လွန်ခဲ့သော သုံးနှစ်ကျော် စင်ကာပူရောက်စက ရောက်လေရာ မြန်မာရှာရတာ သူ့အတွက် အလုပ်တစ်ခုဖြစ်သည်။
ပင်နီဆိုးလားသွားသည်။ ရထားပေါ် ကားပေါ် ရောက်လျှင် မျက်စိဖွင့်သည်။ နားစွင့်သည်။ မြန်မာဟုသေချာလျှင် ပြေးလွှားနှုတ်ဆက်လိုက်ဖို့ ၀န်မလေး။ နိုင်ငံနှင့် အိမ်နှင့် တခါမှဒီလောက် ဝေးဝေးကြာကြာ မသွားဖူးသော သူ့အတွက် သူစိမ်းမြေမှာ ရွှေများတွေ့လျှင် အလွမ်းပြေသည်။ အားအင်ပြည့်ဝသလို ခံစားရသည်။
အရင်ရောက်နှင့်သူများပြောသော ကြည့်လိုက်တာနဲ့ မြန်မာဆိုတာ သိသာတယ် ဆိုတဲ့စကားက သူ့အတွက်တော့ ခက်ခဲလှသည်။ ဘယ်လိုသိသာလဲ။ သူဘယ်လိုမှ မခွဲခြားတတ်ပါ။ ဒီတော့ သူ့နည်းသူ့ဟန်ဖြင့် နည်းတစ်ခု ထွင်လိုက်သည်။ သွားလေရာ မြန်မာ စာအုပ် တစ်အုပ်အုပ်တော့ အိတ်ထဲထည့်သွားပြီး ရောက်လေရာထုတ်ဖတ်သည်။ ဖတ်လျှင်လဲ သက်တောင့်သက်သာ ဖတ်တာမျိုး မဟုတ်ပဲ စာအုပ်ကို လူမြင်အောင် ထောင်ဖတ်သည်။ အနည်းဆုံးတော့ သူ့ကို မြန်မာလို့ မြင်ရသူမြန်မာတွေ သိသွားအောင်။ စာဖတ်နေရင်းက မျက်လုံးတစ်ချက်လောက် ဝေ့ကြည့်လိုက်လို့ ကိုယ့်ကိုယ် ကြည့်နေတာမျိုး၊ ကိုယ့်စာအုပ်ကို စိတ်ဝင်တစား ကြည့်နေတာမျိုး ဆုံလို့ကတော့ အနှီမြန်မာသည် အတင်းကာရော မိတ်ဖွဲ့ခြင်းကို ခံရမည်မှာ ရာနှုန်းပြည့်နည်းပါး သေချာလှ၏။
တမြေထဲနေ.. တရေထဲသောက်.. ရပ်ဆွေရပ်မျိုး တွေပဲလေ..
*****
ခုတော့ မြန်မာရှာဖွေရေးသည် သူ့အတွက် အားတက်သရော အလုပ်တစ်ခု မဟုတ်တော့။ ရောက်စက ခံစားခဲ့ရသော အားနည်းသိမ်ငယ်မှုတွေလည်း ပျောက်ကွယ်ခဲ့ပြီ။ ရှာစရာမလို ပြေးမလွတ်လောက်အောင် သုံးနှစ်အတွင်း နေရာတိုင်း မြန်မာတွေ ပြည့်လာခဲ့ပြီ။ အတင်းကာရောကြီး မိတ်ဆက်မိလို့ တွန့်ရွံ့ကြောက်လန့်သွားတတ်၊ ခပ်တည်တည်ကြီး ဖြစ်သွားတတ်တဲ့ အချို့မိန်းမပျို လေးတွေကိုလဲ အားနာတတ်ခဲ့ပြီ။ ပြီးတော့ ပုံစံကြီး ကြည့်ပြီးမှတောင် မဟုတ်ပဲ အရိပ်မြင်ရုံလောက်နဲ့တောင် ဒါမြန်မာပဲလို့ ပြောနိုင်တဲ့ အရည်အချင်းကိုလဲ ပိုင်ဆိုင်ခဲ့ပြီ။ ဒါတောင် မြန်မာဆိုတာ သေချာပြီး ဖော်ရွေပုံပေါ်လျှင် သူပြုံးပြမြဲ ဖြစ်သည်။ အခြေအနေ ကောင်းလျှင် မိတ်ဖွဲ့မြဲဖြစ်သည်။ အဆောက်အဦးတစ်ခုထဲ အတူအလုပ်လုပ်နေသော မြန်မာများကတော့ ဓါတ်လှေခါးထဲမှာရော၊ ပြင်ပမှာပါ သူ့မိတ်ဆွေများအဖြစ် သိမ်းသွင်းခြင်း ခံခဲ့ရသူများ ဖြစ်ကြ၏။
