Sunday, October 30, 2011

ကျွန်တော်နှင့် စင်ကာပူ (၁)

လေယာဉ်ဘီးများသည် ပြေးလမ်းကို ဒုတ်ခနဲထိသည်။ စင်ကာပူရောက်ပြီ...

တဝေါဝေါ ပြေးကာ အရှိန်သတ်နေသည့် လေယာဉ်ပေါ်မှာ ကျွန်တော် အငြိမ်မနေနိုင်ပဲ တစ်ခုံကျော်ရှိ ပြူတင်းပေါက် အ၀ိုင်းသေးသေးလေးကနေ မြင်နိုင်သလောက် စင်ကာပူ ဆိုတာကို အတင်း ပြူးပြဲကြည့်သည်။ ပြူတင်းပေါက်ဘေး ကပ်ရပ်ထိုင်သည့် ကောင်မလေးက သူ့ဘက်ခေါင်းကြီး တခြမ်းစောင်းကာ ပြူတင်းပေါက်ကို ချောင်းနေတာကို နေရခက်တာပဲလား.. သူ့ကို မကြည့်ပဲ ပြူတင်းပေါက်ကို ကျော်ကြည့်နေတာ စိတ်ဆိုးတာလားမသိ.. မျက်နှာထား တည်တည်ဖြင့် မျက်စောင်းထိုး၏။ ပြီးတော့ သူပါကြည့်သလိုလိုနှင့် ပြူတင်းပေါက်ကို ကာလိုက်သည်။

အင်း.. သုံးနာရီလောက် ဘေးချင်းကပ်ရပ် တစ်ခရီးထဲ သွားခဲ့တဲ့ မျက်နှာမှ မထောက်ကွာ..
ကျွန်တော် ငြိုငြင်စွာတွေးရင်း ထိုင်ခုံမှာ ကျောပြန်မှီလိုက်သည်။ လေယာဉ်က တအီအီအသံပေးပီး ဖြေးလေးစွာ ရွေ့နေသေးသည်။ ကြာလိုက်တာ..

white card မှာ ဖြည့်ထားသည့် အချက်တွေကို ဘယ်နှစ်ကြိမ်မြောက်မှန်း မသိ ကျွန်တော် ထပ်စစ်သည်။

တစ် passport
နှစ် white card (အားလုံးသေချာဖြည့်ပြီး)
သုံး လေယာဉ်လက်မှတ်..

အလွယ်တကူ ဖွင့်ပြလို့ရသည့် ရှေ့အိတ်ထဲမှာ ထည့်ထားတာတွေကို တစ်ခုခြင်းကြည့်.. ပြီးတော့ ဇစ်ကိုပိတ်ချလိုက်သည်။ ဒါလဲ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိပါ။ ဒီလောက် အကြိမ်ကြိမ်စစ်ပြီးတာတောင် ထပ်စစ်နေမိတာက လုပ်စရာ မရှိလို့ လုပ်နေမိတာထက် စိတ်မလုံခြုံမှုကြောင့်က ပိုပါသည်။ တခါမှ မရောက်ဘူးသည့် နယ်မြေ။ ရေခြား မြေခြားသည့်အပြင် လူမျိုးပါခြားသေးသည်။ မသွားတတ် မလာတတ်ကလဲ လေဆိပ်ကထွက်ပြီး သွားဖို့ အသာထား.. ခုလေယာဉ်ကနေ သူငယ်ချင်း လာကြိုတဲ့ နေရာရောက်ဖို့တောင် မီးစင်ကြည့်ကရမည့် ကိစ္စ။ Immigration မှာ ရစ်တယ်တို့.. အပြောမတတ်ရင် ရုံးခန်းခေါ်စစ်တယ်တို့ကလဲ ကြားဖူးနားဝ ရှိထားသေးသည်။

စက်ရပ်သံနှင့်အတူ မီးတွေအားလုံး လင်းလာ၏။ သက်ပြင်းကို ခပ်နာနာ တစ်ချက်ထပ်ချရင်း မတ်တပ်ထရပ်လိုက်သည်။

ကဲ.. ငါလာပီ စင်ကာပူ..

..............................

ဖိတ်ဖိတ်တောက် ကြမ်းခင်းကြီးတွေ..
မျက်နှာကြက်ကြီးတွေ..
ရှည်ရှည်လျားလျား စက်လှေကား ကြီးတွေ (လှေခါးလို တက်ဆင်းတာတော့ မဟုတ်ဘူးဗျ.. အပြန့်လိုက်ကြီး ရွေ့နေတာမျိုးတွေပါ.. မြန်မာလို ဘယ်လိုခေါ်သလဲတော့ ခုထိ မသိသေးဘူး)

အဲဒါတွေ တဖက်ကငေး..
တဖက်ကလဲ ရှေ့ကတစ်လေယာဉ်ထဲ ဆင်းခဲ့တဲ့ မိန်းမကြီးတစ်ယောက်နောက်  မျက်ခြေမပြတ်လိုက်..
သူသွားရာ သွား.. သူကွေ့ရင် ကွေ့.. သူဆင်းရင် ဆင်း.. သူတက်ရင် တက်နဲ့
ဟိုက်.. toilet ဆိုပါလား..

ကျွန်တော် တခြားလူတွေနောက် ဆက်လိုက်ရင် ကောင်းမလား စဉ်းစားသည်။ ဒါပေမဲ့ Air-con ကြောင့်ရော စိတ်လှုပ်ရှားတာ ကြောင့်ရော.. လေယာဉ်ပေါ်က အအေးတွေ ကော်ဖီတွေကြောင့်ရော ကျွန်တော်ကိုယ်တိုင်လဲ toilet သုံးဖို့ လိုနေတာ အမှန်ပင်။ စင်ကာပူ toilet သည် ရန်ကုန်လေဆိပ်က toilet ထက်တော့ ပိုမသားနားပါ။ ကိစ္စပြီးသွားတော့ ဟိုဘက်က မိန်းမကြီးကို ဘာမှမဆိုင်ပါပဲ တော်တော်ကြာကြာ စောင့်လိုက်ရသေးသည်။

immigration ရောက်တော့ လူတွေပုံနေသည်။ တခြားခရီးစဉ်က ခရီးသည်တွေက ကျွန်တော့် ရှေ့မှာ အများကြီး။ immigration ကို ဖြတ်ပြီး ထွက်သွားသော ကပ်ရပ်ထိုင်ခဲ့သည့် ကောင်မလေးကို လှမ်းမြင်လိုက်ချိန်မှာ toilet ၀င်မိတာ နောင်တရသွားသည်။ နောက်ကျသွားတာ အချိန်ပိုင်းလေးပေမဲ့ သူများတွေ ထွက်သွားချိန်မှာ ကျွန်တော်က နောက်ဆုံးက တန်းစီနေရတုန်း.. ပတ်ပတ်လည်မှာ မြန်မာတောင် သိပ်မတွေ့ရတော့ပါ.. ဘာမှမဆိုင်ပါပဲ ဘေးတန်းမှာ တန်းစီနေသည့် ကျေးဇူးရှင်လမ်းပြ မိန်းမကြီးကို ကျွန်တော် ဘုကြည့်ကြည့်သည်။

အဲ.. ငါတန်းစီတဲ့ လိုင်းက အရာရှိက ကုလားမဟ..
တော်တော်လေး ကြာပြီးမှ ကျွန်တော် သတိထားမိသည်။
သူငယ်ချင်းက ကုလားအရာရှိတွေက ရစ်သည်ဟု မှာထားသည်မဟုတ်လား။
အကြာကြီး ပြန်မစီချင်တော့တာမို့ ကံကိုသာ ယိုးမယ်ဖွဲ့ပီး ကျွန်တော်ဆက်ရပ်နေလိုက်သည်။

ကျွန်တော့်အလှည့်ရောက်ပြီ။

ဖြန့်လာသော လက်ဖ၀ါးလေးထဲ စာအုပ်လှမ်းထည့်ပေးရင်း ပြုံးပြလိုက်သည်။ ပြန်မပြုံးပါ..

အင်း.. မျက်နှာကလဲ တင်းပါ့.. နာပီထင်တယ်..
ဘာလာလုပ်တာလဲ...
အလုပ်လာရှာတာပါ... (မှတ်ချက်။ ။  စာဖတ်သူခင်ဗျား.. ကျွန်တော်တို့ ခေတ်က ပြောလို့ရပါသည်။ ခုအဲလို သွားမပြောပါနှင့်..)

ဒီနှစ်ခွန်းပါပဲ။ ပီးတော့ ဖတ်စရာရှိတာဖတ် (scan ဖတ်တာပြောပါတယ်).. တုံး ထုစရာရှိတာထုပြီး ကျွန်တော်ကို ပြန်ပေးရင်း ပြုံးပြသည်။ (မှတ်မှတ်ရရ ခုချိန်ထိ စလုံးလေဆိပ် immigration counter က အရာရှိတွေ ပြုံးတာ ထပ်မတွေ့ဘူးသေးပါ။)

white card ကိုကြည့်လိုက်တော့ 30 days.. တော်ပါသေးရဲ့..

ကဲ.. ငါလာပီ စင်ကာပူ...

........................

မှန်ကနေ လှမ်းမြင်နေရသော သူငယ်ချင်းကို အတွေ့မှာ ရင်ထဲက အလုံးတစ်လုံး ထပ်ကျသည်။ အားကိုးရာတွေ့တော့ လူက အားငယ်ချင်သလိုလိုတောင် ဖြစ်သွားသည်။ မှန်ပဲ ဖြတ်ဖောက်ထွက်တော့ မလိုလို ကျွန်တော် သူ့ဆီတန်းသွားသည်။ သူငယ်ချင်းက လက်တကာကာဖြင့် တခြားဘက်ကို လက်ငြှိုးထိုး၏။ သြော်.. ပစ္စည်းထုတ်ရဦးမည်ပဲ။

ကျွန်တော် အထွက် နောက်ကျသောကြောင့် လူရှင်းပါသည်။ လည်နေသော အ၀ိုင်းပေါ်မှာ ဘာပစ္စည်းမှလဲ သိပ်မကျန်တော့.. လှမ်းကြည့်လိုက်တာတောင် ကျွန်တော့် luggage ထင်သည်။ ပုံစံတူလေးကို မြင်နေရပြီ။ နီးလာတော့ ကိုယ့်luggage ဆိုတာ ပိုသေချာပြီ။

ပိုနီးလာလေ..
ပိုနီးလာလေ..
ဟာ.. ငါ့ luggage ကြီး ပွင့်နေပါလား။
ကျွန်တော် အမြန်ပြေးပြီး ပွေ့ချသည်။ ပွင့်နေသောကြောင့် ဆွဲချလို့မရ.. ပွေ့ပီး ချရသည်။
အထဲမှာလဲ ပစ္စည်းက တစ်ဝက်လောက်ပဲ ကျန်သည်။

ဒုက္ခပဲ.. တခြားဟာတွေ ဘယ်ရောက်သွားပါလိမ့်.. ကုန်ပြီထင်တယ်..

ထူထူပူပူဖြင့် ဘာလုပ်ရမှန်း မသိတော့။

ဒါပေမဲ့ ချက်ခြင်းပဲ ကျွန်တော့် luggage နဲ့ ကပ်ရပ် ပလတ်စတစ် ခြင်းတောင်းထဲမှာ ကျွန်တော့် ပစ္စည်းတွေ တွေ့သည်။ ဘယ်သူ့တောင်းမှန်း မသိပေမဲ့ အဲဒါပါ ဆွဲချလိုက်သည်။

သေချာပါသည်။ ကျွန်တော့်ပစ္စည်းတွေ...
အလုပ်လျှောက်ဖို့ ထုတ်ပီး ပလတ်စတစ်နဲ့ ထည့်ထားသော ကျွန်တော့် ဓါတ်ပုံတွေတောင် ပါသေး။
ဘယ်လိုဖြစ်ပြီး ဘယ်ကမှန်းမသိတဲ့ တောင်းထဲ ရောက်နေပါလိမ့်...

