Saturday, September 3, 2011

လက်

အမေဟာ စင်ကာပူ စရောက်ထဲကိုက တကယ့် ကလေးလေးလိုပါပဲ..

ကျွန်တော်ပြောသမျှ နားထောင်တယ်.. ကျွန်တော်သွားဆိုတဲ့ နေရာကိုသွားတယ်.. ကျွန်တော်ကျွေးတဲ့ အစားကိုစားတယ်.. လူတွေကြားထဲမှာ ကျွန်တော့်လက်ကို အားကိုးတကြီး ဆွဲထားတတ်တဲ့ အမေ.. သားဖြစ်သူရဲ့ မတောက်တစ်ခေါက် အင်္ဂလိပ်စကား ပြောတာတွေကို အထင်ကြီးတဲ့ ကျေနပ်တဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်တဲ့ အမေ.. ကျွန်တော်ရှင်းပြနေတဲ့ ဆန်တိုဆာအကြောင်း.. မာလိုင်းယင်းအကြောင်း.. ကာဆီနိုအကြောင်းတွေကို စိတ်ဝင်တစား နားထောင်ဖို့ထက် ငါ့သားက တော်တော်သိတဲ့ လူတတ်ကြီးပဲဆိုပီး သဘောတကျ ရှိတတ်တဲ့ အမေဟာ တကယ့်ကို ကလေးလေးလိုပါပဲ..

ရုံးသွားနေချိန် တစ်ယောက်ထဲ မပျင်းရအောင်ဆိုပီး Shwedream က မြန်မာရုပ်ရှင် ဖွင့်ပုံဖွင့်နည်းကို တစ်ပတ်လောက် သင်ပေးတာတောင် ယောင်ဝါးဝါး ဖြစ်နေသေးတဲ့.. စက်လှေကားတက်ဖို့ လက်ဖျားခြေဖျား အေးစက်အောင် ကြောက်ပီး ပေကတ်ကတ် မတက်ပဲ ရပ်နေတတ်တဲ့ အချိန်တွေမှာ စိတ်မရှည်စွာ ငြီးငြူတတ်တဲ့ သားဖြစ်သူအကြိုက် ကြိုးစားပေးတတ်တဲ့ အမေဟာ တကယ့်ကို ကလေးလေးပါပဲ..

ဒီတော့လဲ အမေ့ကို ဟိုပို့ ဒီပို့ ပို့... အသစ်အဆန်းလေးတွေ ကောင်းနိုးရာရာလေးတွေ ကျွေးနေတဲ့ အချိန်တွေမှာ.. အမေ ငါ့ကို ငယ်ငယ်တုန်းက ပြုစုစောင့်ရှောက်သလို ငါလဲ ပြန်လုပ်ပေးနေနိုင်ပါလား.. ခုငါပို့ပေးတဲ့ နေရာတွေ.. ငါကျွေးတဲ့ အစားအသောက်တွေက အမေတို့ လုပ်ပေးတုန်းကထက်တောင် ပိုကောင်းသေးတယ် (ကျွန်တော့်အထင်) ဆိုတဲ့ အတွေးတွေ.. ခုပဲ မိဘကျေးဇူးဆိုတာကို အကြေပဲ ဆပ်ပစ်နေနိုင်သလို ခံစားချက်တွေနဲ့ ခပ်မြောက်မြောက် သားတစ်ယောက် ကျွန်တော်ဖြစ်ခဲ့တယ် ဆိုပါတော့..

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အဖြစ်ပျက်လေး တစ်ခု တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ခဲ့ပါတယ်.. အဲဒီအဖြစ်ဟာ နဲနဲ အပျက်သဘော ဆန်ပေမဲ့ ကျွန်တော့်ရဲ့ အသိအတွေးတွေ ထိန်းမတ်သွားစေ တာမို့ ကံကောင်းမှုဆိုလဲ မမှားပါဘူး..

အဲဒီနေ့က အပြန်မိုး တော်တော်ချုပ်ပါတယ်.. တနေကုန်နီးနီး လည်ပတ်ပြီး ပြန်လာတာမို့ သားအမိနှစ်ယောက်လုံးလဲ ခြေတွေလက်တွေတောင် မသယ်ချင်လောက် အောင်ပါပဲ..

တံခါးမကြီးကို ဖွင့်လိုက်တာနဲ့ လူကို ရုတ်တရက်ကြီး တွန်းဝင်မွှန်ထူသွားတဲ့ မီးခိုးတွေကြောင့် ကျွန်တော်ကြောင်သွားပါတယ်.. ချက်ခြင်းပဲ အမေကျွန်တော့်ကို တွန်းဖယ်ပီး ရှေ့ရောက်သွားတယ်..
“၀ါရာရှော့ဖြစ်လို့ အန်တီ.. ခုတော့ အားလုံးအိုကေသွားပါပီ.. ဒါပေမဲ့ မီးခိုးတွေ များနေသေးတယ်..” မီးခိုးလုံးတွေ ဝေေ၀၀ါးဝါး ထဲကနေပီး အိမ်ရှင်က လှမ်းပြောတယ်.. ဓါတ်မီးဖွင့်ပီး စားပွဲပေါ် ချထားတာက လွဲရင် မီးတွေပိတ်ထားတာကြောင့် အလင်းကလဲ အားမကောင်းပါဘူး..
“ဟုတ်လား.. တော်တော်များတယ်ထင်တယ်..” အမေက ပြောရင်း အထဲ ၀င်သွားတယ်..
“အန်တီ မီးခိုးမွှန်တာ မခံနိုင်မှာ စိုးတယ်.. ခဏရှောင်နေလိုက်ပါလား..”
အိမ်ရှင်ကောင်လေးက စိုးရိမ်သံနဲ့ အမေ့ကိုသတိပေးတယ်..
ကျွန်တော် အမေ့ကို ခေါ်ပီး ချက်ခြင်း အပြင်ပြန်ထွက်ပါတယ်.. ဖိနပ်စီးနေတုန်း ဘေးခန်းက တံခါးပွင့်လာပီး ညှော်လိုက်တာ ဘာဖြစ်လို့လဲလို့ ကျွန်တော်တို့ နှစ်ယောက်ကို မေးတယ်..

ကျွန်တော် ဘယ်လိုဖြေရင် ကောင်းမလဲ စဉ်းစားနေတုန်း ”၀ါရာရှော့ဖြစ်လို့ပါ.. ခုပီးသွားပီ.. စိတ်မပူနဲ့..” မြန်မာလို ပီပီကြီးကို ပြောချလိုက်တဲ့ အမေ့ကို ကျွန်တော်ရော မေးတဲ့ တရုတ်မပါ ကြောင်ပီးကြည့်နေမိတယ်.. ဒီတရုတ်မ ဘာမေးလိုက်တယ်ဆိုတာ အမေနားမလည်ဘူး ဆိုတာတော့ သေချာပါတယ်... ကြောင်တောင်တောင် တရုတ်မမျက်နှာကိုကြည့်ပီး အမေက "wire shock, finish.. finish.. all ok" ဆိုပီး ပြောင်းပြောတယ်.. ကျွန်တော်ဝင်ရှင်းပြလိုက်တော့မှ တရုတ်မ တံခါးပြန်ပိတ်သွားတယ်.. အောက်ရောက်တော့ တရုတ်မကို မြန်မာလို အပီပြောခဲ့တဲ့ အမေ့အဖြစ်ဟာ သားအမိနှစ်ယောက်ထဲ ရီပွဲဖွဲ့ ရတာ အားမရလို့ ရန်ကုန်အထိပါ ဖုန်းဆက်ပီး ပြောဖြစ်ပါတယ်...

အဖြစ်က ဒီလောက်ပါပဲ.. ဘာမှ စွန့်စားခန်း မပါသလို သဲထိတ်ရင်ဖိုလဲ မဟုတ်ပါဘူး.. မအေက သားကို စွန့်စားကာကွယ်တဲ့ ဇါတ်လမ်းကောင်းမျိုးလဲ မဟုတ်ဘူး..

