ဂရမ်မီဆုတွေ ဘာတွေရတဲ့ ကမ္ဘာကျော်အဆိုတော် တစ်ယောက် ဖြစ်ချင်တယ်လို့ ဖြူဖြူကျော်သိန်း က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးတာ မှတ်မိသေးသည်။ ဆယ်စုနှစ်နဲ့ ချီပြီး ကြာခဲ့ပြီဆိုတော့ ဘယ်မဂ္ဂဇင်းက၊ ဘယ်အင်တာဗျူးမှာ၊ ဘယ်လိုပြောခဲ့လဲဆိုတာတော့ မမှတ်မိတော့ပါ။ကျွန်တော်ကိုယ်တိုင်က သူ့ပရိတ်သတ် ဖြစ်နေတာရယ်၊ အဲဒီကစလို့ နောက်ပိုင်းမှာ ကြီးကြီးကျယ်ကျယ် ပြောတတ်သူလို့ ၀ိုင်းပြီး ဝေဖန်ကြ၊ သတ်မှတ်ကြတာရယ်ကြောင့်လဲ မှတ်မှတ်ရရလေး ရှိနေမိတာ ဖြစ်သည်။
ဒီလိုစကားမျိုး ခုလိုအချိန်မှာ ပြောလာတာ ဆိုရင်တော့ မဖြစ်နိုင်တာတစ်ခုကို လေလုံးထွား လျောက်ပြောတာလို့ သူ့ကို ကျွန်တော်တို့ ကောက်ချက်ချလို့ ရသည်။ ဒီလောက်ကြာခဲ့ပြီးတာတောင် ကော်ပီသီချင်း၊ ကော်ပီအမူအယာတွေထဲမှာပဲ ပျော်မွေ့နေပြီး ကိုယ်ပိုင်ဟန်တစ်ခုကို မတည်ဆောက် နိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဟာ ကမ္ဘာကျော်ပြီး ဂရမ်မီဆုရလောက်အောင်တော့ ဂီတ၀မ်းစာ မပြည့်သူလို့ ၀မ်းနဲစွာ မှတ်ချက်ချရမှာပဲ ဖြစ်သည်။။ ဒါပေမဲ့ ဒီစကားကို စပြောချိန်က သူသည် တက်သစ်စ ဖြစ်သည်။ ဂရမ်မီ မကလို့ ဘယ်လိုအိမ်မက်မျိုးကို မဆို ကြီးကြီးကျယ်ကျယ် မက်နိုင်တဲ့ အရွယ်ဖြစ်သည်။ ကောင်းမွန်တဲ့ ပါရမီခံ အရည်အချင်းလဲရှိသည် (ဒါကြောင့်လဲ မြန်မာ့ထိပ်ဆုံး အဆိုတော်စာရင်းထဲကိုတော့ အလွယ်တကူ လျှင်လျှင်မြန်မြန်ပဲ သိမ်းပိုက်ရောက်ရှိခဲ့၏)။ ကော်ပီနှင့် စတက်သော်လဲ ဖန်တီးကြိုးစားပါက ထွန်းတောက်နိုင်တဲ့ ကျောက်ရိုင်းတုန်းလဲ ဖြစ်သည်။ ခု နှစ်တွေကြာခဲ့ပြီးချိန်မှာတော့ သူကိုယ်တိုင်လဲ အောင်မြင်ပြီးသား သီချင်းတွေကို အဆင့်သင့် ခူးဆွတ်ပွားယူပြီး လွယ်လွယ်ကူကူ သွားတဲ့လမ်းကနေ မဖယ်ရဲခဲ့တာကြောင့် ပြောခဲ့ဘူးတဲ့ ဂရမ်မီဟာ လေထဲက စကားတစ်ခွန်းပဲ ဖြစ်သွားခဲ့ပါပြီ။ ဒါ့အပြင် သူရဲ့ ဂရမ်မီအိမ်မက်ဟာ အားပေးခံရဖို့ နေနေသာသာ ဝေဖန်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရတာ မဟုတ်လား။
ကျွန်တော်အဓိက တွေးချင်ရေးချင်တာကလဲ အဲဒီအကြောင်း ဖြစ်သည်။
