုံရသော ဘဏ်ဝန်ထမ်းတစ်ယောက်က လာမေးသည်။

“ဟိုလေ.. ကျွန်တော် password မှားနှိပ်တာ ကဒ် lock ကျသွားလို့... ခုပဲ ကောင်တာက ထွက်လာတာဆိုတော့ အဲဒီကောင်တာကို တိုက်ရိုက် ပြန်သွားပြောလို့ ရလား... ဒါမှမဟုတ် အစက ပြန်တန်းစီရမှာလား...”

“သြော်.. ချက်ခြင်းဖြစ်တာဆိုတော့ ကောင်တာကိုပဲ တိုက်ရိုက်သွားလိုက်ပါ... ကောင်တာနံပါတ် ဘယ်လောက်လဲ.. လိုက်ပို့ပေးပါ့မယ်ရှင်...”

“ဘာအမှားအယွင်းများ ရှိလို့လဲ... အဆင်မပြေဘူးလား...” ကောင်တာရောက်တော့ သူမ လှမ်းမေးသည်။

“ကျွန်တော့်ကဒ် password သုံးခါ မှားရိုက်လိုက်တာ အဲဒါ lock ကျသွားလို့...”

“ရှင်..” သူမ အာမေဋိတ်သံက အံ့သြောတကြီး အသံအပြည့်... မျက်လုံးတို့ ၀ိုင်း ပါးစပ်အဟောင်းသား ဖြစ်ပြီး လူကို ကြည့်နေပုံက တစ်ခါမှ မမြင်ဘူးသော ဂြိုလ်သားကို ကြည့်နေသလိုလိုပင်။ ကျွန်တော်တောင် အနေရခက်သွားသည်။

“ခုပဲ ရိုက်ပြီး ထွက်သွားတာလေ... အဲဒါကို ချက်ခြင်းမေ့သွားတယ်...” သူမ ကိုယ့်ဘာသာ ရေရွတ်သလိုလို၊ မေးသလိုလို ပြောရင်း ကျွန်တော့်ဆီက ကဒ်ကို လှမ်းယူသည်။ စစ်ဆေးပြီး lock ပြန်ဖွင့်ပေးဖို့ လုပ်သည်။ စာရွက်စာတမ်းတွေ ပြင်ဆင်ရပြန်သည်။ စာရွက်လေး တစ်ရွက် ကျွန်တော့်ရှေ့လာချသည်။ သူမမျက်နှာမှာ ရှိတဲ့ ဒီတစ်ခါ အပြုံးက တစ်ခုခု သေချာကြိုသိနေပြီး၊ ရီချင်စိတ်ကို အနိုင်နိုင်ထိန်းထားရတဲ့ အပြုံးမျိုး ဖြစ်သည်။

“လက်မှတ်ထိုးပြီး ပတ်စ်ပို့ နံပါတ်ဖြည့်ပေးပါ..” တဲ့။

ကိုယ့်မှတ်စုစာအုပ်ကို ထုတ်ယူပြီး ပတ်စ်ပို့နံပါတ်လေး တစ်ခုကို လှန်ကြည့်လိုက်ဖို့ ကိစ္စဟာ အဲလောက်ခက်ခဲ ပင်ပန်းလိမ့်မည်ဟု ကျွန်တော်တစ်ခါမှ မတွေးမိခဲ့ပါ။

သုတ
၈/၅/၂၀၁၄

No comments: