ရထားတံခါးပွင့်သည်နှင့် ထွက်လာကြသူတွေကိုပင် မစောင့်ပဲ အတင်းတိုးဝင်သွားသည့် အပြုအမူက သူ့ကို ကျွန်တော် သတိထားမိသွားစေတာ ဖြစ်လေသည်။ ငြိုငြင်စွာ သတိထားမိသည် ဆိုရင်ဖြင့် ပို၍မှန်ပါလိမ့်မည်။ သူ့ရဲ့ တိုးဝှေ့ဝင်သွားပုံက အတင်းကာရော ရမ်းရမ်းကားကား နိုင်လှသည် မဟုတ်လား။ အထဲရောက်တော့လဲ ကြည့်ဦး။ Reserved Seat ဆိုတဲ့ လူကြီးတွေ၊ မသန်စွမ်းသူတွေအတွက် ဦးစားပေးအဖြစ် ထားသော ထိုင်ခုံမှာ အခန့်သား ၀င်ထိုင်လေသည်။ ရထားက မကြပ်လှသော်လည်း အချောင်ကြီး မဟုတ်တာကြောင့် နေရာရွေးခွင့် များများစားစား မရပဲ ကျွန်တော်သူ့မျက်စောင်းထိုး ကျကျလောက်မှာ ရပ်ရသည်။ ခြေပစ်လက်ပစ် ပရမ်းပတာ ထိုင်နေပုံကြောင့် လူတွေက သူ့ရှေ့နားမှာ သိပ်မရပ်ပဲ ခပ်ခွာခွာ ခပ်ကြဲကြဲသာ ရပ်ကြသည်။ ဘေးနားမှာ ကပ်ထိုင်တဲ့ မိန်းကလေးကလဲ ကိုယ်ကို တဖက်ကျုံ့လို့ နှာခေါင်းမှာ လက်ကိုင်ပ၀ါလေး မသိမသာ ပိတ်သည်။ မနှစ်မြို့ကြောင်းကိုတော့ သူ့အနား ခရီးသည် တော်တော်များများက အမူအယာတို့၊ အကြည့်တို့ဖြင့် ဟန်ဆောင် ဖုန်းကွယ်မနေပဲ သိသိသာသာ ပြကြလေသည်။
သိပ်မနီးလှတာတောင် ဘီယာအနံ့ ခပ်စူးစူးက အလုံပိတ် ရထားထဲက အဲယားကွန်းထဲမှာ တခြားရေမွှေးနံ့တွေနဲ့ အပြိုင် လုံးထွေးကာ ကျွန်တော့်နေရာအထိ ရောက်သည်။ တော်တော်လေး ကောင်းလာပုံ ရပါသည်။ မှန်နံရံကို မှီပြီး မျက်စိတင်းတင်း ပိတ်ထားကာ ပါးစပ်မှလဲ တအင်းအင်း ညည်းသံက တစ်ခါ တစ်ခါ ထွက်ထွက်လာ သေးသည်။ ကျွန်တော်ကိုယ်တိုင်လဲ သောက်တတ် စားတတ် သမားမို့ သူ့အနေအထားကို အကဲခတ်မိသည်။ အန်များ အန်လေမလား ကျွန်တော်စိုးရိမ်သွား၏။ ဒီလောက်မူးနေလျှင် အန်တတ်သည် မဟုတ်လား။
“ဒီလူကွာ... ဒီလောက်မူးနေရင်လဲ အပြင်မှာ သက်သာအောင် နေပြီးမှ ရထားစီးတာမဟုတ်ဘူး...” ကျွန်တော်ငြိုငြင်စိတ်ဖြင့် တွေးသည်။ သူ့ရဲ့ ပရမ်းပတာဆန်သော အပြုမူ၊ အနေအထိုင်တွေက ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်နေစေတာက တခြားကြောင့် မဟုတ်ပါ။ သူသည် ကျွန်တော့်လို မြန်မာတစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည်။ မြန်မာတစ်ယောက်က နိုင်ငံခြားသားတွေ အလယ်မှာ ခုလို သူများနှာခေါင်းရှုံ့၊ အနှောင့်အယှက် ဖြစ်လောက်တဲ့ အပြုအမူတွေ ပြုနေတာကို ကျွန်တော် မြန်မာတစ်ယောက်အနေနဲ့ ဘယ်လိုများ စိတ်သက်သာနိုင်မှာတဲ့လဲ။
