Saturday, September 25, 2010

ေရာ္ဘင္သုု

ကျွန်တော် ရေပုံးထဲကရေကို ဇလားလေးထဲ လောင်းချလိုက်သည်။ စိမ်းမြကာ ကြည်လင်နေသော ရေတွင်းထဲကရေသည် ဇလားထဲရှိ ဗွက်များနှင့်ရောကာ ချက်ခြင်းနောက်ကျိ သွားသည်။ ထိုနောက်ကျိကျိရေနှင့်ပင် ဗွက်တို့လူးနေသည့် လက်ကို အသာနှစ်ဆေးရင်း နေပူထဲမှာ လှမ်းထားသော လောက်စာလုံးများကို အကဲခတ်လိုက်သည်။ ရလောက်ပီထင်သည်။ စလုံးခါစက ရွှံ့နှစ်ရောင် ပြေးနေသော လောက်စာလုံးများသည် ကျစ်ကျစ်တောက် နေပူထဲတွင် အဖြူရောင်ကူးစ ပြုနေကြပြီ။

“ရပီထင်တယ်ကွ.. ဘယ်လောက်ကြာအောင် လှမ်းရမှာလဲ..”
နေပူထဲက လောက်စာလုံးများ ဘေးမှာပင် ငုတ်တုတ်ထိုင်ရင်း ကျွန်တော် စိတ်လောကာ မေးလိုက်သည်။ ထိုလောက်စာလုံးများကို ထိတော့မထိရဲ။ ကိုယ်ကိုင်လိုက်လို့ မတော်တဆ ပျက်သွားရင် အချောင် ဆဲခံထိမည်လေ။

“ခု ပစ်မယ်ဆိုလဲ ပစ်လို့တော့ ရနေပါပီ.. ခဏလေး ထပ်စောင့်လိုက်ရင်တော့ ပိုကောင်းတာပေါ့”
စိုးဝင်းက ဆရာကြီးလေသံဖြင့် ပြော၏။ မျက်နှာထားကိုပါ ကျွန်တော်တို့ကို ရှင်းပြနေသည့် ပုံစံဖမ်းထားသေးသည်။ ဒါပေမဲ့ ကျွန်တော်ရော ကျွန်တော့အကိုပါ သေချာပင် နားထောင်ပီး လောက်စာလုံးများကို ငေးကြည့်ကာ ခေါင်းတငြိတ်ငြိတ် လုပ်နေကြသည်။ ခုနှစ်တန်း တက်ရမည့် စိုးဝင်းသည် ကျွန်တော်တို့ အတွက်တော့ အတန်းပညာလည်းကြီး၊ ခုလိုလောက်စလုံး လုပ်ရာမှာလည်း ဆရာကြီး ပင်ဖြစ်သည်။

ဒါပထမဆုံးအကြိမ် လောက်စာလုံးနှင့် လေးခွပစ်ဖို့ အခွင့်အရေးပင် ဖြစ်သည်။ ညီအကို နှစ်ယောက်လုံး ငါးတန်းအောင်သည့်အထိ တစ်ခါမှ ဒီလိုမဆော့ဘူးကြတာမို့လဲ အရမ်းတက်ကြွနေကြသည်။ ခုလည်း လူကြီးတွေ မသိကြပါ။ မြိတ်ရောက်ခစလဲဖြစ်၊ ကျောင်းတွေတက်ဖို့ကလည်း စောင့်နေရတုန်းအချိန်လဲဖြစ်တာမို့ စိတ်ကြိုက် ဆော့ကစားခွင့် ရနေခြင်းဖြစ်သည်။ ညီအစ်ကိုနှစ်ယောက် ဟိုယောင်ယောင် ဒီယောင်ယောင် ဆော့နေတုန်း ဘေးအိမ်မှ စိုးဝင်း၏ မင်းတို့ ငှက်ပစ်မလားဆိုသည့် ကမ်းလှမ်းချက်သည် ကျွန်တော်တို့အတွက် တကယ့်ကို အထူးအဆန်းဖြင့် မငြင်းဆန်နိုင်အောင် ဆွဲဆောင်မှု ကောင်းခဲ့သည်။ အားကျိုးမာန်တက်ပင် ရွှံ့ခူးကြ ရေနှုးကြဖြင့် တစ်နာရီနီးပါးမျှ အလုပ်ရှုပ်ခဲ့ကြ၏။

မကြာပါ။ လောက်စာလုံးများ အိပ်ထဲ ဖောင်းနေအောင် ထည့်ကာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ဟိုချောင်းဒီချောင်းနှင့် ငှက်များကို လိုက်ကြည့်နေကြသည်။ ပစ်ပုံပစ်နည်းကိုလည်း စိုးဝင်းက သေချာပြထားတာမို့ လက်က ပစ်ချင်လှပြီ။ ပန်းခြုံကြားထဲက စာကလေးတစ်ကောင်ကို ကျွန်တော်တွေ့လိုက်သည်။ ငှက်က ကျွန်တော့ကို ဂရုမစိုက်တာလား မမြင်တာလားမသိ။ ကျွန်တော်လက်ဆန့်လိုက်တာတောင် ထမပျံပဲနေသည်။ အရေးထဲ ထူပိန်းနေအောင် အမေလိမ်းပေးထားသော သနပ်ခါးက ချွေးနှင့်ရောကာ မျက်စိကို စပ်ဖျဉ်းဖျဉ်း နေရာခက်စေသည်။ ဒါတွေဂရုမစိုက်အားပါ။ အသက်အောင့်ပီး မျှော့ကြိုးကို လွှတ်လိုက်သည်နှင့် လောက်စာလုံး ပြေးထွက်သွားသည်။ ငှက်ကို ထိသွားတာ ကျွန်တော်မတွေ့လိုက်။ ဒါပေမဲ့ စာကလေးသည် ဖုတ်ခနဲ အောက်ပြုတ်ကျသည်။ ပီးတော့ မြေကြီးတွင် တောင်ပံတဖတ်ဖတ်ရိုက်ကာ လူးလှိမ့်နေသည်။

လေးခွသည် လက်ထဲက ဘယ်လိုလွတ်ကျသွားမှန်းပင် ကျွန်တော်မသိလိုက်။ ပျော်စရာမကောင်းပါ။ နှလုံးသည် တဒုတ်ဒုတ်ဖြင့် ပြင်းစွာခုန်ကာ လည်ချောင်းထဲ ဆို့လာသည်။ ကျွန်တော် အိမ်ဘက် လှည့်ပြေးသည်။

အမေသည် ရုတ်တရက်ပြေးဝင်လာကာ ဖက်လိုက်သည့် ကျွန်တော့ကို အလန့်တကြားဖြင့် ငုံ့ကြည့်သည်။

“ဟဲ့.. ဘာဖြစ်တာလဲ.. သား.. ဘာဖြစ်တာလဲ ပြောစမ်း..”
“စာကလေး.. စာ.. စာကလေး.. သေပီလားမသိဘူး..” ကျွန်တော် တုန်ယင်စွာပြောသည်။ အမေ အေးစက်စက် ကျွန်တော့် လက်တွေကို ဆုပ်ပီး သေချာထပ်မေးသည်။

“ကျွန်တော်ပစ်လိုက်တာ ထိသွားပီ.. သေပီလားမသိဘူး.. အီးဟီးဟီး...”

ပြောရင်းမှ ကျွန်တော်ငိုတော့သည်။ ထိုနေ့က လူကြီးတွေ ကျွန်တော့်ကို တော်တော် ချော့လိုက်ရသည်။ ကျွန်တော့်အမက သွားကြည့်ပီး မသေပါဘူး.. ရှပ်ထိသွားတာ... ထတောင် ပျံသွားပီဟုဆိုသည်။ အမေကတော့ စိုးဝင်းကိုရော ကျွန်တော့်အကိုကိုပါ ဆူပူလိုက်သည်မှာ မနည်း။ အမေလုံး၀ မကြိုက်သည့် ကစားနည်းကို ဆော့တာချင်းတူတူ ကျွန်တော်က အဆူလွတ်သွားပီး အကိုကတော့ နားပူအောင်ကို အဆူခံလိုက်ရတော့သည်။