အဖြေကို မစဉ်းစားနိုင်သေးပဲ ကျွန်တော် ပစ္စည်းတွေ ပြန်ထည့်သည်။
အားလုံးထည့်ပီးတော့မှ ပြဿနာကို တွေ့သည်။ luggage က ဘယ်လိုမှ ပိတ်လို့ မရတော့။ သော့ပျက်ပြီး ပွင့်ထွက်သွားသည်ပဲ။ လေဆိပ်က တစ်ခုချင်းကောက်ပီး တောင်းထဲ ထည့်ပေးထားပုံရပါသည်။
ကျွန်တော် ခါးပတ်ကို ချွတ်ပြီး luggage ကို ပတ်လိုက်သည်။ သေချာကြီး ပိတ်မသွားပေမဲ့ အထိန်းသဘောတော့ ရသည်။ ဒါပေမဲ့ အိုက်တင်ထုတ်ပီး ဆွဲလို့မရ။

တွန်းလှည်းပေါ် luggage ကို ပွေ့တင်။ တဖက်ကတွန်း တဖက်က ဖိထိန်းပြီး ကုံးကုံးကွကွထွက်လာသော ကျွန်တော့ကို သူငယ်ချင်းသည် မျက်လုံးအပြူးသားဖြင့် ကြိုပါ၏။

ကဲ.. ငါလာပြီ စင်ကာပူ...

.............................

ပူပင်ရတာတွေ ရုန်းကန်ရတာတွေနဲ့ ရသစုံတဲ့ စင်ကာပူမှာ လေးနှစ်ပြည့်တဲ့ အထိမ်းအမှတ်နဲ့ ကျွန်တော့်ရဲ့ စင်ကာပူ ပထမဆုံးနေ့ အဖြစ်လေးကို အမှတ်တရ ရေးဖွဲ့ပါတယ်.. ရေးရင်းနဲ့ကို ကျွန်တော်လွဲသမျှ ဒုက္ခခံ ကူညီပေးခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းတွေကိုလဲ ကျေးဇူးတင်မိပါတယ်ဗျာ..

Sunday, October 9, 2011

ရွှေ (၂)

အိပ်ခန်းတံခါးကို ဖွင့်ချိန်မှာ ဧည့်ခန်းထဲရှိ အဖြစ်သဘော လုပ်ထားသော ဘုရားစင်ရှေ့က မြင်နေကျ မြင်ကွင်း တစ်ခုကို ကျွန်တော်မတွေ့ရပါ။ သုံးလကျော် လေးလနီးပါး ဆက်တိုက်မြင်နေခဲ့ရသည့် ဘုရားစင်ရှေ့ ကျုံ့ကျုံ့ထိုင်ကာ အချိန်မှန် ၀တ်ပြုနေတတ်ခဲ့သည့် လူငယ်တစ်ယောက်သည် ခုတော့ မူးယစ်ရီဝေစွာ အိပ်မောကျနေပါလိမ့်မည်။ စတွေ့တုန်းကတော့ ရိုးဂုဏ်တစ်ခုကို သူ့ဆီက ပီပီပြင်ပြင် တွေ့ရသည်။ ရိုးသားသလို အနေအထိုင်လဲ ယဉ်ကျေးသည်။ ခုတော့ ခပ်ထွေထွေ ပြန်လာတတ်ပြီ၊ ဖုန်းအကြာကြီး အီတတ်ပြီ၊ ဘုရားစင်ဘက် ခြေဦးမလှည့်တော့ပြီ။ အမှန်တော့ ဒါမဆန်းလှပါ။ စင်ကာပူရောက် မြန်မာတိုင်းလိုလို မြင်နေ၊ ကြုံနေကျ ဒါမှမဟုတ် ကိုယ်တိုင်ဖြစ်သွားကြသော အခြေအနေတစ်ရပ်သာ ဖြစ်သည်။ စင်ကာပူသာမဟုတ်ပဲ တခြားနိုင်ငံတွေမှာလဲ ဒီလိုမျိုးအဖြစ်တွေ ရှိနေမယ်ဆိုတာ သေချာပါသည်။