***
တစ်နေ့တော့ သူမြန်မာဆိုတာ အသိမခံရဲသော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသည်။
ထိုနေ့က သူ မူစတာဖာ စင်တာသို့သွားသည်။ မနက်ဖြန်ပြန်မည့် သူငယ်ချင်းတစ်ယောက်နှင့် လူကြုံပေးဖို့ ချောကလက် သွားဝယ်တာဖြစ်သည်။ အရင်လို လူရှာဖို့ မဟုတ်တော့ပဲ တကယ်စိတ်ဝင်တစားကို ရထားပေါ်မှာ စာအုပ်တစ်အုပ် သူဖတ်သွားခဲ့သည်။ စာအုပ်ဖတ်ရင်း လူရှာတဲ့ အကျင့် ပျောက်သွားတာတော့ နှစ်နဲ့ ချီခဲ့ပြီထင်သည်။ ညနဲနဲ နက်နေသောကြောင့် ရထားကလဲ လူသိပ်မကြပ်လှ။ နေရာရပေမဲ့ အကြာကြီး စီးရမှာ မဟုတ်တာကြောင့် သူမထိုင်တော့ပဲ ရပ်နေလိုက်သည်။ Dhoby Ghaut MRT မှာ မြန်မာမလေး သုံးယောက်တက်လာသည်။ အလိုလိုနေရင်း အကျင့်ရနေတာမို့ သူတို့ကို အကဲခတ်လိုက်သည်။ ငယ်သည်။ လှကြသည်။ နီမြန်းမြန်း မျက်နှာလေးတွေက နဲနဲ မှန်နေကြသည် ထင်သည်။ မိန်းခလေးတွေများ မူးတာတောင် လှသည်။ မျက်လုံးခြင်း ဆုံရင်တော့ ပြုံးပြနှုတ်ဆက်လိုက်ဖို့ သူဆုံးဖြတ်ထား၏။ လက်ကစာအုပ်ကိုလဲ လူမြင်သူမြင်အနေအထား ပြောင်းကိုင်လိုက်သည်။ သူတို့ကတော့ သူတို့အရှိန်နှင့် သူတို့ ပတ်ဝန်းကျင်ကို ဂရုမစိုက်အားပဲ လက်ပံပင် ဆက်ရက်ကျနေသည်။
ရုတ်တရက် ကြားလိုက်ရသော စကားတစ်ခွန်းက မျက်နှာကို ဖြန်းခနဲ နွေးသွားစေသည်။
အသက်သုံးဆယ်ကျော် ယောက်ျားတစ်ယောက်အတွက် မကြားရဲစရာ၊ ရှက်စရာ စကားသိပ်မရှိပါ။ ဒါပေမဲ့ ခုပြောသူတွေက မိန်းခလေးတွေ၊ ငယ်၇ွယ်သူလေးတွေ ဖြစ်သည်။ ဒီကလေးမလေးတွေ သူတို့စကားနားလည်တဲ့ လူတစ်ယောက်ယောက် အနားမှာ ရှိတယ်ဆိုတာကို သိသွားမှာ သူစိုးရိမ်သွားတာ ဖြစ်သည်။
“ဒီလောက် မြန်မာဆန်တဲ့ ငါ့ရုပ်ကိုတောင် မရိပ်မိကြဘူးလားဟ..”
သူ ငြိုငြင်စွာတွေးရင်း တဖက်ကို မသိမသာလှည့်သည်။ ချာတိတ်တွေကလဲ သတိလက်လွတ် ပြောပြီး ခုမှ ဘေးဘီကို ပြူးပြူးပြဲပြဲ အကဲခတ်နေကြ၏။
“အင်း.. ဒီနေ့မှပဲ ရှားရှားပါးပါး အိတ်ကလဲမပါ။ ဒီစာအုပ်ကို ဘယ်လိုဖွက်ရပါ့...”
ဘာပဲပြောပြော ရုပ်ကို မသင်္ကာဖြစ်ခဲ့ရင်တောင် စာအုပ်နဲ့တော့ သက်သေမထူချင်ပါဘူးလေ။
သူမြန်မာ တစ်ယောက် ဆိုတာကိုပေါ့။