ဒါပေမဲ့ ၀ုန်းဆိုတဲ့ အဖြစ်တစ်ခု သိသိခြင်းမှာ ဖြတ်ခနဲ ကျွန်တော့်ရှေ့ ရောက်သွားတဲ့ အမေ.. လူမျိုးခြားတွေကြားမှာ ကြောက်လန့် ရွံ့တွန့်ပီး ကျွန်တော့်နောက်မှာ ပုန်းနေတတ်တာက အရေးလဲပေါ်ရော တရုတ်မကို မြန်မာလို ပြောတဲ့ထိကို ဦးဆောင်ဖြေရှင်းဖို့ပဲ အာရုံပဲ ရှိခဲ့တဲ့ အမေ့အဖြစ်ဟာ ကျွန်တော့်ကို အတွေးတစ်ခု ရစေပါတယ်..

From Shutterstock
တော်တတ် ထက်မြက်တဲ့ သားသမီးတွေရဲ့ (ကျွန်တော် တော်တတ်ထက်မြက်သူလို့ ဆိုလိုတာမဟုတ်ပါ..)  နောက်ကနေ မိဘတွေဟာ နားမလည်ပါးမလည် ကလေးတွေလို လက်တွဲလိုက်ချင် လိုက်ကြပါလိမ့်မယ်.. သားသမီးတွေရဲ့ စောင့်ရှောက်မှုကို ခံယူကြတာမျိုး ရှိချင် ရှိပါလိမ့်မယ်.. ဒါပေမဲ့ သားသမီးတွေကို စောင့်ရှောက်ခဲ့တဲ့ အဲဒီမိဘတွေရဲ့ ကျေးဇူးနဲ့တော့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူးဆိုတာပါ.. ကျွန်တော်တို့ သားသမီးတွေရဲ့ မိဘကို တွဲခဲ့တဲ့ လက်ဟာ.. အားကိုးမှုနဲ့ ရလိုမှုပဲ ရှိခဲ့ပါတယ်.. ကလေးဘ၀ သားသမီးတွေအတွက် မိဘလက်ဟာ အားကိုးရာ ကမ္ဘာဖြစ်သလို အမေ သားကို ဒါကျွေးပါ.. အမေ သားကို ဒီပို့ပေးပါ ဆိုတဲ့ ရယူလိုစိတ်တွေပဲ ရှိခဲ့ပါတယ်..

From Shutterstock
မိဘတွေအတွက်ကလဲ ခုချိန်မှာ ကျွန်တော်တို့လက်တွေဟာ သူတို့အားကိုးရာတွေ ဖြစ်လာကြပါပြီ.. ကွာတာက ကျွန်တော်တို့ ပို့တာသွား ကျွေးတာတွေ စားချိန်မှာ သူတို့ ခံစားရတာကို ပျော်မွေ့တာအပြင် ငါ့သား ငါ့သမီးကတော့ ငါ့ကို ဒီပို့နိုင်ပါလား.. ဒါတွေတောင် ကျွေးနေနိုင်ပါလားဆိုတဲ့ သားသမီးတွေရဲ့ စွမ်းနိုင်မှုအပေါ် ကျေနပ်တဲ့ ပီတိကိုလဲ ခံစားကြတယ်လို့ ထင်ပါတယ်.. ဒီထက်ပိုတာက သူတို့ဟာ သားသမီးတွေကို မထိခိုက်စေချင်တဲ့.. လိုအပ်ရင် ပေးဆပ်ဖို့ ကာကွယ်စောင့်ရှောက်ဖို့ အသင့်ရှိကြတဲ့ သူတွေ ဖြစ်ကြတာပါပဲ..

ကိုယ့်ဘို့ဆိုတဲ့ ဆန္ဒပိုပိုသာသာနဲ့ ရယူဖို့သက်သက် မိဘကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့တဲ့ သားသမီးရဲ့ လက်နဲ့.. ပေးဆပ်မှုတွေ.. ကာကွယ်စောင့်ရှောက် လိုမှုတွေ.. ကျေနပ်မှုတွေနဲ့ သားသမီးကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့တဲ့ မိဘလက်... ဒီလက်နှစ်ခုဟာ နှိုင်းယှဉ် တန်ဖိုးခြေကြည့်လို့ ရတဲ့ အရာမျိုး မဟုတ်တာတော့ အမှန်ပါပဲလေ...

သုတ

Sunday, June 26, 2011

ငှက်ဖျား အပြေးသမား

တိုင်မှာချိတ်ဆွဲထားသော ပုလင်းဆီမှ ပြွန်သေးသေးလေးထဲ ဖြေးနှေးစွာ တစ်ပေါက်ချင်းကျနေသော ရေစက်များကို ကျွန်တော် ငေးကြည့်နေမိသည်။ ထိုရေစက်တို့သည် ပိုက်ကတဆင့် သွေးကြောထဲ ထိုးဖောက်ထားသည့် အပ်ကိုဖြတ်ကာ ကျွန်တော့ကိုယ်ထဲ စီးဝင်သွားကြမည် ဖြစ်သည်။ မြန်မြန်ကုန်စေ့ချင်လှပြီ။ ဒါတွေ အကုန်သွင်းပီးသွားရင် နေကောင်းပြီ၊ ဆေးရုံက ဆင်းရပြီဟု ဆရာဝန်ကြီး ပြောထားသော စကားကို ကျွန်တော်မမေ့ပါ။ ဘယ်နှစ်ပုလင်း မြောက်မှန်း မမှတ်မိတော့ပေမဲ့ လွန်ခဲ့သောနှစ်ရက် ဆေးရုံစရောက်ထဲက မပြတ်တမ်း ချိတ်ထားသော ဒီပုလင်းတွေ ဒီပိုက်တွေကို မုန်းတီးနေပြီ။

အဖေ တာဝန်ကျသည့် မိုင်းတုံစပြောင်းထဲက ကွီနင်းဆိုသည့် ငှက်ဖျားကာကွယ်ဆေးတွေ တမိသားစုလုံး စသောက်ခဲ့ရသည်။ မတရား ခါးသက်သည့် ဆေးခါးတွေ ငှက်ပြောသီးနှင့် ရောကာ ကြိတ်မှိတ်သောက်ခဲ့သည့် ကြားက ခြောက်လကျော်ကျော်လောက်မှာ ကျွန်တော်ငှက်ဖျား ဖြစ်သည်။ မျက်နှာသစ်ရင်း ပျော့ခွေကျသွားသည့် ကျွန်တော့်ကို တကြော်ကြော်ခေါ်ကာ ပူလောင်ကြီးစွာ ပွေ့ချီရင်း “ကလေးတစ်ခုခု ဖြစ်လို့ကတော့ ရှင်နဲ့ကျွန်မ အပြတ်ပဲ..”ဟု အမေ၏ ဘာမှမဆိုင်ပါပဲ အဖေ့ကိုရန်လုပ်သံက ကျွန်တော့်နောက်ဆုံး အသိ ဖြစ်ခဲ့သည်။ သတိရတော့ ဆေးရုံမှာ။

လူကနုန်းနုန်းချိချိ၊ မူးသလိုလို ဝေသလိုလို။ လည်ချောင်းတွေကလည်း ခြောက်ကပ်ကပ် ခါးသက်သက် ဖြစ်နေသည်။ ဘေးက ဘီဒိုပုပုလေးပေါ်မှာ ဘီစကစ်မုန့်တစ်ထုပ်နှင့် ပန်းသီးတစ်လုံး တွေ့တာတောင် စားချင်စိတ်မရှိ။ အမှန်ဆိုလျှင် အစားမက်သော ကျွန်တော့်အတွက် ဘီစကစ်က မထူးဆန်းလှလျှင်တောင် တစ်ခါတလေမှ စားရတတ်သော ပန်းသီးသည် တကယ့်ဆွဲဆောင်မှု ဖြစ်သည်။ ဒါပေမဲ့ မစားချင်ပါ။ ရင်ဘတ်ထဲက လှပ်လှပ်လှပ်လှပ် ခံစားမှုသည် မျက်လုံးမဖွင့်ပဲ အိပ်နေလိုက်တာကပဲ အကောင်းဆုံးလိုတောင် ဖြစ်နေသည်။