-----------------------------------------------------------------------

တကယ်တော့ အဲဒီနေ့က ကျွန်တော်ပစ်ခဲ့တဲ့ စာကလေးက မရှင်ခဲ့ပါဘူး။ အမက ကျွန်တော် စိတ်ပြေအောင် တမင်ပြောခဲ့တာပါ။ အဲဒီလိုမျိုး လေးခွကို ပထမဆုံးအကြိမ် စဆော့ပီး ငှက်ကို ပထမဆုံး အချက်နဲ့ကို ထိအောင်ပစ်ခဲ့တဲ့ ကျွန်တော်ဟာ နောက်ပိုင်း လူကြီးတွေ လစ်ပီဆိုတာနဲ့ လေးခွခိုးပစ်ပီး အကျွမ်းတဝင်ရှိလာတဲ့ အချိန်ကြတော့ ရှစ်တန်းနှစ်ထိ သုံးနှစ်လောက်နီးပါး ပစ်ခဲ့တာတောင် မှတ်မှတ်ရရ နှစ်ကောင်ပဲ ထပ်ထိပါတော့တယ်.. လက်မှန်ပုံများ စံတင်လောက် ပါတယ်လေ.. အဲဒီလက်မမှန်တာကတော့ ကိုးတန်း ဆယ်တန်းရောက်လို့ စက္ကူမျှားတွေ ပစ်တဲ့ထိပါပဲဗျာ..

Friday, January 22, 2010

ရန္ကုုန္ကလူ

“နင်ကလည်း.. အမြန်လျှောက်ပါဟ..”

ပြောရင်းက ကျွန်တော် ခြေလှမ်းကို ပိုသွက်ပစ်လိုက်သည်။ သစ်ရိပ်များကြားမှ ခပ်စူးစူးထိုးနေသော မွန်းတည့်နေရောင်၊ လွယ်ထားရသော လွယ်အိတ်လေးလေးကြီးတို့ကြားမှ ခပ်မြန်မြန် လျှောက်နေရသဖြင့် ပူလောင်အိုက်စပ်ကာ ချွေးတို့ ရွှဲနေပြီ ဖြစ်သော်လည်း စိတ်ဇောက ထိုအရာတွေကို သတိမရအားပါ။ အရေးကြီးတာက ကျောင်းကို အချိန်မီရောက်ဖို့ပင်။

”ငါ ဗိုက်အောင့်နေပီ.. အရမ်းအမြန်ကြီး မလျှောက်နိုင်တော့ဘူးကွ..” ကျွန်တော့်အကိုက ငြီးငြူသံတစ်ဝက်ဖြင့် ပြန်အော်၏။
”ကျွတ်”ခနဲ စိတ်ညစ်စွာဖြင့် သူ့ကို မျက်မှောင်ကုတ် ကြည့်လိုက်သော်လည်း ဘာမှတော့ ထပ်မပြောဖြစ်တော့။ တကယ်တော့ ခုလိုနောက်ကျရတာလည်း ကိုယ့်ကြောင့်ပင် မဟုတ်လား။ ဆယ်ငါးမိနစ်နီးနီးလောက် လမ်းလျှောက်ရသော ထ(၃) ကျောင်းနှင့် ကျွန်တော်တို့ အလယ်ကျွန်း အိမ်သည် ထမင်းစားချိန်ဘာညာ ထည့်တွက်လိုက်မည်ဆိုလျှင် မုန့်စားဆင်းချိန်တစ်နာရီသည် အစွန်းအထင်းမခံ ကွက်တိနီးပါး။ ဒီတော့ ကျွန်တော် ထမင်းစားပီး ဗိုက်နာကာ အိမ်သာထဲရောက်ခဲ့သည့်အဖြစ်က ခုလို ကျွန်တော်တို့နှစ်ယောက်ကို အပြေးအလွှား ဖြစ်နေစေခြင်းဖြစ်သည်။

ကျောင်းနားနီးလာသော်လည်း ခေါင်းလောင်းသံမကြားရသေးသဖြင့် ကျွန်တော့်စိတ် အနည်းငယ်ငြိမ်သွားသည်။ နာရီတွေ ဘာတွေလည်း ညီအစ်ကိုနှစ်ယောက်လုံး မပတ်ရတာမို့ အချိန်နောက်ကျနေပီဆိုတာ သိသော်လည်း ဘယ်လောက်ဖြစ်နေမှန်း မသိနိုင်ပါ။

”ကျောင်းမတက်သေးဘူး ထင်တယ်ကွ..” ကျွန်တော်ခပ်တိုးတိုးရေရွတ်သည်။ ဒါပေမဲ့ လမ်းမှာ ကျောင်းသားတစ်ယောက်မှ မတွေ့တာမို့ ကိုယ့်ဘာသာလဲမသေချာ။

”ငါပြောသားပဲ ဒီလောက် မနောက်ကျပါဘူးဆို..”