တက်သစ်စ ငယ်ရွယ်သူ အဆိုတော်တစ်ယောက်ရဲ့ ကမ္ဘာကျော်အဆိုတော် ဖြစ်ချင်တယ်ဆိုသော အိမ်မက်သည် မထူးဆန်းပါ။ ထူးဆန်းတာက ကြီးကြီး ကျယ်ကျယ်ပြောရမလားဆိုသော ကျွန်တော်တို့ အများစုရဲ့ တုန့်ပြန်ပုံ ဖြစ်သည်။ ပြီးတော့ လေကြီးလိုက်တာလို့ ကျွန်တော်တို့တွေ မနာလိုစိတ်နဲ့ တွေးကြတာမျိုး မဟုတ်ပဲ အမှန်တကယ်ကို မဖြစ်နိုင်တာကြီးကို သူလျောက်ပြောနေတာလို့ ယုံကြည်ကြတာလဲ ဖြစ်၏။ပြောရရင်တော့ သူ ကြီးကြီးကျယ်ကျယ် လျှောက်ပြောတာလို့ အမှန်တကယ်ကို ကျွန်တော်တို့ ရိုးသားစွာ ယုံကြည်ခံစားကြတယ် ဆိုပါစို့။
မြန်မာတစ်ယောက်၊ မြန်မာမြေပေါ်ကနေ ကမ္ဘာကျော်ဖို့ စိတ်ကူးသည် မမက်ကောင်းသော အိမ်မက်တစ်ခု၊ မဖြစ်နိုင်တဲ့ အရာတစ်ခုလို ကျွန်တော်တို့ တော်တော်များများ ခံစားကြသည်။
ဒီနေရာမှာ သုံးသော ”ကျွန်တော်တို့”သည် ကျွန်တော့်အရွယ်အပိုင်းခြား ၀န်းကျင် မျိုးဆက်တစ်ခုကို ရည်ညွှန်းတာဖြစ်သည်။ စိတ်အရှိန်အဟုန်တွေ တက်ကြွစွာနှင့် ဆိုရှယ်လစ်ခဲ့ကြတာကနေ တဖြေးဖြေး ပျက်လာခဲ့တဲ့ မဆလ ယိုယွင်းတဲ့အချိန်မှာ မွေးဖွားခဲ့ပြီး တပ်အာဏာသိမ်းခေတ်၊ န၀တ၊ နအဖခေတ်တွေနဲ့ အတူ တောက်လျောက် ကြီးပျင်းခဲ့တဲ့ ကျွန်တော့်အသက်ရွယ်ဝန်းကျင် မျိုးဆက်သည် ဒီအာဏာရှင်ခေတ်ကြီးက မွေးထုတ်လိုက်သော မျိုးဆက် စစ်စစ် ဖြစ်သည်။ ခေတ်တစ်ခု၊ စနစ်တစ်ခုဟာ လူငယ်တွေကို အများကြီး သက်ရောက်မှုရှိသည်ဆိုလျှင် ဒီခေတ်မှောင်ကြီးမှာ ကြီးပြင်းခဲ့သူတွေ ဘယ်လိုရှိတယ်ဆိုတာ ကျွန်တော်တို့ အရွယ် အများစုရဲ့ တွေးခေါ်ပုံ၊ အရည်အချင်း၊ ယုံကြည်ချက်၊ ခံစားမှုတွေသည် လေ့လာကြည့်ဖို့ အကောင်းဆုံး ဖြစ်လိမ့်မည်။ ပြီးတော့ ကိုယ်တိုင်လဲ ထူးချွန်ထက်မြက်သူထဲမှာ မပါပဲ အလွန် ယေဘုံယျဆန် သူလိုငါလို အနေအထား၊ အသိုင်းဝိုင်းကပဲဖြစ်တာကြောင့် အများစု ဖြစ်သော သာမာန်လူတွေရဲ့ စရိုက်၊ အလေ့အကျင့်တွေသာ ကျွန်တော်နှင့် ကျွန်တော့်ပတ်ဝန်းကျင်မှာ ပုံမှန်တွေ့ရလေ့ ရှိလေသည်။ (ထူးချွန်သူတစ်ယောက်အတွက်တော့ ခေတ်၊ စနစ်သည် အကြောင်းပြချက် မဟုတ်ပါ)
တခြားကိစ္စတွေ အသာထား ရည်မှန်းချက် အိမ်မက်ကိစ္စ အစပြန်ကောက်ရလျှင် ကျွန်တော်တို့ရဲ့ မဟာကြီးကြီးမားမား ရည်မှန်းချက်တွေ ဆိုတာက ၀င်ငွေအရမ်းကောင်းတဲ့ အလုပ်တစ်ခုလောက် ရဖို့၊ ကိုယ်ပိုင်အလုပ်လုပ်သူဆိုလဲ လုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်ဖို့ ဆိုတာမျိုးတွေ လောက်ပဲ ဖြစ်သည်။ နိုင်ငံခြားသွားရဖို့ ဆိုတာကိုတောင် အိမ်မက်တစ်ခုလို ရည်မှန်းချက်ထား ကြိုးစားရတာ မျိုးတွေ ဖြစ်လာသည်။
ကမ္ဘာကျော်ဖို့ ဆိုတာရော...