“အမေကလဲ ကြာလိုက်တာ..” ကျွန်တော် လေသံသဲ့သဲ့ဖြင့် ပြောသည်။ တကယ်တော့ ကြာတာကိုအဓိက ပြောချင်တာမျိုး မဟုတ်ပဲ ပြောစရာမရှိ၍ စကားမရှိစကားရှာ ပြောလိုက်တာမျိုး ဖြစ်သည်။
“ဒရစ်ချိတ်တာ မပြီးသေးဘူး နေမှာပေါ့.. နင်ဘာလုပ်ချင်လို့လဲ.. ငါ့ကိုပြောလေ..” ၀တ္တုဖတ်နေရာမှ လှည့်ကြည်ပြီး ကျွန်တော့်အမက မေးလာသည်။ တကယ်တော့ အမေလဲ ငှက်ဖျားဖြစ်နေပါသည်။ ကျွန်တော့်ထက်တောင် သုံးလေးရက်လောက် စောပါသေးသည်။ မနက်က အဖေနဲ့ လူချင်းချိန်းပီးတော့ ဆရာဝန်က အမေ့ကိုစမ်းသပ်ပြီး ဆေးသွင်းဖို့ ညွှန်ကြားတာကြောင့် ဆေးရုံမှာ ခုတင်ကလဲ မအားသဖြင့် အမကို လူနာစောင့်အဖြစ်ထားကာ ဆေးရုံဝင်းထဲက သူနာပြုတစ်ယောက်အိမ်မှာ ဆေးသွားသွင်းနေတာပါ။ ကျွန်တော့်ထက် ငါးနှစ်ကြီးသော အမသည် ခုနှစ်တန်းသာ ရှိသေးပေမဲ့ အမေအဖေတို့အတွက် အလွန်အားကိုးရ၏။

ကိုယ့်စကားနှင့်ကိုယ် ဘာလုပ်ရမှန်းမသိတော့ ရေသောက်မည်ဟု ကျွန်တော်ပြောလိုက်ရသည်။

”အမရော ကျောင်းမသွားဘူးပေါ့..”
“အင်း.. ဒီနေ့ခွင့်ယူလိုက်တယ်လေ.. အမေနေမှမကောင်းတာ.. အဖေလဲခွင့်ယူထားတယ်.. ခဏနေလာလိမ့်မယ်..”

ကျွန်တော်တို့ စကားပြောနေတုန်း ရုတ်တရက် အသံဆူဆူညံညံတွေ ထွက်လာသည်။ မောင်နှမ နှစ်ယောက်လုံး လန့်ကာလှမ်းကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက် လူနာဆောင်ထဲ ပြေးဝင်လာ၏။ တကိုယ်လုံး အ၀တ်မပါပါ။ နောက်မှာ ဆရာဝန်ကြီးနှင့် သူနာပြု ဆရာမတစ်ယောက် ပြေးလိုက်လာကြ၏။
“ဖမ်းထားပေးပါဦး.. ချုပ်ထားလိုက်..” ဆရာဝန်က လှမ်းအော်သည်။
ယောက်ျားဆောင် ဖြစ်တာကော၊ အမျိုးသမီးက အ၀တ်အစား မကပ်သည့် အနေအထား ဖြစ်တာကြောင့်ကော ဆီးဖမ်းထားရမှာ လက်မရဲ ဖြစ်ကြသည်ထင်ပါသည်။ ကြောင်အမ်းကာ ဘယ်သူမှ ထပြီး မတားဆီးကြ။ အမျိုးသမီးက အခန်းအလည်မှာ ရပ်ပြီး တခန်းလုံးဝေ့ကြည်လိုက်သည်။ သူမအကြည့်တွေက တစ်ခန်းလုံးမှာ တစ်ဦးထဲသော မိန်းခလေးဖြစ်သည့် ကျွန်တော့အမဆီမှာ ရပ်သည်။ ကပ်လာသော သူနာပြုဆရာမကို ပစ်တွန်းထည့်လိုက်ပြီး ကျွန်တော့်အမကို လက်ငြိုးထိုးကာ
“နင်ကဘာလုပ်နေတာလဲ.. တောင်းပန်စမ်း.. နင့်ငါ့ကို တောင်းပန်စမ်း..”
မျက်လုံးခြာခြာလည်ကာ ပြောနေသော သူမပုံစံက တကယ်ကို ကြောက်စရာကောင်းသည်။
ကျွန်တော့်အမ ဗြုန်းခနဲထရပ်က အနောက်ပေါက်ဆီသို့ ပြေးသည်။ ကျွန်တော်လဲ မနေပါ။ ဘယ်ကရောက်လာမှန်းမသိသော အားအင်တို့ဖြင့် ခုတင်ပေါ်က ခုန်ဆင်းကာ အမနောက်လိုက်သည်။ စူးခနဲဖြစ်သွားမှ လက်က အပ်တွေကို သတိရပြီး ချက်ခြင်းဆွဲဖြုတ်ပစ်လိုက်သည်။ အားပါး.. တော်တော်နာပါသည်။ ဒါပေမဲ့ မရပ်ရဲပဲ အမနောက်ကို အတင်းပြေးလိုက်သည်။ ရှေ့ကပြေးနေသော အမက အပေါက်ဝအရောက်မှာ ရုတ်တရက်ရပ်ချလိုက်ပြီး ဒီဘက်ပြန်လှည့်တော့ တရှိန်ထိုးပြေးလာသည့် ကျွန်တော်နှင့် ၀င်တိုက်တော့၏။
“ဟယ်.. မောင်လေး.. လာလာ.. ငါနင့်ကိုသတိရလို့ ပြန်လှည့်လာတာ..”
ကျွန်တော့်လက်ကိုဆွဲပီး အမဆက်ပြေးသည်။ မောင်နှမနှစ်ယောက်လုံး လက်တွေ အေးစက်လျှက်။ ကျွန်တော်လူနာဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်ရော အမပါသတိမရတော့ပါ။ နောက်မှာတော့ ခုမှ အသိဝင်လာတဲ့ တချို့လူနာတွေ.. လူနာစောင့်တွေက အမျိုးသမီးကို ၀ိုင်းချုပ် ဆရာဝန်က ဆေးထိုးနှင့် လုံးထွေးကျန်ခဲ့တော့သည်။

.......

အဲဒီအမျိုးသမီးက ငှက်ဖျားအရမ်းကြီးပြီး ဦးနှောက်ထိသွားတာပါ.. နောက်နေ့ ကောင်းသွားတော့ ဆရာဝန်နဲ့ ဆရာမကို ရှိခိုးပီးတောင် တောင်းပန်ပါတယ်.. သူ့ယောက်ျားကလဲ အဖေတို့နဲ့ တွေ့ပီး တောင်းပန်ပါတယ်.. ကျွန်တော်ကတော့ ဆရာဝန်ုကုပေးတဲ့ ဆေးရှိန်ကြောင့်ပဲလား၊ အပြေးလေ့ကျင့်ခန်းကြောင့်လား မသိပေမဲ့ အဲဒီနေ့ပီးထဲကိုက အဖျားသက်သာလာလိုက်တာ နောက်နှစ်ရက်ဆိုတာနဲ့ ဆေးရုံကဆင်းနိုင်ပါရော.. အဲ.. ပန်းသီးလဲ စားနိုင်ရော ဆိုပါတော့ဗျာ...

