Friday, April 19, 2013

အဖျက်ဆီးခံခဲ့ရသော မနက်ဖြန်များ

ဖြတ်ခနဲဝင်လာသည့် လက်သီးကို ငုံ့ရှောင်လိုက်သော်လည်း သူ့နားသယ်စပ်ကို ထိသည်။ မျက်လုံးတို့ ပြာခနဲဖြစ်သွားကာ ဗိုင်းခနဲလဲကျသွားသော်လဲ ဂရုမစိုက်အား... နောက်ထပ် ထပ်လာနိုင်သည့် တိုက်ချက်များကို ရှောင်ရှားနိုင်ရန် မြေကြီးပေါ်မှာ သူနှစ်ပတ်လောက် လှိမ့်ပစ်လိုက်သည်။ ဒီကောင်ကလဲ မခေပါ။ ချက်ချင်းကို သူ့အနားပြေးကပ်လာပြီး လှိမ့်ကန်သည်။

ဟေ့ကောင်တွေ တော်ကြစမ်း...
အမလေး ဆွဲကြပါဟဲ့.. သတ်ကုန်ကြပြီ...

အော်သံ၊ ငိုသံများနဲ့ လူတွေဆွဲကြ ခွာကြတော့မှ သူသက်သာရာရသည်။ ဒီကောင်က ဆွဲထားတဲ့ လူတွေလက်ထဲက ရုန်းဖယ်ရင်း သူ့ကိုဆဲဆိုနေသေးသည်။ နာကျင်စိတ် ရှက်စိတ်တွေနှင့် ဒေါသစိတ်တွေပါ ပေါင်းကာ သူ့ တကိုယ်လုံးရော အတွေးတွေပါေ၀၀ါး မွှန်ထူနေသည်။ အော်ဟစ် ဆဲဆိုနေသည့် အောင်နိုင်သူဆန်ဆန် ၀ံ့ကြွားနေသော ဒီကောင့်မျက်နှာကို ပါးစပ်က ထွက်လာသည့် သွေးတွေကို လက်ကသုပ်ရင်း သူအခဲမကြေစွာ လှမ်းကြည့်သည်။

“ဒီသွေးတွေအတွက် မင်းပြန်ပေးဆပ်ရမယ်...” သူ့စိတ်ထဲက ကြုံးဝါးမိတာပါ။
ဟုတ်သည်။
မနက်ဖြန် လယ်ဘက်ကို ဒီကောင်ဆင်းလာတာနဲ့ အသေသတ်ပစ်ဖို့ အထိကို သူဆုံးဖြတ်လိုက်သည်။

..................................................................

“ဟဲ့.. ကလေးတွေ... ထမင်းစားချိန်ရောက်ပီနော်... မိုးဒီလောက်ရွာနေတာကို ထွက်ဆော့နေရလား... တက်ကြစမ်းအခု...”
မီးစာလေးညှိရင်း သူမ မာန်သံတစ်ဝက်ဖြင့် ကလေးတွေကို လှမ်းခေါ်၏။ သားအမိသုံးယောက် ထမင်းစားနေရင်း လစ်လပ်နေသော ခင်ပွန်းသည် နေရာကို ကြည့်ပြီး တစ်ခုခုလိုသလို ဟာတာတာကြီး ခံစားနေရသည်။  ရန်ကုန်ကို ကုန်ရောင်းသွားဖို့ မနက်ကမှ ထွက်သွားတာကြောင့် နှစ်ရက်လောက်တော့ အနဲဆုံး ကြာလိမ့်မည်။ အဆင်ပြေပြေလေး ဖြစ်စေချင်စမ်းပါသည်။ သားနှစ်ယောက်ကို ရှင်ပြုအလှူလေး လုပ်ချင်စိတ်က ရှိနေတာ ကြာခဲ့ပြီမဟုတ်လား။ တစ်နှစ်ပြီး တစ်နှစ် ရွှေ့လာလိုက်တာ ဒီနှစ်သင်္ကြန်ပြီး အထိတောင် မလုပ်နိုင်သေး။ ဒါပေမဲ့ နောက်နှစ်ထိတော့ မစောင့်ပြီ။ အဖေကြီးပြန်လာလျှင် ပါလာမည့်ငွေနှင့် ခုသူမတို့ စုထားတာလေးတွေ ပေါင်းလိုက်ရင် ကလေးတွေ ရှင်ပြုဖို့ လောက်နိုင်ပါသည်။ မလောက်လဲ နဲနဲတော့ ချေးရငှားရမည်ပေါ့။

အင်း... မနက်ဖြန် ဆရာတော်ကို အလှူအတွက် လင်မယားနှစ်ယောက် တိုင်ပင်ရွေးထားတဲ့ ရက်လေး အဆင်ပြေမပြေ သွားမေးကြည့်ဦးမှပါပဲ....

