နာရီက နှိုးစက်သံနဲ့အတူ ဘေးမှာ အခန်းဖော် သူငယ်ချင်းတွေ လှုပ်လှုပ် လှုပ်လှုပ် (ကသုတ်ကရက်ပေါ့ဗျာ) ပြင်ဆင်နေကြတော့ နိုးနေလျှက်နှင့်ပင် မျက်လုံးကို မဖွင့်ပဲ သူဆက်မှိန်းနေသည်။ လုံးဝမထချင်ပါ။ ရုံးလည်း မသွားချင်ပါ။ စိတ်ရှိလက်ရှိ ဆက်အိပ်နေချင်စိတ်က တော်တော်ကြီးကို ပြင်းထန်နေ၏။
ဒါပေမဲ့လည်း နာရီဝက် လေးဆယ့်ငါးမိနစ်လောက်ထက် ပိုပီး အချိန်မဆွဲရဲ။ အချိန်တန်တော့လည်း ကုန်းရုံးထရတော့သည်။ ဒါတောင် ရုံးနဲ့အိမ်က ဘာမှစီးစရာ မလိုလောက်အောင် နီးနေတာမို့ ဒီလောက် အချိန်ရတာဖြစ်သည်။ သွားတိုက်နေရင်း မှန်ထဲမှပေါ်နေသော ပုံသည် လေးပင်သောစိတ်ကြောင့် ထိုင်းမှိုင်းနေ၏။ မနေ့ညနေလောက်က စပီး ထိုင်းမှိုင်းလေးလံလာတာပါ။
လေးပင်ဖင့်နွဲ့နေသောကြောင့်လားပင်မသိ၊ လက်မှနာရီသည် သာမာန်ထက် ပိုမြန်နေသလို သူထင်မိသည်။ ဘာမှမလုပ်ရသေးပဲကို အိမ်ကထွက်ချိန်က ရောက်လာသည်။ တံခါးသော့ခတ်ချိန်မှာ “သွားပီဗျို့”လို့ အော်ဟစ်နှုတ်ဆက်ပီး ရုံးသွားခဲ့တဲ့ မြန်မာပြည်က အချိန်ကို လွမ်းမိ၏။ ခုတော့ တံခါးချပ်သည် အေးစက်စက် ရှုတည်တည်ပင်။
လက်ထဲမှာ ထမင်းချိုင့်လည်း ဆွဲစရာမလိုပါ။ အမိုးတွေအောက်က သွားရသည်မို့ ထိန်တောက်နေသည့် နေကလည်း အနှောင့်အယှက်ကြီးမဖြစ်။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါး ဖြစ်မနေသလို တက်တက်ကြွကြွလည်း မရှိ။ ခုရုံးသွားမည်။ အလုပ်လုပ်မည်။ ပြန်လာမည်။ နောက်နေ့ပြန်သွားမည်။ ဘဝက ဒါပဲလား။ ရုံးပိတ်ရက်တွေ လမ်းမရှိလမ်းရှာထွက်။ ပျော်လားမပျော်လားလည်း မသေချာ။ ပိုက်ဆံတွေကုန်။ အကုန်မခံနိုင်တဲ့အချိန် အခန်းထဲမှာနေတော့လည်း လူက ကျဥ်းကျပ်ကျပ် ယောင်တောင်တောင်။ သူတော်တော်ကို ရှည်ရှည်လျောက်တွေးနေမိသည်။ စိတ်ပျက်နေမိသည်။ မိသားစုကိုလွမ်းသည်။ မြန်မာပြည်ကိုလွမ်းသည်။
ဟိုမှာ ဒီထက်မက ပင်ပင်ပန်းပန်းလုပ်ရသော်လည်း ပင်ပန်းတယ်လို့မထင်မိပါ။ ဆူညံနေသည့် မိသားစုသည်လည်း ခုတိတ်ဆိတ်နေသော ပျင်းခြောက်ခြောက် ပတ်ဝန်းကျင်ထက် သာသလိုပင်။ နာရီအချိန်တို့သည် ခုလိုမမြန်လှဟုထင်သည်။
အတွေးတွေနဲ့ ရုံးခန်းထဲလှမ်းဝင်လိုက်သည်။ နှုတ်ဆက်သူ လုပ်ဖော်ကိုင်ဖက်များကို ပြန်နှုတ်ဆက်ရင်း ကွန်ပျူတာရှေ့မှာထိုင်သည်။ နေ့စဉ်ဖြည့်ရသည့် report မှာရက်စွဲတပ်သည်။ သြော်.. ဒီနေ့တနင်္လာနေ.ပဲ။
တနင်္လာ နေ့တိုင်း အလုပ်သွားလျှင် သူအိမ်ကိုပိုလွမ်းတတ်သည်။ အတွေးတို့သည် ဘဝနှင့်ချီပီးကို အကြီးအကျယ်ကို လျောက်တွေးပစ်တတ်သည်။ ဘာကြောင့်ရယ်မသိ။
နောက်ပိုင်းရက်များသည်မူ သူလိုငါလိုနေ့များကဲ့သို့ပင် ဘဝအကြောင်း ခေါင်းထဲပင်မရောက်ပါလေ။
No comments:
Post a Comment