Saturday, May 14, 2011

နာရီ

ရန်ကုန်မှာတုန်းက ကျွန်တော်နာရီပတ်သည်။ ကိုယ့်ဘာသာ ၀ယ်ထားတာတော့ မဟုတ်ပါ။ အဖေ့ဆီက အမွေတောင်းထားတဲ့ နာရီ။ Seiko 5။

ဆယ်တန်းအောင်ပီး အလုပ်စ၀င်ရတော့မယ်ဆိုတော့ နာရီလေး တစ်လုံးကတော့ မဖြစ်မနေလိုပီလို့ ကိုယ့်ဘာသာ ဆုံးဖြတ်သည်။ အလုပ်နဲ့ အကိုင်နဲ့ လူကြီးတစ်ယောက် ဖြစ်လာပီဆိုတော့လဲ ဆယ်တန်းတုန်းက ပတ်တဲ့ သားရေကြိုး ဓါတ်ခဲနာရီကတော့ ပတ်စရာနာရီလို့တောင် မသတ်မှတ်တော့ပြီ။ ဒီတော့အမေ့ကိုပူဆာရသည်။ အသစ်ဝယ်ဖို့ မဟုတ်။ သူငယ်ချင်းတစ်ယောက်ဆီမှ နာရီအသစ် လက်ဆောင်ရပြီးထဲက အဖေမပတ်တော့ပဲ သိမ်းထားသည့် နာရီဟောင်းကိုလိုချင်ပါသည်ဟု ပူဆာခြင်းဖြစ်သည်။ ဆန်းဆန်းပြားပြားဒီဇိုင်း မဟုတ်တဲ့ အပြင် နဲနဲတောင် အိုသည့်ဖက်ရှင်နှင့် နာရီကိုမှ ပတ်ချင်ပါသည်ဆိုသော သားကို ရီဟဟဖြင့် အမေက လိုက်လျောပါသည်။ အသစ်မ၀ယ်ပေးရတော့ ပိုက်ဆံကုန် သက်သာသေးလို့များ တွေးခဲ့ပါလိမ့်မည်။ ကျွန်တော်ကတော့ နာရီဒီဇိုင်းက လူကြီးလူကောင်းဆန်သည်၊ ခန့်ငြားသည်ဟု ထင်သည်။ ကိုယ်လဲ အလုပ်နဲ့ အကိုင်နဲ့ ဖြစ်ပီဆိုတော့ ဒီလိုခန့်ခန့်လေး ၀တ်ရမည်ပေါ့။

လူပျိုဖြစ်နေပြီ ဖြစ်သော်လဲ လူကောင်သိပ်မထွားသည့်အတွက် အဆစ်နှစ်ဆစ်လောက် ဖြုတ်တာတောင်မှ နာရီက တော်တော်ချောင်နေသေးသည်။ ဒါပေမဲ့ ခပ်ကျပ်ကျပ်နဲ့ ကွက်တိဝတ်ရတာထက် အဲလို လက်ကောက်ဝတ်မှာ လျော့လျဲလျဲလေး တင်ပီးဝတ်ရတာကို ပိုကြိုက်သည်။ အဲဒီစတိုင်ကတော့ ခုထိ ကျွန်တော်သဘောကျနေတုန်းပါ။ ခက်တာက လက်ထောင်လိုက်တိုင်း နာရီက လက်တတောင်ဘက် လျောကာသွားကြပ်နေတတ်သည်။ အဲလိုဖြစ်တတ်တာကပဲ ဒီနာရီနဲ့ ပက်သက်ပြီး အမှတ်ရစရာလေးတစ်ခု ကျွန်တော့်မှာ ရှိခဲ့တာဖြစ်သည်။

......................

အဲဒီနေ့က ရုံးမှာ အရမ်းမိုးချုပ်ပါသည်။

အချိန်ပိုလုပ်တဲ့ ၀န်ထမ်းအားလုံးက မပြန်တော့ပဲ အိပ်ဖို့ဆုံးဖြတ်ကြပြီး တားနေတဲ့ကြားက အပြင်မှာ အိပ်ကျင့်မရှိတာမို့ ကျွန်တော်အတင်း စွတ်ထွက်ခဲ့သည်။ ပြန်ဖို့သာ ဆုံးဖြတ်ရသည်၊ ဘတ်စ်ကားက မရှိတော့မှာ သေချာ၏။ ကြားကားတစ်စီးတစ်လေများ ရှိလိုရှိငြား ဆူးလေဂိတ်ဘက်ကို ကျွန်တော်လျှောက်သည်။ ကုမ္ဗဏီက ပြန်တင်၍ရသော်လည်း ကိုယ်ကအရင် စိုက်ရှင်းထားရမှာကော၊ ပုံစံဖြည့် ပြန်တောင်းရတဲ့ ကိစ္စတွေ စိတ်ညစ်တာရောကြောင့် taxi ကိုတော့ သိပ်ပီးစိတ်ဝင်တစား မရှိလှ။ လမ်းသည် လမ်းမီးတိုင်များအောက်မှာ လင်းလင်းချင်းချင်း ရှိပါသည်။ လျှောက်လာခဲ့သည့် ဗိုလ်ချုပ်လမ်းတစ်လျှောက် မျက်စိတဆုံးထိ တော်တော်ကြီးကို လူသူကင်းရှင်းနေတာကြောင့် နဲနဲစိတ်ပူလာသည်။ ရုံးမှာ ပြန်အိပ်လိုက်တာပဲ ကောင်းမလားမသိ။ လမ်းချိုးပြီး ဆူးလေ ကားဂိတ်မှာ လူလေးငါးဆယ်ယောက်လောက် လှမ်းတွေ့လိုက်တော့မှ ကျွန်တော် စိတ်သက်သာရသည်။ ဒါဆိုရင်တော့ ကြားကားရှိလောက်ပါသေးသည်။ အကြာကြီးစောင့်ရမဲ့တူတူ မနက်က မပြီးသေးသော ၀တ္တုစာအုပ်ကို ကျွန်တော်ထုတ်ဖတ်သည်။

စာအုပ်ထောင်ကိုင်ထားသောကြောင့် တတောင်ဘက် လျှောကျလာသော ကျွန်တော့်နာရီသည် အချိန်ကြာတာနဲ့အမျှ ချွေးနှင့်ရောကာ ကြပ်စီးစီးကြီးဖြင့် နေရခက်လာသည်။ ကောင်းခန်းရောက်နေတာမို့ စာအုပ်က မျက်နှာမခွာပဲ လက်ကိုအောက်ချက နာရီပြန်ကျအောင် အသာ လှုပ်သည်။ ချွေးတွေနှင့်ကပ်ကာ နာရီကမကျ။ စိတ်မရှည်တော့ပဲ လက်ကို ခပ်ဆတ်ဆတ်ခတ်ကာ ဆန့်အထုတ်မှာ ရှေ့ဘက် ခပ်စောင်းစောင်းလေးမှာ ရပ်နေသူကို သွားထိသည်။ လေဟပ်ရုံလောက်လေး ထိသွားသည့်အနေအထားလောက်ပဲမို့ ကျွန်တော်ဘာသာတောင် အမှုမဲ့ အမှတ်မဲ့ သတိပင် မထားမိလိုက်။

“မောင်လေး.. ဘာလဲဟင်..”
သူမကျွန်တော်ဘက် လှည့်လာပီးမေးသည်။ မျက်နှာသည် မိတ်ကပ်တို့ဖြင့် ကော်ပတ်ရုပ်လိုလှနေသည်။ အသက်အစိတ်လောက်တော့ ရှိမည်ထင်ပါသည်။ အလွန်အကျူး ချယ်သ၀တ်ဆင်ထားသည့် သူမအနေအထားကို ကြောင်တောင်တောင် ဖြစ်သွားသည့် ကြားကပင် ကျွန်တော် သတိပြုမိသည်။

”ဗျာ.. ဘာလဲ..” ကျွန်တော် နားမလည်စွာ ပြန်မေးမိသည်။ သူမဘာမေးလိုက်တယ်ဆိုတာ ကျွန်တော်မရှင်းပါ။

”အင်းလေ.. ဘာလဲလို့..” ပြုံးစစဖြင့် သူမအနားတိုးလာ၏။ အစထဲက ရပ်နေတာ သိပ်မကွာတာမို့တစ်လှမ်းသာသာ လှမ်းရုံနှင့်ကို တစ်ယောက်နှင့် တစ်ယောက် တော်တော်နီးသွားသည့် အနေအထား။ ရေမွှေးနံ့သည် တော်တော်စူးပါသည်။ အသံကလဲ ၀င်တော့မလိုလို ထွက်တော့မလိုလို လေသံနှင့်။

”အဲ.. ဘာမှမဟုတ်ပါဘူး အမ.. ဆောရီး မတော်တဆပါ..” ကျွန်တော် နောက်ဆုတ်ရင်း ပြောသည်။ ချက်ခြင်းလဲ သဘောပေါက်လိုက်တာမို့ မြန်မြန် တောင်းပန်ရင်း စကား ဖြတ်လိုက်တာပါ။

သူမအပြုံးပျောက်သွားသည်။

”ဟဲ့.. အဲဒါဆိုလဲ နင်ဘာလို့ လာစနေသေးလဲ..”