ရုတ်တရက် သူကိုယ်ကို မတ်မတ်ထိုင်လိုက်ကာ ခါးကိုင်းလိုက်သည်။ ခေါင်းငုံ့လျှက် ပါးစပ်ကို တင်းတင်းစေ့ကာ လက်သီးနှစ်ဖက် ကျစ်အောင် ဆုပ်လိုက်ပုံက ဒီလူ အရမ်းအန်ချင်လာနေပြီဆိုတာ ကျွန်တော်သိလိုက်သည်။ အန်ဖို့ ဆင်းပြေးမယ်ဆိုရင်တောင် နောက်ဘူတာရောက်ဖို့က အနဲဆုံး နှစ်မိနစ်လောက်တော့ စောင့်ရဦးမည်။
“မအန်လိုက်ပါနဲ့... ဒီထက်ပိုပြီး ရုပ်ပျက်ဆင်းပျက် မဖြစ်စမ်းပါနဲ့တော့...”
သူကိုကြည့်ပြီး ကျွန်တော်ကိုယ်တိုင်ပါ ဘာမှမဆိုင်ပါပဲ စိုးရိမ်တစ်ကြီး ဖြစ်နေမိသည်။ သူ ကိုယ်တိုင်လဲ ရထားပေါ် အန်ရမှာကိုတော့ တော်တော်ကြီး မလိုလားမှန်း သိသာပါသည်။ နှဖူးမှာ ချွေးသီးကြီးတွေ စို့လာကာ အသက်ကို မှန်မှန်ရှုရင်း အာရုံပြောင်းဖို့ ကြိုးစားနေပုံ ရသည်။
ဒါပေမဲ့... မရပါ။
ဒီအဖြစ်ဖြစ်မှာကို မှန်းဆပြီး စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့မိတာကြောင့် အားလုံးကို ကျွန်တော့်မျက်စိ ရှေ့မှာတင် သေချာကြီး မြင်လိုက်ရလေသည်။ သူအတင်းမျိုချဖို့ ကြိုးစားတာ၊ ပါးစပ်ကို လက်နဲ့ ပိတ်လိုက်တာ၊ အဲလို အတင်းထိန်းချုပ် ပိတ်ဆို့ထားတာကြောင့် ထွက်လာတဲ့ အရည်တွေက ပုံမှန် အန်သလိုတောင် မဖြစ်ပဲ ဆိုးဝါးစွာ ပန်းထွက်ကုန်တာ၊ ဘေးကလူတွေ ၀ရုန်းသုန်းကား ရှောင်ကြ၊ ရှားကြ ထပြေးကုန်ကြတာ။
“ကျွတ်...” ကျွန်တော် သဲ့သဲ့ရေရွတ်ရင်း မျက်စိမှိတ်ကာ မျက်နှာလွှဲလိုက်သည်။
သွားပြီပေါ့။ သူများတွေ သိချင်မှသိကြမှာပေမဲ့ ဒါမြန်မာတစ်ယောက်။
“တောက်.. ဒီလိုမျိုးတွေ လုပ်နေမှတော့ တို့မြန်မာတွေကို ဘယ်သူ အကောင်းမြင် အထင်ကြီးမတဲ့လဲ..” ကိုယ်တွင်းမှ တက်လာသော ဒေါသနှင့် ရှက်စိတ် ပေါင်းသည့် အပူနှင့်အတူ ကျွန်တော်တွေးမိသည်။ ဘေးမှာလဲ တော်တော် ၀ရုန်းသုန်းကား ပွစိပွစိတွေ ဖြစ်ကုန်ကြပါသည်။ သူ့ဘေးနား ပတ်ဝန်းကျင်မှာတော့ ထိုင်သမားလဲ မရှိ၊ ရပ်သမားလဲ မရှိနှင့် တော်တော်ရှင်းလင်းသွားလေသည်။ အန်ဖတ်တွေကလဲ ပွစိတက်လို့။ အန်လိုက်တာကြောင့်ရော၊ ဖြစ်သွားသည့် အခြေအနေကြောင့်ပါ သူလဲ တော်တော်လန့်ပြီး အမူးပြေသွားပုံရသည်။ အန်ဖတ်တွေကို လက်နဲ့ သုတ်နေသည်။
အဲဒီအချိန်မှာ....