..................................................................

ခြေဆစ်က ထောက်လိုက်တိုင်း ဆစ်ခနဲ နာနာသွားပေမဲ့ အမေတို့လူကြီးတွေ မသိအောင် သူဟန်ဆောင်နေရသည်။ ကစားရင်း ဒဏ်ရာအနာတရ ဖြစ်လာမှန်းသိလို့ကတော့ ဆော့ခွင့်အနဲဆုံး သုံးလေးရက်တော့ အပိတ်ခံရနိုင်သည်လေ။ သင်္ကြန်ပြီးခတဲက သူတို့ဆော့တဲ့ အရှိန်က ခုချိန်ထိ အရှိန်သတ်မရ ဖြစ်နေကြသည်။ သူငယ်ချင်းအားလုံး စုပြီး ဟိုဘက်ရွာမှာ လှေလှော်ပြိုင်ကြဖို့ တိုင်ပင်ထားကြတာ ဆိုတော့ အိမ်က အပြင်မထွက်ရလို့ ပြောလိုက်မှာ သူစိုးရိမ်မိသည်။

မနက်ဖြန်ကျရင် လှေလှော်ပြိုင်ပွဲအတွက် အားလုံးပြင်ထားပြီးသား။ ခြေထောက်နာနေပေမဲ့ သူ့စိတ်တွေ တက်ကြွနေပါသည်။

..................................................................

ဖြူဖွေးသော မိုးသားများ မျက်နှာပြင်အပြည့် ဖုံးလွှမ်းနေသော ကောင်းကင်ကြီးကို သူစိတ်ပျက်လက်ပျက် မော့ကြည့်မိသည်။ တဖွဲဖွဲရွာနေသော မိုးကတော့ သူ့ကို ကျီစယ်နေသလိုလို။ မုန်တိုင်းရှိသည်လို့ ရေဒီယိုက အော်ထားတော့ ဒီမိုးက တော်ရုံနှင့် တိတ်မှာမဟုတ်တာတော့ သေချာသည်။ ဒါပေမဲ့ မိုးကို ဂရုမစိုက်အားပဲ သူတို့အားလုံး အလုပ်ရှုပ်နေကြသည်။ မနက်ဖြန် သူ့မင်္ဂလာပွဲ ရှိသည်လေ။ မနက်ထဲက စခဲ့တာတောင် မင်္ဂလာမဏ္ဍပ်ထိုးသူတွေရော၊ ချက်ကြပြုတ်ကြသူတွေကော ခုထိ မနားရ၊ မအားကြသေးပါ။ အလုပ်ဇယ်စက်သလို လုပ်နေရသည့် ကြားထဲမှ သူ့သတို့သမီး ချစ်သူလေးကို အရိပ်တကြည့်ကြည့် လုပ်ရသေးသည်။ နဖူးမှာ ချွေးစလေးတွေ စို့ကာ ချက်ပြုတ်ရာမှာ ကူညီနေသူလေးက မျက်လုံးချင်းဆုံတိုင်း မျက်နှာနီမြန်းကာ မျက်လွှာအသာချသွားတတ်တာကို ကြည့်ပီး သူ့ရင်တွေ ခုန်ရပါသည်။

မနက်ဖြန်တွင် သူသည် ဒီချစ်စရာကောင်းသူလေးကို ဘ၀လက်တွဲဖော်အဖြစ် ပိုင်ပိုင်ရတော့မည် မဟုတ်လား။ အချိန်တွေရယ်... မြန်မြန်ကြီးကုန်လိုက်စမ်းပါတော့....

..................................................................