ဒါပေမဲ့ သူပြောတာမှားမှန်း ကျောင်းနားနီးလာတာနှင့် ကျွန်တော်တို့ သိလိုက်သည်။ ကျောင်းတံခါးမသည် ပိတ်လျှက်။ ဆရာ ဆရာမများအား နှုတ်ဆက်သံများသည် ဟိုအခန်း ဒီအခန်းတို့မှ လမ်းပေါ်လျှံကျလာနေသည်။

ထူထူပူပူဖြင့် ကျွန်တော် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ တကယ်တော့ မမှီတော့လို့ အိမ်ပြန်ခြင်းသည် ဘာမှမဖြစ်လှတာကို ခုနှစ်တန်းဦးနှောက်က မစဉ်းစားမိခြင်းလည်း ဖြစ်၏။

”ဟာ.. ဟိုမှာ ၀င်လို့ရတယ်ကွ..”

ကျွန်တော့်အကို အော်သံကြောင့် လှမ်းကြည့်လိုက်တော့ ကျောင်းမုန့်ဆိုင် အနောက်နားကပ်ရပ်တန်းကနေ အုတ်နံရံကို ကျော်ကာ ကျောင်းဝင်းထဲ ခုန်ချသွားသော ကျောင်းသားကြီး တစ်ယောက်ကို ရိပ်ခနဲ ကျွန်တော်မြင်လိုက်သည်။ တိုင်ပင်စရာမလိုပဲ ကျွန်တော်တို့ နှစ်ယောက်လို ထိုနေရာသို့ တန်းပြေး၏။ မုန့်ဆိုင်တန်းကို သိပ်မမှီလှပေမဲ့ တစ်ယောက်ကို တစ်ယောက်ပင့်ပေးလိုက်ရင်း တန်းကတစ်ဆင့် အုတ်နံရံပေါ်သို့ အလွယ်ပင် ရောက်သွားသည်။
အားပါး ခုန်ချရမှာ တော်တော်မြင့်သား။ ဒါပေမဲ့ မတတ်နိုင်.. လွယ်အိတ်ကို အရင်ပစ်ချပီး ကျွန်တော်ခုန်ချလိုက်သည်။ အောက်ရောက်တာနဲ့ ဖုတ်ဖက်ခါထကာ ကျွန်တော်တို့ နှစ်ယောက် ကျောင်းဆောင်ဘေးကနေ လှေကားဆီသို့ ပတ်ပြေး၏။

”ဟိတ်ကောင်တွေ”
လှေခါးတက်ခါနီးပဲရှိသေးသည်။ ဟိန်းထွက်လာသော အသံကြောင့် နှစ်ယောက်လုံး လန့်ကာ တုန်သွား၏။
လှည့်ကြည်လိုက်တော့ ကျောင်းအုပ်ကြီး။

”လာစမ်း.. မင်းတို့ အုတ်နံရံ ကျော်လာတာမဟုတ်လား..”
လေသံရော မျက်နှာပါမာထန်နေသည့် ဆရာကြီးကို ကြည့်ကာ နှစ်ယောက်လုံးအသံမထွက်တော့..

”ဟေ့ကောင်တွေ.. ပြောလေ..”
”တံ.. တံခါးပိတ်သွားလို့ပါ.. ဆရာကြီး..” ကျွန်တော့်အကိုက အထစ်ထစ်ငေါ့ငေါ့ ဖြေသည်။

ကြောက်တာရော.. မောတာရော ပေါင်းကာ ချွေးတွေပြန်နေပီး မျက်နှာငယ်လေးတွေနဲ့ ဖြစ်နေသော ကျွန်တော်တို့ နှစ်ယောက်ကိုကြည့်ပီး ဆရာကြီး နဲနဲတော့ မျက်နှာလျော့လာသည်။ ဒါပေမဲ့ လေသံကတော့ မာဆဲပင်။

”ဘာလို့ အချိန်မီမလာကြလဲကွ.. ပြောစမ်း မင်းတို့ဘယ်ကလာတာလဲ..”
”ရန်ကုန်ကပါ ဆရာကြီး..”

အကို့ ဖြေသံအဆုံးမှာ ဘာကွဆိုသော အသံကြီးနှင့် ကျွန်တော်တို့ နှစ်ယောက်လုံး တဖြောင်းဖြောင်းနှင့် နရင်းတစ်ချက်ဆီ အတီးခံလိုက်ရသည်။ တစ်ချက်ပေမဲ့ တော်တော်အီတဲ့ တစ်ချက်ပါ။

”နောက် အုတ်နံရံကို မင်းတို့ ကျော်ဦးမလား ပြောစမ်း.. ဟိုရှေ့က မြင်လိုက်ရတဲ့ ကောင်ကရော မင်းတို့အသိပဲလား..”
ဆရာကြီး အမေးကို နှစ်ယောက်လုံး ခေါင်းပဲခါရဲတော့သည်။ ဘာမှပြန်မပြောရဲ။

”ပြောစမ်း မင်းတို့ဘယ်အတန်းကလည်း” မေးပီးတော့မှ ရင်ပတ်က VII-C ဆိုတဲ့ တံဆိပ်ကို ကြည့်ပီး..
”တက်ကြ.. မင်းတို့ဆရာမဆီ ငါကိုယ်တိုင်လိုက်အပ်စမ်းမယ်...”

နှစ်ယောက်လုံး ရှေ့က ကုတ်ကုတ်ကုတ်ကုတ်နှင့် လက်ပိုက်ပီး တက်ခဲ့ကြသည်။ ပထ၀ီအချိန် ဖြစ်သောကြောင့် ပထ၀ီဆရာမပဲရှိသည်။ ဆရာမက အရမ်းအေးတဲ့ ဆရာမ။ ဟုတ်ကဲ့ ဆရာကြီး ဟုတ်ကဲ့ဆရာကြီး နှင့်သာ ဆရာကြီးပြောသမျှ ခေါင်းညိတ်လိုက်ပီး ဆရာကြီးထွက်သွားတော့

”သားတို့ကလည်းကွယ်.. ဘာလို့ အဲလိုကြီးကျော်ဝင်ရတာလည်း.. ဘေးလူတွေ မြင်တော့ရော.. ကောင်းပါ့မလား..”
ဆရာမက ဆုံးမစကားကို ခပ်အေးအေးသာ ဆို၏။ ဆူခြင်းဆဲခြင်း မရှိပါ။

အင်း..တော်ပါသေးရဲ့..

ညီအစ်ကိုနှစ်ယောက် ပူပီးနာနေသော ဂုတ်လေးတွေကိုယ်စီပွတ်ကာ ငြိမ်ပီးထိုင်နေကြတော့၏။

.......................................................................

မြိတ်မြို့.. အထက (၃) ရဲ့ ခုနှစ်တန်းကျောင်းသား ဘ၀တုန်းက ကြုံခဲ့ရတဲ့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ အဖြစ်လေးပေါ့ဗျာ.. ဆရာတွေဆရာမတွေ ဆုံးမလို့ ဘယ်တော့မှ စိတ်မဆိုးတဲ့ အမေတို့ကတော့ သားတို့က ကျော်ဝင်တာကိုးဆိုတဲ့ စကားကိုသာဆိုလို့.. နောက်နေ့ကစပီး ထမင်းဘူးယူဖို့ စီစဉ်ပေးပါရော..

ဒါလေးက အမှတ်တရဖြစ်သလို ရီစရာလည်း ကောင်းတယ်ဗျ.. ဘာလို့လဲဆိုတော့ အတန်းထဲမှာ နဲနဲအေးအေးဆေးဆေး ရှိတဲ့ ကျွန်တော်တို့ နှစ်ယောက်အဖြစ်ကို သိတော့ အတန်းပိုင်ဆရာမကလည်း သူ့တပည့်တွေကို အဲလောက်တောင် တီးရမလားဆိုပီး ဆရာကြီးကို ရှင်းပြသလိုလိုနဲ့ ရန်သွားလုပ်ပါရောဗျို့.. ဆရာကြီးကပြောတာတော့ ”ခင်ဗျားတပည့်တွေကဗျာ.. ကျုပ်က ဘယ်ကများလာရလို့ နောက်ကျတာလဲ ဆိုပီး လျော့ပေါ့စဉ်းစားပေးမလို့ မေးတာကို ဖြေပုံကကြည့်ဦး.. ရန်ကုန်ကတဲ့.. ကဲ.. ကျုပ်ဒေါသမထွက်ရင် ဘယ်သူထွက်မလဲ..” ဆိုပဲ.. ဟားဟား..


သုတ