သူမပြောလိုက်သံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ တော်တော်ကျယ် သွားသည်။ ဘေးကရပ်နေသူတွေ အားလုံးလှည့်ကြည့်ကြသည်။ ပြောပီးမှ ကျွန်တော့ဘက်က အနေအထားကို သူမတလွဲကောက်ချက်ချပီး ဖြစ်ခဲ့တယ်ဆိုတာ သူမဘာသာ သတိရသွားပုံပေါ်ပါသည်။ မရပ်တော့မရပ်သေးပဲ ဘာမှတ်နေသလဲ.. လာမစမ်းနဲ့ ဘာညာကွိကွဖြင့် ပွစိပွစိ ခပ်တိုးတိုးရေရွတ်ကာ ကားဂိတ်အနောက်ဘက် ခပ်လှမ်းလှမ်းကို ဘောက်ဆတ်ဆတ် လျှောက်သွားသည်။ ကြည့်ရတာ ခုထိဒီမှာ ရပ်နေရတာကို တင်းနေတဲ့စိတ်က အစထဲကရှိပုံ ရပါသည်။ အဲဒါကအရေးမကြီး။ ခုတော့ ဒီကကောင်က လူတွေဝိုင်းကြည့်ခံနေရသည်။ ပြုံးစိစိကြည့်သည်။ ဇါတ်ရှုပ်တွေဆိုသည့် အထာနှင့်ကြည့်သည်။ တည့်တည့်ကြည့်သည်။ စွေကြည့်သည်။ လူလေးငါးဆယ်ယောက်က ပုံစံလေးငါးဆယ်မျိုးဖြင့် ကြည့်သည်။

ခပ်တည်တည်ဖြင့် စာအုပ်ပြန်ဖတ်နေရပေမဲ့ လူက ချွေးပြန်လာသည်။
တတောင်ဘက် ပြန်လျှောကျနေပြီဖြစ်သည့် နာရီကလဲ ချွေးတို့ဖြင့် စီးကာ နေရခက်ခက်။

ဒါပေမဲ့ နာရီကို ကျွန်တော် မခါချဖြစ်တော့ပါ။

......................

ခုတော့ ကျွန်တော်နာရီပတ်လေ့ သိပ်မရှိတော့ပါဘူး.. ဒီကိစ္စကြောင့်တော့ မဟုတ်ဘူးပေါ့ဗျာ.. အချိန်ဆိုတာကိုသိဖို့ နာရီတစ်မျိုးထဲ အားကိုးနေစရာ မလိုလောက်အောင် ခေတ်ကတိုးတက်လာတာကြောင့် ဖြစ်ပါလိမ့်မယ်.. ဒီတော့များ ခုနေချိန် အဲလို တယောက်ယောက်ကို သွားထိမိတယ်လို့ သတင်းများကြားလို့ကတော့ တမင်တကာထိတာပဲ ဖြစ်လိမ့်မယ်လို့ စာဖတ်သူ ယူဆနိုင်ပါတယ်ဗျား.. ဟားဟား..

Sunday, May 1, 2011

မြန်မာ့စံတော်ချိန်

ရထားရပ်တာနှင့် ကျွန်တော် အရင်ဆုံးဖြစ်အောင် လုထွက်လိုက်ပီး စက်လှေကားမှ တောက်လျှောက်ပြေးဆင်းသည်။ မပြေးလို့လဲမရ။ နောက်ကျနေပြီလေ။ နဲနဲနောနောတောင် မဟုတ်ပါ။ တစ်နာရီစမည်ဟု ကြေငြာထားသော စာပေဟောပြောပွဲတက်ရောက်မည့် လူက နှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်ပဲ လိုချိန်အထိ ရထားပေါ်မှာ ရှိနေသည့်အဖြစ်သည် ငယ်ငယ်တုန်းက ဆရာကြီး နပန်အကျင်းခံရတာထက် နှစ်ဆလောက်တောင် ပိုတီးဖို့ ကောင်းနေသည့် အနေအထားဖြစ်သည်။ ၀င်လို့တောင် ရပါတော့မည်လား မသိ။ ပြေးရင်းက ငယ်ငယ်တုန်းက အဖြစ်ကိုသတိရရင်း ပြုံးလိုက်မိသေးသည်။ တစ်ခါ အဲဒီအပြုံးပေါ်မှာ ထပ်ပြုံးဖြစ်ပြန်သည်။ အသက်အရွယ်က အရာရာကို တော်တော် ပြောင်းလဲသွားစေတာပဲ။ ငယ်ငယ်တုန်းက ကျောင်းနဲနဲလေး နောက်ကျတာကို အသဲအသန် စိုးရိမ်ပူပန်ဖူးသော ကျွန်တော်သည် ခုတော့ ခပ်သဲ့သဲ့ပြုံးနိုင်သည်အထိ အရေထူခဲ့ပြီ ဖြစ်သည်။

ဒါပေမဲ့။ တံတားပေါ်မှ ခပ်သွက်သွက် ဖြတ်လျှောက်ရင်း ကျွန်တော်ဇဝေဇ၀ါ ဖြစ်လာသည်။ လှမ်းမြင်နေရသည့် ခန်းမအ၀င်ဝတွင် လူတွေ စုရပ်နေကြတုန်း။ စာရင်းသွင်းကောင်တာမှာ လူတွေ စာရင်းသွင်းနေတုန်း။ ပိုနီးလာလေ မြင်လာရတာက ခန်းမအ၀တံခါးမတောင် မပိတ်သေးဘူးဆိုတာ ဖြစ်သည်။ ပွဲမစသေးဘူးပဲ။ ဒီနေရာမှာ ကျွန်တော်မပြုံးနိုင်တော့။ စည်းပျက် ကမ်းပျက် နောက်ကျတာဟာ ကျွန်တော် တစ်ယောက်ထဲ မဟုတ်ဘူးတဲ့လား။ စည်းကမ်းမရှိတဲ့ လူတွေအတွက် ဒီပွဲကို မစပဲ စောင့်ပေးနေခဲ့သတဲ့လား။ လူတွေအရှေ့မှာ စည်းမဲ့ကမ်းမဲ့ နောက်ကျနေတဲ့ လူတစ်ယောက်အနေနဲ့ ခပ်ငုံ့ငုံ့ ၀င်ရမှာထက် ခုလို နောက်ကျသမား များလွန်းလို့ ပွဲတောင်မစနိုင်တဲ့ အဖြစ်က စိတ်သက်သာစရာ တစ်ခုတော့ ကျွန်တော့်ကို မဖြစ်စေပါ။

လေးလံသောစိတ်ဖြင့် စာရင်းသွင်းတာတွေ ဘာတွေလုပ်ပီး နီးစပ်ရာ အ၀င်ပေါက်ကနေ ခန်းမထဲ အ၀င်မှာတော့ စာရေးဆရာကြီးများတန်းစီထိုင်နေသည့် ရှေ့ဆုံးတန်း ဖြစ်နေတာ သိလိုက်သည်။ ရုတ်ချည်းပင် ငယ်ငယ်တုန်းက ကျောင်းအုပ်ဆရာကြီး နပမ်ကျင်းခဲ့တာကို ကျွန်တော် ပြန်တမ်းတမိလိုက်သည်။ နှစ်ချက်လောက် တီးမယ်ဆိုရင်တောင် အဲဒါကိုပဲ ကျွန်တော် ပိုလိုလားပါသည်။ စာပေဟောပြောပွဲ တက်ရောက်မည်ဟု အမည်ခံပြီး လက်မှတ်ပေါ်က ပွဲချိန်တစ်နာရီဆိုတာကိုတောင် မဖတ်တတ်တဲ့ လူတွေကို ဟောပြောမဲ့ ဆရာကြီးတွေက စောင့်ပေးနေရတဲ့ အဖြစ်။ တစ်နာရီအရောက် လာခဲ့သည့် စည်းကမ်းညီညွတ်သည့် ပရိတ်သတ်က စောင့်ပေးနေရတဲ့ အဖြစ်ပါလား။