တရုတ်မလေးတစ်ယောက်က ရှုံ့မဲ့မဲ့နဲ့ အနားကပ်ကာ သူ့ကို တစ်ရှုးတစ်ထုပ် လှမ်းပေးလေသည်။ လက်တွေရော ဘေးတွေမှာပါ ပေပွကာ အခက်တွေ့နေသည့် သူ့အတွက် တစ်ရှုးထုပ်က တော်တော် အသုံးဝင်ပါသည်။ တစ်ထုပ်လုံး ခဏလေးနှင့် ကုန်သွားတော့ ဘေးက နှစ်ယောက်သုံးယောက်ကပါ သူတို့ တစ်ရှုးထုပ်တွေကို လှမ်းပေးကြ၏။
သူတို့ရဲ့ အဲဒီအပြုအမူတွေကပဲ ကိုယ့်ဘာသာ သတိထားမိသွားရင်းက ကျွန်တော့်ကို တွေးပြီး အရှက်ရစေခဲ့တာ ဖြစ်ပါသည်။
ရထားပေါ် စတတ်ခတဲက သူ့ရဲ့ မသင့်လျော်သော အပြုမူကို ကျွန်တော် တောက်လျောက် အပြစ်မြင်ခဲ့သည်။ တို့မြန်မာတွေကို လူအထင်သေးအောင် လုပ်လေခြင်းလို့ ဒေါသသင့်ခဲ့လေသည်။ တကယ်ဆိုးဆိုးဝါးဝါး ဖြစ်လာတော့ရော။ ဒီလိုလူတွေကြောင့် ဒို့သိက္ခာ ကျတာပေါ့ ဆိုသော ဒေါမာန်အတွေးနှင့် မျက်နှာလွှဲခဲ့သည်။ ပေလယျကန် ပြုခဲ့သည်။ ကျွန်တော့်မှာ တစ်ရှုးမပါပါ။ ဒါပေမဲ့ ပါလဲ ဒီလိုပရမ်းပတာ သိက္ခာမဲ့အပြုအမူ ပြုသူ (လို့ကျွန်တော့်ဘာသာ သတ်မှတ်သူ) ကို ကူညီဖို့တွေးမိမည် မဟုတ်ပါ။ သူ့ထိုက်နှင့် သူ့ကံ ခံပစေဟုသာ တွေးမိပါလိမ့်မည်။ ဖြစ်နိုင်လျှင် ရိုက်နှက်ပြီးတောင် ဆုံးမချင်သေးသည် မဟုတ်လား။
ဒါပေမဲ့ ခုမိန်းခလေး လုပ်သွားသလို မနှစ်သက်တာက သက်သက်၊ အကူအညီလိုသူကို အကူအညီပေးတဲ့ လုပ်ရပ်ကို လုပ်တာက သက်သက်လို့ ကျွန်တော် မခွဲခြားနိုင်ခဲ့ပါ။ အကူအညီလိုအပ် နေသူတစ်ယောက်ကို ဘယ်လိုကူညီပေးရမလဲ ဆိုတာမျိုး ရိုးရှင်းစွာ မတွေးပဲ အမျိုးဂုဏ်တွေ၊ ဇာတိပုညမာနတွေနဲ့ အတွေးရှည်ကာ မျက်နှာလွှဲ၊ ဝေးဝေးနေ ရှောင်ပြေးခဲ့သည်။ အမှန်တကယ် မြန်မာဆိုတဲ့ အမျိုးသားရေးနဲ့ပဲ စဉ်းစားပါဦး၊ ရထားပေါ်မှာ မြန်မာတစ်ယောက် အခက်တွေ့ချိန်မှာ ပထမဆုံး အကူအညီပေးဖို့ ကြိုးစားသင့်သူဟာ ကျွန်တော်မြန်မာ မဖြစ်သင့်ဘူးလား။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မြန်မာဆိုတဲ့ အတွေးက မသန့်စင်ပဲ အရောင်တွေ စွန်းနေခဲ့သည်။