လွတ်လပ်မှုကော၊ ပတ်ဝန်းကျင် ပြောင်လဲမှုကော တပြိုင်နက် ရင်ဆိုင်ရချိန်တွင် တဖက်ကလဲ အထိမ်းကျောင်းခံ ဘ၀ကနေ ကိုယ့်ဘာသာ ထိမ်းကျောင်းရသည့် အနေအထားသို့ ရောက်လာခြင်းက အမှန်တကယ်တော့ မလွယ်လှသည့် အခြေအနေဖြစ်သည်။ ရလိုက်တဲ့ လွတ်လပ်မှုကလဲ တော်ရုံတန်ရုံတောင် မဟုတ်။ မိဘဘိုးဘွား ဆွေမျိုးတွေ ထားလို့၊ စောင့်ကြည့်မည့် ပတ်ဝန်းကျင်ပါ မရှိတော့သည့် လွတ်လပ်မှုဖြစ်သည်။ လွတ်လွတ်လပ်လပ် ထင်သလိုနေပစ်လိုက်ပီး ပိတ်မိသွားမှာမျိုး မဟုတ်ပဲ ကိုယ့်မြေကိုယ်ပြန်ကာ ရုပ်တည်နဲ့ ပြန်နေဖို့ ထွက်ပေါက်တစ်ခုကလဲ ခပ်ပီပီ ရှိနေပြန်သည်။ စင်ကာပူနိုင်ငံသားများ ထက်တောင် ပိုပီးလွတ်လပ်လေမလားဟု ထင်ပါသည်။ ကျွန်တော်တို့သည် ထိုအချိန်တွင် လွတ်လပ်မှု တော်လှန်ရေးနှင့် ရင်ဆိုင်ရသည်ဟုတောင် ခပ်ပိုပိုလေး ညွှန်းလိုက်ချင်သည်။ ဒီတော့လဲ လွှတ်ပီးတော့ကို လွတ်လပ်ကြတော့သည်။ လွတ်လပ်လွန်းတော့လဲ လွတ်ကုန်ကြ၏။ လပ်ကုန်ကြ၏။

ဒီနေရာမှာ ”မြန်မာတွေ လွှတ်ပေးတာနဲ့ကို ပျက်စီးတာများတယ်..” ဆိုတဲ့ စကားကိုတော့ သိပ် သဘောမတူချင်လှပါ။ ”သိပ်”လို့ ထဲ့သုံးရတာက အများကြီး သဘောမတူသော်လဲ နဲနဲတော့ သဘောတူချင်သောကြောင့်ဖြစ်သည်။

ဘာကြောင့်နဲနဲသဘောတူချင်သည်ကို စရှင်းပါမည်။ မြန်မာတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုသည် တော်တော်ကြီးကို ထိန်းသိမ်းမှုကြီးသည်ဟု ဆိုနိုင်သော ယဉ်ကျေးမှုမျိုး ဖြစ်သည်။ ဘာသာတရားနှင့် ယှဉ်ကာ ပေါ်ပေါက်ရသော ယဉ်ကျေးမှုအမြင်ဖြစ်သော့ကြောင့် အဆုံးစွန်လိုက်နာလျှင် သူတော်စင်တောင် ဖြစ်သွားနိုင်သည့် မြင့်မားလှသော သတ်မှတ်ချက်များ ရှိသည်။ ထိုအခါ သူများတွေ ပုံမှန်ဟု ထင်သည့်တချို့ကိစ္စများတွင်ပင် ကျွန်တော်တို့က ပျက်စီးမှု၊ လျှပ်ပေါ်လော်လီမှု ဟုမြင်သည်။ ခုလူငယ်လေး ဘုရားရှိခိုးပျက်တာ၊ အရက်သေစာ သောက်စားလာတာအပေါ် ကျွန်တော့်ကောက်ချက်ကို ကြည့်လျှင်ပင် ထိုအချက်ကို အထင်းသားမြင်နိုင်သည်။ အခြားလူမျိုးများ၏ ယဉ်ကျေးမှုစံတွင် အပေါင်းမဖြစ်လျှင်တောင် သုညတန်းလောက် သွားနေသည့် အနေအထားသည် ကျွန်တော်တို့ ယဉ်ကျေးမှုစံတွင် အနုတ်စပြနေ၏။