ပွဲစီစဉ်သူများကရော။ ပွဲစချိန်တစ်နာရီလို့ သူတို့ကိုယ်တိုင် သတ်မှတ်ရေးသားထားတဲ့ အချိန်ကို တာဝန်မယူ မလိုက်နာသူများလို့သာ ကျွန်တော်စွပ်စွဲချင်ပါသည်။ စာရေးဆရာကြီးတွေ၊ အချိန်အတိအကျရောက်တဲ့ စည်းကမ်းရှိ သူတွေက နောက်ကျ သူတွေကို လေးဆယ့်ငါးမိနစ် ကျော်လာတဲ့ အချိန်ထိ စောင့်နေစေဖို့များ ဘယ်လို စိတ်ကူးမျိုးနဲ့ ဆုံးဖြတ်ခဲ့သလဲဆိုတာ စဉ်းစားမရပါ။ သူတို့လိုက်လျောမှုက အနာဂါတ်ပွဲတွေကိုပါ ထိခိုက်စေသည်။ ခုဒီပွဲမှာ အချိန်အတိအကျ ရောက်လာသူတွေကတော့ သူတို့ အပေးခံခဲ့ရတဲ့ တစ်နာရီနီးပါး စောင့်ရတဲ့ ပြစ်ဒဏ်အတွက် နောင်ကျဉ်သွားလောက်ပြီး၊ ကျွန်တော်တို့လို နောက်ကျသူတွေအတွက်လဲ နောက်ကျတော့ မစောင့်ရဘူး၊ ကောင်းတောင်ကောင်းသေးဆိုတဲ့ အကျိုးအမြတ်နဲ့ ပျော်ပျော်ကြီး နောက်ကျဖို့ အဆင်သင့် ရှိနေကြလောက်ပါပြီ။

ဒီတော့ ကျွန်တော်စဉ်းစားမိတာက အချိန်နဲ့ ပက်သက်ပြီး နာမည်ပျက်ရှိတဲ့ မြန်မာတွေမှာ စည်းကမ်းပျက်သူတွေကို အကျိုးရှိစေပြီး စည်းကမ်းရှိသူတွေ အကျိုးမဲ့စေတဲ့ လိုက်လျောမှုတွေ ရှိနေသရွေ့ ဒါကြီးကို ပြုပြင်ဖို့ တော်တော်ခက်ဦးမယ် ထင်ပါတယ်လေ။

Wednesday, March 2, 2011

ရွှေ (၁)

လွန်ခဲ့သော သုံးနှစ်ကျော် စင်ကာပူရောက်စက ရောက်လေရာ မြန်မာရှာရတာ သူ့အတွက် အလုပ်တစ်ခုဖြစ်သည်။
ပင်နီဆိုးလားသွားသည်။ ရထားပေါ် ကားပေါ် ရောက်လျှင် မျက်စိဖွင့်သည်။ နားစွင့်သည်။ မြန်မာဟုသေချာလျှင် ပြေးလွှားနှုတ်ဆက်လိုက်ဖို့ ၀န်မလေး။ နိုင်ငံနှင့် အိမ်နှင့် တခါမှဒီလောက် ဝေးဝေးကြာကြာ မသွားဖူးသော သူ့အတွက် သူစိမ်းမြေမှာ ရွှေများတွေ့လျှင် အလွမ်းပြေသည်။ အားအင်ပြည့်ဝသလို ခံစားရသည်။

အရင်ရောက်နှင့်သူများပြောသော ကြည့်လိုက်တာနဲ့ မြန်မာဆိုတာ သိသာတယ် ဆိုတဲ့စကားက သူ့အတွက်တော့ ခက်ခဲလှသည်။ ဘယ်လိုသိသာလဲ။ သူဘယ်လိုမှ မခွဲခြားတတ်ပါ။ ဒီတော့ သူ့နည်းသူ့ဟန်ဖြင့် နည်းတစ်ခု ထွင်လိုက်သည်။ သွားလေရာ မြန်မာ စာအုပ် တစ်အုပ်အုပ်တော့ အိတ်ထဲထည့်သွားပြီး ရောက်လေရာထုတ်ဖတ်သည်။ ဖတ်လျှင်လဲ သက်တောင့်သက်သာ ဖတ်တာမျိုး မဟုတ်ပဲ စာအုပ်ကို လူမြင်အောင် ထောင်ဖတ်သည်။ အနည်းဆုံးတော့ သူ့ကို မြန်မာလို့ မြင်ရသူမြန်မာတွေ သိသွားအောင်။ စာဖတ်နေရင်းက မျက်လုံးတစ်ချက်လောက် ဝေ့ကြည့်လိုက်လို့ ကိုယ့်ကိုယ် ကြည့်နေတာမျိုး၊ ကိုယ့်စာအုပ်ကို စိတ်ဝင်တစား ကြည့်နေတာမျိုး ဆုံလို့ကတော့ အနှီမြန်မာသည် အတင်းကာရော မိတ်ဖွဲ့ခြင်းကို ခံရမည်မှာ ရာနှုန်းပြည့်နည်းပါး သေချာလှ၏။

တမြေထဲနေ.. တရေထဲသောက်.. ရပ်ဆွေရပ်မျိုး တွေပဲလေ..

*****

ခုတော့ မြန်မာရှာဖွေရေးသည် သူ့အတွက် အားတက်သရော အလုပ်တစ်ခု မဟုတ်တော့။ ရောက်စက ခံစားခဲ့ရသော အားနည်းသိမ်ငယ်မှုတွေလည်း ပျောက်ကွယ်ခဲ့ပြီ။ ရှာစရာမလို ပြေးမလွတ်လောက်အောင် သုံးနှစ်အတွင်း နေရာတိုင်း မြန်မာတွေ ပြည့်လာခဲ့ပြီ။ အတင်းကာရောကြီး မိတ်ဆက်မိလို့ တွန့်ရွံ့ကြောက်လန့်သွားတတ်၊ ခပ်တည်တည်ကြီး ဖြစ်သွားတတ်တဲ့ အချို့မိန်းမပျို လေးတွေကိုလဲ အားနာတတ်ခဲ့ပြီ။ ပြီးတော့ ပုံစံကြီး ကြည့်ပြီးမှတောင် မဟုတ်ပဲ အရိပ်မြင်ရုံလောက်နဲ့တောင် ဒါမြန်မာပဲလို့ ပြောနိုင်တဲ့ အရည်အချင်းကိုလဲ ပိုင်ဆိုင်ခဲ့ပြီ။ ဒါတောင် မြန်မာဆိုတာ သေချာပြီး ဖော်ရွေပုံပေါ်လျှင် သူပြုံးပြမြဲ ဖြစ်သည်။ အခြေအနေ ကောင်းလျှင် မိတ်ဖွဲ့မြဲဖြစ်သည်။ အဆောက်အဦးတစ်ခုထဲ အတူအလုပ်လုပ်နေသော မြန်မာများကတော့ ဓါတ်လှေခါးထဲမှာရော၊ ပြင်ပမှာပါ သူ့မိတ်ဆွေများအဖြစ် သိမ်းသွင်းခြင်း ခံခဲ့ရသူများ ဖြစ်ကြ၏။

***

တစ်နေ့တော့ သူမြန်မာဆိုတာ အသိမခံရဲသော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါသည်။

ထိုနေ့က သူ မူစတာဖာ စင်တာသို့သွားသည်။ မနက်ဖြန်ပြန်မည့် သူငယ်ချင်းတစ်ယောက်နှင့် လူကြုံပေးဖို့ ချောကလက် သွားဝယ်တာဖြစ်သည်။ အရင်လို လူရှာဖို့ မဟုတ်တော့ပဲ တကယ်စိတ်ဝင်တစားကို ရထားပေါ်မှာ စာအုပ်တစ်အုပ် သူဖတ်သွားခဲ့သည်။ စာအုပ်ဖတ်ရင်း လူရှာတဲ့ အကျင့် ပျောက်သွားတာတော့ နှစ်နဲ့ ချီခဲ့ပြီထင်သည်။ ညနဲနဲ နက်နေသောကြောင့် ရထားကလဲ လူသိပ်မကြပ်လှ။ နေရာရပေမဲ့ အကြာကြီး စီးရမှာ မဟုတ်တာကြောင့် သူမထိုင်တော့ပဲ ရပ်နေလိုက်သည်။ Dhoby Ghaut MRT မှာ မြန်မာမလေး သုံးယောက်တက်လာသည်။ အလိုလိုနေရင်း အကျင့်ရနေတာမို့ သူတို့ကို အကဲခတ်လိုက်သည်။ ငယ်သည်။ လှကြသည်။ နီမြန်းမြန်း မျက်နှာလေးတွေက နဲနဲ မှန်နေကြသည် ထင်သည်။ မိန်းခလေးတွေများ မူးတာတောင် လှသည်။ မျက်လုံးခြင်း ဆုံရင်တော့ ပြုံးပြနှုတ်ဆက်လိုက်ဖို့ သူဆုံးဖြတ်ထား၏။ လက်ကစာအုပ်ကိုလဲ လူမြင်သူမြင်အနေအထား ပြောင်းကိုင်လိုက်သည်။ သူတို့ကတော့ သူတို့အရှိန်နှင့် သူတို့ ပတ်ဝန်းကျင်ကို ဂရုမစိုက်အားပဲ လက်ပံပင် ဆက်ရက်ကျနေသည်။

ရုတ်တရက် ကြားလိုက်ရသော စကားတစ်ခွန်းက မျက်နှာကို ဖြန်းခနဲ နွေးသွားစေသည်။
အသက်သုံးဆယ်ကျော် ယောက်ျားတစ်ယောက်အတွက် မကြားရဲစရာ၊ ရှက်စရာ စကားသိပ်မရှိပါ။ ဒါပေမဲ့ ခုပြောသူတွေက မိန်းခလေးတွေ၊ ငယ်၇ွယ်သူလေးတွေ ဖြစ်သည်။ ဒီကလေးမလေးတွေ သူတို့စကားနားလည်တဲ့ လူတစ်ယောက်ယောက် အနားမှာ ရှိတယ်ဆိုတာကို သိသွားမှာ သူစိုးရိမ်သွားတာ ဖြစ်သည်။

“ဒီလောက် မြန်မာဆန်တဲ့ ငါ့ရုပ်ကိုတောင် မရိပ်မိကြဘူးလားဟ..”

သူ ငြိုငြင်စွာတွေးရင်း တဖက်ကို မသိမသာလှည့်သည်။ ချာတိတ်တွေကလဲ သတိလက်လွတ် ပြောပြီး ခုမှ ဘေးဘီကို ပြူးပြူးပြဲပြဲ အကဲခတ်နေကြ၏။

“အင်း.. ဒီနေ့မှပဲ ရှားရှားပါးပါး အိတ်ကလဲမပါ။ ဒီစာအုပ်ကို ဘယ်လိုဖွက်ရပါ့...”

ဘာပဲပြောပြော ရုပ်ကို မသင်္ကာဖြစ်ခဲ့ရင်တောင် စာအုပ်နဲ့တော့ သက်သေမထူချင်ပါဘူးလေ။
သူမြန်မာ တစ်ယောက် ဆိုတာကိုပေါ့။