သူ့ရဲ့ မကြိုက် မနှစ်သက်စရာ အပြုအမူတွေကို ရှုတ်ချပြစ်တင်ခဲ့တာကို ကျွန်တော် နောင်တမရပါ။ အပြစ်တင်စရာ လုပ်ရပ်တစ်ခုအတွက် ကျွန်တော်အပြစ်တင်ပါမည်။ ဒါပေမဲ့ အကူအညီ ပေးစရာကိစ္စ ကိုကျတော့ အကူညီ ပေးဖို့ ကျွန်တော်ပျက်ကွက်ခဲ့သည်။ နှိုင်းယှဉ်ကြည့်လျှင်တောင် အရက်မူးပြီး ပရမ်းပတာ ပြုမူသည့် မြန်မာတစ်ယောက်နှင့် လူတစ်ယောက် (ကိုယ့်နိုင်ငံသား တစ်ယောက်) အကူအညီလိုနေတာကို တွေ့ရက် ရှက်ပါသည်ဆိုကာ မျက်နှာလွှဲ လက်ပိုက်နေခဲ့သည့် မြန်မာတစ်ယောက် ဘာများ ကွာသတဲ့လဲ။ အမှန်ပြောရလျှင် သောက်မိ မူးမိသောကြောင့် ထိန်းချုပ်ဖို့ မစွမ်းနိုင်ကာ အန်ထွက်ရသည့် သူကမှ၊ လုပ်နိုင်စွမ်းလဲ ရှိပါရက် ကူညီဖို့ အတွေးတောင် မထွက်ပဲ ပြစ်တင်ရှုံ့ချရုံ လုပ်နေသည့် ကျွန်တော့်ထက် သာလှပါသေးသည်။
တကယ်လို့ ဒါသာ ကျင့်ဝတ်စစ်ဆေးမှုဆိုရင်တော့ ကျွန်တော်နှင့် သူ ရွှေနှစ်ယောက်လုံး ရွှေသိက္ခာချ ရှုံးနိမ့်ခဲ့ကြပါလေသည်။
......................................................................

ခုလိုအင်တာနက် ခေတ်ရဲ့ FB လို နေရာမျိုးမှာ လူအများရဲ့ အမြင်တွေကို ဖတ်ရတော့ ကိစ္စတော်တော်များများမှာ အဲလိုပုံစံတူတွေ တော်တော့်ကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်... ကျွန်တော်တို့ တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ကူညီဖို့တော့ ၀န်မလေးတတ်ကြပါဘူး... ဒါပေမဲ့ မနှစ်မြို့စရာ တစ်ခုခု မြင်ပြီဆိုတာနဲ့ အဲဒီကျူးလွန်သူကို အပြစ်တင်ရုံတင်ပြီး မျက်နှာလွှဲ ရှောင်ပြေးတတ်ကြတာများတယ်... အပြစ်တင်တာလဲ အရမ်းမြန်တယ်.. အားတက်သရော ရှိတယ်... ပြီးရင် အဲဒါနဲ့ ပက်သက်ပြီး အကူအညီပေးဖို့ ဝေးစွ၊ အဲဒီ မကြိုက်တဲ့ အဖြစ်ကို ပေလယျကန်ထားပြီး မပက်သက်မိအောင် နေတယ်... အဲဒီအလေ့အကျင့်က လက်ညှိုးထိုး အပြစ်တင်တာတွေပဲ ပြည့်နေပြီး လက်တွေ့ အလုပ်မဖြစ်တဲ့ လူ့အဖွဲ့အစည်းကိုများ ဖြစ်လာစေလေသလားလို့ တွေးမိပါတယ်...
သုတ
သုတ
No comments:
Post a Comment