ဒါပေမဲ့ အဲဒီအမြင်တွေကပဲ ပိုမိုပျက်စီးသွားစေသော အကြောင်းဟု မြင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သာမာန်ယိုယွင်းမှု တစ်ခုကို ယဉ်ကျေးမှုစံဖြင့် ပျက်စီးမှုဟု အသိုင်းဝိုင်းက မြင်သလို ကာယကံရှင် ကိုယ်၌ကလည်း ပျက်စီးမှုဟု ကိုယ့်ဘာသာ ခံစားရသည်။ ငါတော့ ပျက်စီးနေပြီ၊ ငါတော့  ခေတ်မှီနေပြီ စသည်ဖြင့်နှစ်တက်စားလဲ ကြက်သွန်ပါပဲဆိုပြီး အမှန်တကယ် ပျက်စီးမှုများကို လက်မတွန့်သူများ၊ မထူးဇါတ်ခင်းသူများအဖြစ် အလွယ်တကူ ရောက်ကုန်ကြသည်။ အပြစ်တစ်ခုလို ခံစားပြီး ရေစုန်မျှောမိ တတ်ကြသလို ဖြစ်သွားကြသည်။

လွတ်လပ်မှုကြောင့် ပျက်စီးမှုကတော့ ဘယ်လူမျိုး ဘယ်နိုင်ငံသားမဆို တစ်ဦးချင်းစီရဲ့ စိတ်နောက်ကိုယ်ပါ ထိန်းသိမ်းမှုပေါ် မူတည်ပြီး ရှိကြသည်သာဟု ယုံသည်။ မြန်မာတွေမှမဟုတ်.. မြန်မာတွေကို လွှတ်ပေးမှ ပိုပျက်စီးတာလဲ မဟုတ်။ ပျက်စီးပြီဟု ကျွန်တော်တို့ သတ်မှတ်ထားသော စံတွေနှင့် ယှဉ်ကြည့်လျှင် ပျက်စီးမှုရေစီးထဲမှာ တခြားနိုင်ငံသားတွေကို တပုံတပင်ကြီး အဆပေါင်းများစွာ ပိုပီးတွေ့ရမည်မှာ အသေအချာပင်။

တစ်ခုပဲပြောစရာ ရှိသည်။ တခြားနိုင်ငံသားများက ဘ၀တစ်ခု၏ လူငယ်ဘ၀ကို လွတ်လပ်မှုနှင့် အထိမ်းအကွပ်မဲ့ ပေါ့ပါးစွာ စိတ်နောက်ကိုယ်ပါ နေပစ်လိုက်ပြီး သက်လတ်ပိုင်းမှာ ပြန်လည် တည်ငြိမ် အတည်ကျကာ ဘ၀ကို မောင်းနှင်သည့် အနေအထားဖြစ်သည်။ ကျွန်တော်တို့ တော်တော်များများက အဲဒီသက်လတ်ပိုင်းလောက်မှ စပြီးစိတ်နောက်ကိုယ်ပါ လွတ်လပ်ကြတာမို့ ဘ၀အတွက် ပြန်လည်တည်ဆောက်ချိန် မကျန်တော့ပဲ စုံးစုံးမြုပ်ရမည့် အန္တရာယ် ပိုကြီးတာမျိုးသာ ဖြစ်နိုင်သည်။

သေချာတာတော့ လူသည် ဘယ်နိုင်ငံသားဖြစ်ပါစေ မိမိကိုယ်ပိုင် ထိန်းသိမ်းနိုင်စွမ်းဖြင့်သာ၊ ပညာညာဏ်ဖြင့်သာ၊ ဆင်ခြင်စွမ်းဖြင့်သာ လွတ်လပ်မှုကို ရင်ဆိုင်၏။ အဲဒီ ထိန်းသိမ်းစွမ်းမှာလဲ မြန်မာက နဲသည် တခြားက မြင့်သည်မဟုတ်။ တူညီကြသည်သာ ဖြစ်သည်ဟု ယူဆမိပါသည်။

သုတ