မောမောဖြင့် ရေချမ်းစင်က ရေတစ်ခွက်ကို အငမ်းမရ သောက်ချလိုက်သည်။ မှိုင်းညို့နေသော မိုးက သူ့အမောကို မပြေစေပါ။ အသံချဲ့စက်ကို လက်မှာကိုင်၊ မုန်တိုင်းသတိပေးချက်ကို ရွာရိုးကိုးပေါက် လျှောက်အော်နေရတာက ဒါပါနှင့်ဆိုလျှင် ဘယ်နှစ်ကြိမ် ရှိပြီလဲတောင် မသိတော့။ ကျောင်းပိတ်တုန်း မြို့မှ အလည်ပြန်လာသော နေ့လည်ကမှ ရောက်သည့် သားဖြစ်သူကိုတောင် သေချာစကားမပြောရသေး။ အုပ်ချုပ်ရသူ ရွာလူကြီးတစ်ယောက် အနေနှင့် စိတ်ကောလူရော မောလှပါသည်။

မနက်ဖြန်ဆို ဒီထက်တောင် အလုပ်များဦးမည်။ မုန်တိုင်းဖြတ်ပြီဆိုရင် အနဲနဲ့ အများတော့ ထိခိုက်တတ်တာကို သူ့အတွေ့အကြုံအရ သိထားပြီးသား ဖြစ်သည်။ မနက်ဖြန်အတွက် သူအစီအစဉ်တွေ ချနေမိသည်။ မုန်တိုင်းကလဲ နဲနဲကြမ်းမယ်ဆိုတော့ မပြောကောင်း မဆိုကောင်း အကူအညီတွေ ဘာတွေ ချပေးရတဲ့အထိ ဖြစ်သွားနိုင်သည်။ ဘာပဲပြောပြော အိမ်က အမိုးလေး ပြင်မမိုးမိသေးတာပဲ ကျေးဇူးတင်ရ မလိုလိုဖြစ်သည်။ မုန်တိုင်းဖြတ်သွားပြီးရင်တော့ နိုင်ငံတော်က ချပေးတဲ့ အကူအညီတွေထဲက သူ့အိမ်အတွက် သွပ်မိုးလေး မိုးလို့ရတဲ့ အထိ ကျန်အောင် သူ့စိတ်ထဲ တွက်ချက်နေမိပါသည်။

..................................................................

မနက်ဖြန်....
မနက်ဖြန်... အိမ်တစ်အိမ်ကို ၀င်ခိုးဖို့ စိတ်ကူးထားသည်။
မနက်ဖြန်... တရားပွဲရှိသည်။
မနက်ဖြန်... အချုပ်ကလွတ်မည်။
မနက်ဖြန်... အထိတောင် ခံတော့မည်မထင်။ ကုမရတော့ပါ။
မနက်ဖြန်.... ဆွမ်းစားပင့်ထားတာ ကြွဖို့ ရှိသည်။
မနက်ဖြန်.... ကျူရှင်စတက်ရမည်။
မနက်ဖြန်.... သူ့ကိုဖွင့်ပြောမည်။
မနက်ဖြန်.... ခလေးမွေးမည်ထင်သည်။
မနက်ဖြန်....
မနက်ဖြန်....

..................................................................

မေလ (၂)ရက်၊ ၂၀၀၈ ခုနှစ်။

မိုးသည်းသည်းရွာသော ညဖြစ်သည်နှင့်အညီ ပတ်ဝန်းကျင်သည် စောစောစီးစီးပင် တိတ်ဆိတ် ငြိမ်သက်နေပါသည်။  လူသားများကော၊ တိရိ စ္ဆာန်များပါ မိမိနှင့် သက်ဆိုင်သော အမိုးအကာများအောက်မှာ အနားယူနေကြပြီ ဖြစ်သည်။
ထိုအချိန်တွင်....
လူသားတို့၏ အမျိုးမျိုး အဖုံဖုံသော မနက်ဖြန်များအား ဖျက်ဆီးခိုးယူချေမွပစ်မည့်...
နာဂစ်ဆိုသော အယုတ်တမာနတ်ဆိုး မုန်တိုင်းသည်...
ကမ်းခြေဆီသို့ အိနြေ္ဒအပြည့်ဖြင့် ချည်းကပ်လာနေတော့လေ၏။

..................................................................

ထိုမုန်တိုင်းသည် မြန်မာ့သမိုင်းတွင် အဆိုးဝါးဆုံးသော သဘာဝကပ်ဘေးကြီးအဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့ပါသည်။

သုတ

မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် မေ့ပျောက်မရသော ရင်နင့်စရာ အဖြစ်ဆိုးကြီးကို ဖြစ်စေခဲ့သည့် နာဂစ် (၅)နှစ်ပြည့် အမှတ်တရ။

No comments: