Saturday, May 14, 2011

နာရီ

ရန်ကုန်မှာတုန်းက ကျွန်တော်နာရီပတ်သည်။ ကိုယ့်ဘာသာ ၀ယ်ထားတာတော့ မဟုတ်ပါ။ အဖေ့ဆီက အမွေတောင်းထားတဲ့ နာရီ။ Seiko 5။

ဆယ်တန်းအောင်ပီး အလုပ်စ၀င်ရတော့မယ်ဆိုတော့ နာရီလေး တစ်လုံးကတော့ မဖြစ်မနေလိုပီလို့ ကိုယ့်ဘာသာ ဆုံးဖြတ်သည်။ အလုပ်နဲ့ အကိုင်နဲ့ လူကြီးတစ်ယောက် ဖြစ်လာပီဆိုတော့လဲ ဆယ်တန်းတုန်းက ပတ်တဲ့ သားရေကြိုး ဓါတ်ခဲနာရီကတော့ ပတ်စရာနာရီလို့တောင် မသတ်မှတ်တော့ပြီ။ ဒီတော့အမေ့ကိုပူဆာရသည်။ အသစ်ဝယ်ဖို့ မဟုတ်။ သူငယ်ချင်းတစ်ယောက်ဆီမှ နာရီအသစ် လက်ဆောင်ရပြီးထဲက အဖေမပတ်တော့ပဲ သိမ်းထားသည့် နာရီဟောင်းကိုလိုချင်ပါသည်ဟု ပူဆာခြင်းဖြစ်သည်။ ဆန်းဆန်းပြားပြားဒီဇိုင်း မဟုတ်တဲ့ အပြင် နဲနဲတောင် အိုသည့်ဖက်ရှင်နှင့် နာရီကိုမှ ပတ်ချင်ပါသည်ဆိုသော သားကို ရီဟဟဖြင့် အမေက လိုက်လျောပါသည်။ အသစ်မ၀ယ်ပေးရတော့ ပိုက်ဆံကုန် သက်သာသေးလို့များ တွေးခဲ့ပါလိမ့်မည်။ ကျွန်တော်ကတော့ နာရီဒီဇိုင်းက လူကြီးလူကောင်းဆန်သည်၊ ခန့်ငြားသည်ဟု ထင်သည်။ ကိုယ်လဲ အလုပ်နဲ့ အကိုင်နဲ့ ဖြစ်ပီဆိုတော့ ဒီလိုခန့်ခန့်လေး ၀တ်ရမည်ပေါ့။

လူပျိုဖြစ်နေပြီ ဖြစ်သော်လဲ လူကောင်သိပ်မထွားသည့်အတွက် အဆစ်နှစ်ဆစ်လောက် ဖြုတ်တာတောင်မှ နာရီက တော်တော်ချောင်နေသေးသည်။ ဒါပေမဲ့ ခပ်ကျပ်ကျပ်နဲ့ ကွက်တိဝတ်ရတာထက် အဲလို လက်ကောက်ဝတ်မှာ လျော့လျဲလျဲလေး တင်ပီးဝတ်ရတာကို ပိုကြိုက်သည်။ အဲဒီစတိုင်ကတော့ ခုထိ ကျွန်တော်သဘောကျနေတုန်းပါ။ ခက်တာက လက်ထောင်လိုက်တိုင်း နာရီက လက်တတောင်ဘက် လျောကာသွားကြပ်နေတတ်သည်။ အဲလိုဖြစ်တတ်တာကပဲ ဒီနာရီနဲ့ ပက်သက်ပြီး အမှတ်ရစရာလေးတစ်ခု ကျွန်တော့်မှာ ရှိခဲ့တာဖြစ်သည်။

......................

အဲဒီနေ့က ရုံးမှာ အရမ်းမိုးချုပ်ပါသည်။

အချိန်ပိုလုပ်တဲ့ ၀န်ထမ်းအားလုံးက မပြန်တော့ပဲ အိပ်ဖို့ဆုံးဖြတ်ကြပြီး တားနေတဲ့ကြားက အပြင်မှာ အိပ်ကျင့်မရှိတာမို့ ကျွန်တော်အတင်း စွတ်ထွက်ခဲ့သည်။ ပြန်ဖို့သာ ဆုံးဖြတ်ရသည်၊ ဘတ်စ်ကားက မရှိတော့မှာ သေချာ၏။ ကြားကားတစ်စီးတစ်လေများ ရှိလိုရှိငြား ဆူးလေဂိတ်ဘက်ကို ကျွန်တော်လျှောက်သည်။ ကုမ္ဗဏီက ပြန်တင်၍ရသော်လည်း ကိုယ်ကအရင် စိုက်ရှင်းထားရမှာကော၊ ပုံစံဖြည့် ပြန်တောင်းရတဲ့ ကိစ္စတွေ စိတ်ညစ်တာရောကြောင့် taxi ကိုတော့ သိပ်ပီးစိတ်ဝင်တစား မရှိလှ။ လမ်းသည် လမ်းမီးတိုင်များအောက်မှာ လင်းလင်းချင်းချင်း ရှိပါသည်။ လျှောက်လာခဲ့သည့် ဗိုလ်ချုပ်လမ်းတစ်လျှောက် မျက်စိတဆုံးထိ တော်တော်ကြီးကို လူသူကင်းရှင်းနေတာကြောင့် နဲနဲစိတ်ပူလာသည်။ ရုံးမှာ ပြန်အိပ်လိုက်တာပဲ ကောင်းမလားမသိ။ လမ်းချိုးပြီး ဆူးလေ ကားဂိတ်မှာ လူလေးငါးဆယ်ယောက်လောက် လှမ်းတွေ့လိုက်တော့မှ ကျွန်တော် စိတ်သက်သာရသည်။ ဒါဆိုရင်တော့ ကြားကားရှိလောက်ပါသေးသည်။ အကြာကြီးစောင့်ရမဲ့တူတူ မနက်က မပြီးသေးသော ၀တ္တုစာအုပ်ကို ကျွန်တော်ထုတ်ဖတ်သည်။

စာအုပ်ထောင်ကိုင်ထားသောကြောင့် တတောင်ဘက် လျှောကျလာသော ကျွန်တော့်နာရီသည် အချိန်ကြာတာနဲ့အမျှ ချွေးနှင့်ရောကာ ကြပ်စီးစီးကြီးဖြင့် နေရခက်လာသည်။ ကောင်းခန်းရောက်နေတာမို့ စာအုပ်က မျက်နှာမခွာပဲ လက်ကိုအောက်ချက နာရီပြန်ကျအောင် အသာ လှုပ်သည်။ ချွေးတွေနှင့်ကပ်ကာ နာရီကမကျ။ စိတ်မရှည်တော့ပဲ လက်ကို ခပ်ဆတ်ဆတ်ခတ်ကာ ဆန့်အထုတ်မှာ ရှေ့ဘက် ခပ်စောင်းစောင်းလေးမှာ ရပ်နေသူကို သွားထိသည်။ လေဟပ်ရုံလောက်လေး ထိသွားသည့်အနေအထားလောက်ပဲမို့ ကျွန်တော်ဘာသာတောင် အမှုမဲ့ အမှတ်မဲ့ သတိပင် မထားမိလိုက်။

“မောင်လေး.. ဘာလဲဟင်..”
သူမကျွန်တော်ဘက် လှည့်လာပီးမေးသည်။ မျက်နှာသည် မိတ်ကပ်တို့ဖြင့် ကော်ပတ်ရုပ်လိုလှနေသည်။ အသက်အစိတ်လောက်တော့ ရှိမည်ထင်ပါသည်။ အလွန်အကျူး ချယ်သ၀တ်ဆင်ထားသည့် သူမအနေအထားကို ကြောင်တောင်တောင် ဖြစ်သွားသည့် ကြားကပင် ကျွန်တော် သတိပြုမိသည်။

”ဗျာ.. ဘာလဲ..” ကျွန်တော် နားမလည်စွာ ပြန်မေးမိသည်။ သူမဘာမေးလိုက်တယ်ဆိုတာ ကျွန်တော်မရှင်းပါ။

”အင်းလေ.. ဘာလဲလို့..” ပြုံးစစဖြင့် သူမအနားတိုးလာ၏။ အစထဲက ရပ်နေတာ သိပ်မကွာတာမို့တစ်လှမ်းသာသာ လှမ်းရုံနှင့်ကို တစ်ယောက်နှင့် တစ်ယောက် တော်တော်နီးသွားသည့် အနေအထား။ ရေမွှေးနံ့သည် တော်တော်စူးပါသည်။ အသံကလဲ ၀င်တော့မလိုလို ထွက်တော့မလိုလို လေသံနှင့်။

”အဲ.. ဘာမှမဟုတ်ပါဘူး အမ.. ဆောရီး မတော်တဆပါ..” ကျွန်တော် နောက်ဆုတ်ရင်း ပြောသည်။ ချက်ခြင်းလဲ သဘောပေါက်လိုက်တာမို့ မြန်မြန် တောင်းပန်ရင်း စကား ဖြတ်လိုက်တာပါ။

သူမအပြုံးပျောက်သွားသည်။

”ဟဲ့.. အဲဒါဆိုလဲ နင်ဘာလို့ လာစနေသေးလဲ..”

သူမပြောလိုက်သံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ တော်တော်ကျယ် သွားသည်။ ဘေးကရပ်နေသူတွေ အားလုံးလှည့်ကြည့်ကြသည်။ ပြောပီးမှ ကျွန်တော့ဘက်က အနေအထားကို သူမတလွဲကောက်ချက်ချပီး ဖြစ်ခဲ့တယ်ဆိုတာ သူမဘာသာ သတိရသွားပုံပေါ်ပါသည်။ မရပ်တော့မရပ်သေးပဲ ဘာမှတ်နေသလဲ.. လာမစမ်းနဲ့ ဘာညာကွိကွဖြင့် ပွစိပွစိ ခပ်တိုးတိုးရေရွတ်ကာ ကားဂိတ်အနောက်ဘက် ခပ်လှမ်းလှမ်းကို ဘောက်ဆတ်ဆတ် လျှောက်သွားသည်။ ကြည့်ရတာ ခုထိဒီမှာ ရပ်နေရတာကို တင်းနေတဲ့စိတ်က အစထဲကရှိပုံ ရပါသည်။ အဲဒါကအရေးမကြီး။ ခုတော့ ဒီကကောင်က လူတွေဝိုင်းကြည့်ခံနေရသည်။ ပြုံးစိစိကြည့်သည်။ ဇါတ်ရှုပ်တွေဆိုသည့် အထာနှင့်ကြည့်သည်။ တည့်တည့်ကြည့်သည်။ စွေကြည့်သည်။ လူလေးငါးဆယ်ယောက်က ပုံစံလေးငါးဆယ်မျိုးဖြင့် ကြည့်သည်။

ခပ်တည်တည်ဖြင့် စာအုပ်ပြန်ဖတ်နေရပေမဲ့ လူက ချွေးပြန်လာသည်။
တတောင်ဘက် ပြန်လျှောကျနေပြီဖြစ်သည့် နာရီကလဲ ချွေးတို့ဖြင့် စီးကာ နေရခက်ခက်။

ဒါပေမဲ့ နာရီကို ကျွန်တော် မခါချဖြစ်တော့ပါ။

......................