လက်တွေ့ကြိုးစားဖို့နေနေသာသာ အိမ်မက်နဲ့တောင် စိတ်ကူးမယဉ်အောင်ကို ကျွန်တော်တို့နဲ့ မဆိုင်သလို ဖြစ်နေပါသေးသည်။ ကိုယ်မက်ဖို့မပြောနှင့် သူများမက်ရင်တောင် မဖြစ်နိုင်တာတွေ ပြောနေတယ်လို့ ခံစားရအောင်၊ ဝေဖန်မိအောင်ကို ကမ္ဘာဆိုတာက ကျွန်တော်တို့နဲ့ ဝေးသွားခဲ့သည်။ အဲလိုဖြစ်သွားအောင်လဲ ဖြတ်သန်းခဲ့တဲ့ ခေတ်က ပုံသွင်းပေးခဲ့တာ ဖြစ်လိမ့်မည်။ ဆောင်းတွင်း အိမ်မက်လို ပေါက်ကရ အိမ်မက်တွေတောင် မက်ဖို့အတွက်တော့ လက်တွေ့ အဆက်ဆက် အဖြစ်လေးတွေ အနဲအကျဉ်း ရှိပေးဖို့လိုတယ် မဟုတ်လား။ ကျွန်တော်တို့ အများစုအတွက် ရည်မှန်းချက် ကြီးကြီးထားနိုင်ဖို့၊ ကမ္ဘာနဲ့ ချီတဲ့ အိမ်မက်ကြီးတွေ စိတ်ကူးယဉ်ဖို့ အခြေအနေဆိုတာ မပေးခဲ့၊ မရှိခဲ့ပါ။
ဒီစိတ်အခံရှိသူတွေ များလာသောအခါ အဲဒီလူတွေကပဲ တခြားလူအတွက် ပတ်ဝန်းကျင် ဖြစ်လာပါသည်။ အဲဒီပတ်ဝန်းကျင်ကပဲ ကမ္ဘာကျော်အိမ်မက်မက်တဲ့ လူငယ်တွေ ပေါ်လာခဲ့ရင် လေကြီးသူတွေလို့ ဝေဖန်လှောင်ပြောင်ရင်း နောင်မျိုးဆက်ကိုပါ အိမ်မက်မမက်ရဲအောင် လက်ဆင့်ကမ်း ဖိအားပေးသလို ဖြစ်သွားကြလိမ့်မည်။ ကျွန်တော်တို့သည် လူငယ်တို့၏ ပွင့်အာလာမည့် အကန့်မရှိသော ရည်မှန်းချက်တွေအတွက် မဖန်တီးပေးနိုင်ဘူး ဆိုရင်တောင်၊ အိမ်မက်တွေ မက်ရဲလာအောင် အားမပေးနိုင်ရင်တောင်၊ တွန့်ဆုတ် အားလျော့သွားအောင် မလှောင်ပြောင်မိဖို့၊ မဝေဖန်မိဖို့တော့ လိုအပ်ပါလိမ့်မည်။ ကိုယ်ပိုင်ဆိုင်ခဲ့သော ကမ္ဘာဆိုတာ ငါနဲ့မဆိုင်ဆိုတဲ့ အတွေးကို ကိုယ်တိုင်တောင် သတိမထားမိပဲ လက်ဆင့်ကမ်းလိုက် မိတာမျိုး ဖြစ်မသွားဖို့ အရေးကြီးမည် ထင်ပါသည်။
ခုလောလောဆယ်တော့ ကျွန်တော့်သူငယ်ချင်းတွေထဲမှာ ကမ္ဘာနဲ့ ချီပြီး စိတ်ကူးယဉ်သူ တစ်ယောက်ရှိသည်။ ဦးသန့်လို ကုလအတွင်းရေးမှုး ဖြစ်ချင်သည်တဲ့။ သူငယ်ချင်း အတော်များများကတော့ သူ့ကို ငကြောင်လို့ အားမနာတမ်း သတ်မှတ်၏။
အင်း... ကျွန်တော်အပါအ၀င်ပေါ့....
သုတ (မြန်မာ)
No comments:
Post a Comment