ခုတော့ ကျွန်တော်နာရီပတ်လေ့ သိပ်မရှိတော့ပါဘူး.. ဒီကိစ္စကြောင့်တော့ မဟုတ်ဘူးပေါ့ဗျာ.. အချိန်ဆိုတာကိုသိဖို့ နာရီတစ်မျိုးထဲ အားကိုးနေစရာ မလိုလောက်အောင် ခေတ်ကတိုးတက်လာတာကြောင့် ဖြစ်ပါလိမ့်မယ်.. ဒီတော့များ ခုနေချိန် အဲလို တယောက်ယောက်ကို သွားထိမိတယ်လို့ သတင်းများကြားလို့ကတော့ တမင်တကာထိတာပဲ ဖြစ်လိမ့်မယ်လို့ စာဖတ်သူ ယူဆနိုင်ပါတယ်ဗျား.. ဟားဟား..

Sunday, May 1, 2011

မြန်မာ့စံတော်ချိန်

ရထားရပ်တာနှင့် ကျွန်တော် အရင်ဆုံးဖြစ်အောင် လုထွက်လိုက်ပီး စက်လှေကားမှ တောက်လျှောက်ပြေးဆင်းသည်။ မပြေးလို့လဲမရ။ နောက်ကျနေပြီလေ။ နဲနဲနောနောတောင် မဟုတ်ပါ။ တစ်နာရီစမည်ဟု ကြေငြာထားသော စာပေဟောပြောပွဲတက်ရောက်မည့် လူက နှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်ပဲ လိုချိန်အထိ ရထားပေါ်မှာ ရှိနေသည့်အဖြစ်သည် ငယ်ငယ်တုန်းက ဆရာကြီး နပန်အကျင်းခံရတာထက် နှစ်ဆလောက်တောင် ပိုတီးဖို့ ကောင်းနေသည့် အနေအထားဖြစ်သည်။ ၀င်လို့တောင် ရပါတော့မည်လား မသိ။ ပြေးရင်းက ငယ်ငယ်တုန်းက အဖြစ်ကိုသတိရရင်း ပြုံးလိုက်မိသေးသည်။ တစ်ခါ အဲဒီအပြုံးပေါ်မှာ ထပ်ပြုံးဖြစ်ပြန်သည်။ အသက်အရွယ်က အရာရာကို တော်တော် ပြောင်းလဲသွားစေတာပဲ။ ငယ်ငယ်တုန်းက ကျောင်းနဲနဲလေး နောက်ကျတာကို အသဲအသန် စိုးရိမ်ပူပန်ဖူးသော ကျွန်တော်သည် ခုတော့ ခပ်သဲ့သဲ့ပြုံးနိုင်သည်အထိ အရေထူခဲ့ပြီ ဖြစ်သည်။

ဒါပေမဲ့။ တံတားပေါ်မှ ခပ်သွက်သွက် ဖြတ်လျှောက်ရင်း ကျွန်တော်ဇဝေဇ၀ါ ဖြစ်လာသည်။ လှမ်းမြင်နေရသည့် ခန်းမအ၀င်ဝတွင် လူတွေ စုရပ်နေကြတုန်း။ စာရင်းသွင်းကောင်တာမှာ လူတွေ စာရင်းသွင်းနေတုန်း။ ပိုနီးလာလေ မြင်လာရတာက ခန်းမအ၀တံခါးမတောင် မပိတ်သေးဘူးဆိုတာ ဖြစ်သည်။ ပွဲမစသေးဘူးပဲ။ ဒီနေရာမှာ ကျွန်တော်မပြုံးနိုင်တော့။ စည်းပျက် ကမ်းပျက် နောက်ကျတာဟာ ကျွန်တော် တစ်ယောက်ထဲ မဟုတ်ဘူးတဲ့လား။ စည်းကမ်းမရှိတဲ့ လူတွေအတွက် ဒီပွဲကို မစပဲ စောင့်ပေးနေခဲ့သတဲ့လား။ လူတွေအရှေ့မှာ စည်းမဲ့ကမ်းမဲ့ နောက်ကျနေတဲ့ လူတစ်ယောက်အနေနဲ့ ခပ်ငုံ့ငုံ့ ၀င်ရမှာထက် ခုလို နောက်ကျသမား များလွန်းလို့ ပွဲတောင်မစနိုင်တဲ့ အဖြစ်က စိတ်သက်သာစရာ တစ်ခုတော့ ကျွန်တော့်ကို မဖြစ်စေပါ။

လေးလံသောစိတ်ဖြင့် စာရင်းသွင်းတာတွေ ဘာတွေလုပ်ပီး နီးစပ်ရာ အ၀င်ပေါက်ကနေ ခန်းမထဲ အ၀င်မှာတော့ စာရေးဆရာကြီးများတန်းစီထိုင်နေသည့် ရှေ့ဆုံးတန်း ဖြစ်နေတာ သိလိုက်သည်။ ရုတ်ချည်းပင် ငယ်ငယ်တုန်းက ကျောင်းအုပ်ဆရာကြီး နပမ်ကျင်းခဲ့တာကို ကျွန်တော် ပြန်တမ်းတမိလိုက်သည်။ နှစ်ချက်လောက် တီးမယ်ဆိုရင်တောင် အဲဒါကိုပဲ ကျွန်တော် ပိုလိုလားပါသည်။ စာပေဟောပြောပွဲ တက်ရောက်မည်ဟု အမည်ခံပြီး လက်မှတ်ပေါ်က ပွဲချိန်တစ်နာရီဆိုတာကိုတောင် မဖတ်တတ်တဲ့ လူတွေကို ဟောပြောမဲ့ ဆရာကြီးတွေက စောင့်ပေးနေရတဲ့ အဖြစ်။ တစ်နာရီအရောက် လာခဲ့သည့် စည်းကမ်းညီညွတ်သည့် ပရိတ်သတ်က စောင့်ပေးနေရတဲ့ အဖြစ်ပါလား။

ပွဲစီစဉ်သူများကရော။ ပွဲစချိန်တစ်နာရီလို့ သူတို့ကိုယ်တိုင် သတ်မှတ်ရေးသားထားတဲ့ အချိန်ကို တာဝန်မယူ မလိုက်နာသူများလို့သာ ကျွန်တော်စွပ်စွဲချင်ပါသည်။ စာရေးဆရာကြီးတွေ၊ အချိန်အတိအကျရောက်တဲ့ စည်းကမ်းရှိ သူတွေက နောက်ကျ သူတွေကို လေးဆယ့်ငါးမိနစ် ကျော်လာတဲ့ အချိန်ထိ စောင့်နေစေဖို့များ ဘယ်လို စိတ်ကူးမျိုးနဲ့ ဆုံးဖြတ်ခဲ့သလဲဆိုတာ စဉ်းစားမရပါ။ သူတို့လိုက်လျောမှုက အနာဂါတ်ပွဲတွေကိုပါ ထိခိုက်စေသည်။ ခုဒီပွဲမှာ အချိန်အတိအကျ ရောက်လာသူတွေကတော့ သူတို့ အပေးခံခဲ့ရတဲ့ တစ်နာရီနီးပါး စောင့်ရတဲ့ ပြစ်ဒဏ်အတွက် နောင်ကျဉ်သွားလောက်ပြီး၊ ကျွန်တော်တို့လို နောက်ကျသူတွေအတွက်လဲ နောက်ကျတော့ မစောင့်ရဘူး၊ ကောင်းတောင်ကောင်းသေးဆိုတဲ့ အကျိုးအမြတ်နဲ့ ပျော်ပျော်ကြီး နောက်ကျဖို့ အဆင်သင့် ရှိနေကြလောက်ပါပြီ။

ဒီတော့ ကျွန်တော်စဉ်းစားမိတာက အချိန်နဲ့ ပက်သက်ပြီး နာမည်ပျက်ရှိတဲ့ မြန်မာတွေမှာ စည်းကမ်းပျက်သူတွေကို အကျိုးရှိစေပြီး စည်းကမ်းရှိသူတွေ အကျိုးမဲ့စေတဲ့ လိုက်လျောမှုတွေ ရှိနေသရွေ့ ဒါကြီးကို ပြုပြင်ဖို့ တော်တော်ခက်ဦးမယ် ထင်ပါတယ်လေ။