Thursday, January 27, 2011

ယောက်ျားနဲ့ မိန်းမ

Sian Massey Sian Massey၂၄.၁.၂၀၁၁ တနင်္လာနေ့ မနက်ခင်းမှာ ဖတ်လိုက်ရသော သတင်းတစ်ပုဒ်က ကျွန်တော့်ကို တစ်နေ့လုံးနီးပါး အတွေးတွေထဲ နစ်မြုပ်နေစေခဲ့သည်။ Sky Sport ရုပ်သံက သူ့ရဲ့ ရုပ်သံတင်ဆက်သူ နှစ်ဦးကို နှုတ်မစောင့်စည်းမှုနဲ့ ရာထူးက ခေတ္တအနားပေးလိုက်သော သတင်းဖြစ်သည်။ ဝုလ်ဗ်နဲ့ လီဗာပူးတို့ စနေနေ့က ကန်ခဲ့သော ပရီးမီးယားလိဂ် ဘောလုံးပွဲတွင် စည်းကြပ်ဒိုင်၏ မှားယွင်း ဆုံးဖြတ်ချက်တွေ အပေါ် မိုက်ပိတ်ထားချိန် နောက်ပြောင်ပြောဆိုသံတွေက တခြားတဖက် မိုက်ကတဆင့် ဘောလုံးပွဲ ကြည့်နေတဲ့သူတွေ အားလုံးကြားသွားတာကနေ ဒီအဖြစ် ပေါ်လာတာ ဖြစ်သည်။ ဒီလောက်ထိ ကြီးကျယ်သွားရတာက အဲဒီစည်းကြပ်ဒိုင် ဆီယန်မက်ဆေးက အမျိုးသမီး တစ်ယောက် ဖြစ်နေပီး၊ သူတို့ လှောင်ပြောင်မှုကလဲ အဲဒီအမျိုးသမီး ဖြစ်နေမှုအပေါ် ဦးတည်ပြောဆို သွားတာကြောင့် ဖြစ်သည်။ ကျွန်တော့်ကို စိတ်ဝင်စားသွား စေတာကတော့ ကျွန်တော်ကိုယ်တိုင်လဲ အဲဒီပွဲကိုကြည့်နေခဲ့ချိန်မှာ ပရီးမီးယားလိဂ်လို ပွဲကြီးမှာ အမျိုးသမီး စည်းကြပ်ဒိုင်ထားတဲ့ အပေါ်မှာလဲ အထူးတဆန်း စိတ်ဝင်စားခဲ့၊ ဒီစည်းကြပ်ဒိုင်ရဲ့ အမှားအယွင်းတွေ အပေါ်မှာလဲ အမျိုးသမီးဒိုင်တွေများ ညံ့လိုက်တာကွာ ဆိုသော ဝေဖန်အတွေးတွေ တွေးခဲ့သောကြောင့် ဖြစ်သည်။ ကိုယ်တိုင် ယူဆခဲ့တဲ့ ကောက်ချက်တွေနဲ့ ထပ်တူညီခဲ့တာကပဲ ထပ်ဆင့် အတွေးပါွးစရာတွေပါ ဖြစ်လာခဲ့ပါသည်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးရင် တွေးမိတဲ့ အတွေးတွေလဲ ဖြစ်ချင် ဖြစ်ပါလိမ့်မည်။ ခုခေတ်သည် ယောက်ျား၊ မိန်းမ အခွင့်အရေး၊ ရပိုင်ခွင့် ကွာခြားမှုစည်း ကျဉ်းသထက် ကျဉ်းလာသော ခေတ်ဖြစ်သည်။ မိန်းမများသည် ယောက်ျားများနှင့် နေရာတိုင်းနီးပါးတွင် ရင်ဘောင်တန်းလာကြပြီး မဟုတ်ပါလား။ ရင့်ကျက်သော လူ့အဖွဲ့အစည်း အသိုင်းအဝိုင်း တွေကလဲ ဒါကို အသေအချာ လက်ခံဖို့ ကြိုးစားကြသည်။ ခုလို sky sport က မိန်းမဒိုင် တစ်ဦးကို လှောင်ပြောင်ခြင်း အပေါ် ခြွင်းချက်မထား တုန့်ပြန်လိုက်တဲ့ သတင်းကပဲ လူ့အဖွဲ့အစည်းက မိန်းမတွေကို နှိမ့်ချတာ၊ ခွဲခြားတာကို လက်မခံဘူးဆိုတာရဲ့ ထင်ထင်ရှားရှား သက်သေတစ်ခု ဖြစ်သည်။ ဒါပေမဲ့ ကျွန်တော်တို့တွေ တကယ်ရော မခွဲမခြား လက်ခံနိုင်ကြ ပြီလား။ ယဉ်ကျေးမှုအရဖြစ်ဖြစ်၊ ဖြစ်သင့်တယ်ဆိုတဲ့ လက်ခံမှု အရဖြစ်ဖြစ် မဟုတ်ပဲ ယောက်ျားမိန်းမ တန်းတူမြင်ပေးနိုင်တဲ့စိတ် တကယ်ရော မွေးနိုင် ကြရဲ့လား။ ခု အဖြစ်မှာတောင် အင်မတန် ခက်ခဲလှသေးတယ်ဆိုတာ သိသာပါသည်။ ယဉ်ကျေးမှုအရ ခွဲခြားမှု ဆိုတာကြီး မရှိချင်ရောင် ဆောင်နေပေမဲ့ မိန်းမဘက်မှာရော ယောကျ်ားဘက်မှာပါ ဒီခွဲခြားမှုဟာ ရှိနေသေးတာကို ဖော်ပြနေပါသည်။ အမျိုးသား စည်းကြပ်ဒိုင်တွေ၊ ဒိုင်လူကြီးတွေလဲ အမှားပေါင်း များစွာ လုပ်ခဲ့ဘူးကြတာပဲ မဟုတ်ဘူးလား။ လူကျွံဘောကို နားမလည်သော စည်းကြပ်ဒိုင်၊ ဂိုးဝင်တာကို မဝင်ဘူးမှားတဲ့ စည်းကြပ်ဒိုင်၊ ပယ်နယ်တီကို မှားယွင်း ဆုံးဖြတ်တဲ့ စည်းကြပ်ဒိုင်၊ ဒါတွေကစလို့ မဆုံးနိုင်အောင် များပြားသော ဒိုင်အမှားများတွင် ကျွန်တော်တို့သည် ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့ကြသည်။ ဒါပေမဲ့ ထိုဝေဖန်မှုတွေက ဒိုင်ရဲ့ အရည်အချင်းကို ဝေဖန်တာပဲ ဖြစ်သည်။ ညံ့ဖျင်းမှာယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ပြစ်တင် ဆဲဆိုတာပဲ ဖြစ်သည်။ အမျိုးသမီးဒိုင်တွေကြတော့ ကျွန်တော်တို့ အမြင်က အရင်ခံစားချက်တွေနဲ့ မတူလှတော့။ ဒီမှားယွင်းမှုတွေက အမျိုးသမီးဖြစ်သောကြောင့် ဆိုပီး အရည်အချင်းနှင့် မဆိုင်သော ဝေဖန်မှု အမြင်ကို မြင်ကြ၏။ သူမ၏ ညံ့ဖျင်းမှု၊ နားမလည်မှု၊ မှားယွင်းမှုတိုင်းသည် အမျိုးသမီးဖြစ်သောကြောင့် ဆိုသည့် အကြောင်းပြချက်နှင့် အလိုလို တွဲသွားကြသည်။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေး ပေးပါသည် ဆိုပြီး ဒိုင်လူကြီး လုပ်ခွင့်ပေးတာကို အသိစိတ်က လက်ခံထားရသော်လည်း တဖက်ကတော့ ဒီစည်းကြပ်ဒိုင်ရဲ့ နားမလည်မှု မှားယွင်းမှုတွေကို အမျိုးသမီးဖြစ်နေခြင်း ဆိုတာနဲ့ ဆွဲတွေးကြ၏။ ဒါပေမဲ့ အမျိုးသမီးဒိုင် ဖြစ်နေသောကြောင့်လဲ အမျိုးသားဒိုင်များပြုလုပ်သော အမှားတွေကို တုန့်ပြန်သလိုတော့ ဒေါသတကြီး မဖြစ်မိပြန်ပါ။ ခွင့်လွှတ် ရီပွဲဖွဲ့နိုင်ခဲ့သည်။ ဒီဒိုင်ဟာ အမျိုးသမီးပဲ။ ဒီလောက်ကြီးတော့ ဘယ်သိမှာလဲ ဆိုသော လက်ခံစိတ်တွေ ရှိခဲ့ကြသည်။ အံ့သြောစရာက အဲဒီစိတ်တွေဟာ ကျွန်တော်တို့ ယောက်ျားတွေတင်မက မိန်းမတွေမှာပါ ရှိနေတာ ဖြစ်သည်။ သေချာတာတော့ ဒီအမျိုးသမီးဒိုင်ကို အမျိုးသားဒိုင်တွေလို မခွဲမခြား မြင်မပေးနိုင်ခဲ့ဘူး ဆိုတာပါပဲ။ ငါတို့တွေ တကယ်လက်မခံနိုင်ပဲ ဘာကြောင့် ဟန်ဆောင်နေကြတာပါလိမ့်.. ကျွန်တော် စဉ်းစားမိပါသည်။ လူ့အဖွဲ့အစည်းကြီး အဖို့တော့ လူသားအားလုံး သာတူညီမျှ မခွဲမခြားခြင်းသည် ကောင်းမွန်သော ဦးတည်ချက်ပင် ဖြစ်သည်။ လုပ်ရပ်တစ်ခုခုကြောင့် မဟုတ်ပဲ၊ စိတ်ဓါတ်စွမ်းဆောင်မှုကြောင့် မဟုတ်ပဲ လူတစ်ယောက်သည် အခြားလူတစ်ယောက်ထက် အလိုလိုနိမ့်ကျနေပါသည်၊ အလိုလို မြင့်မြတ်နေပါသည်ဆိုတာမျိုး မရှိသင့်တော့ပါ။ ယောက်ျားတွေ ဘက်က စဉ်းစားကြည့်ရင်လဲ အမျိုးသမီးတွေကို နေရာပေးပြီး သဘောထားကြီးမြတ်သော ပုရိသယောက်ျား အဖြစ်ကို ခံစားချင်သည့် ယောက်ျားစိတ်သည် တစ်ခု အပါအဝင် ဖြစ်လိမ့်မည် ထင်ပါသည်။ ဒီနေရာမှာ မိန်းမတွေရဲ့ ခံစားမှုကိုတော့ ကျွန်တော် နားမလည်ပါ။ ယောက်ျားမျာနှင့် တန်းတူရင်ပေါင်တန်းနိုင်ပါတယ် ဆိုတဲ့ ကျေနပ်မှုတစ်ခုခု? ဖြစ်ချင်လည်းဖြစ်မည်။ တခြားအချက်တွေလဲ ရှိချင်ရှိမည်။ ဒီတော့ ယောက်ျားမိန်းမ မခွဲခြားခြင်းသည် ခေတ်သစ် လူ့အဖွဲ့အစည်း၏ သဘောထား ကြီးမြတ်မှု၊ တန်းတူညီမျှမှု၊ အမြင်ကျယ်မှု ဒါတွေရဲ့ ပြယုဒ် ဖြစ်လာခဲ့သည်။ အတွင်းစိတ်က မဟုတ်ပဲ ဟန်ဆောင်နေရတာကြောင့်လဲ တချို့နေရာတွေမှာ အရေးပေးမှုတွေက လိုတာထက် ပိုပိုသာသာ ဖြစ်နေရတာမျိုးလဲ ဖြစ်နိုင်ပါသည်။ ခုသတင်းကြေငြာသူ နှစ်ယောက်ဟာ အမျိုးသားဒိုင်တစ်ယောက်ကို ပုံစံတူ နောက်ပြောင်ရင်ကော၊ ခုလို အရေးယူမှုတွေ အကျယ်တဝင့် ပေါ်လာပါ့မလား။ သိပ်တော့ မထင်လှပါ။ ခုသတင်းသည် ယောက်ျားမိန်းမ ခွဲခြားမှု နက်ရှိုင်းစွာ တည်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ အတွင်းစိတ်၊ အဲဒါကို လက်မခံသင့်မှန်း၊ မှားယွင်းမှန်းသိပီး အတင်းဟန်ဆောင်ထားတဲ့ ပတ်ဝန်းကျင်စိတ် ဒီနှစ်ခုရဲ့ ပဋိပက္ခ သဘောမျိုး ဆောင်ပါသည်။ ဒါကြောင့်လဲ လူ့အဖွဲ့အစည်းဟာ သူကာကွယ် ဖုန်းဖိဖို့ ကြိုးစားထားတဲ့ အတွင်းစိတ်ရဲ့ သရုပ်မှန်ကို ဖော်ပြသလို ဖြစ်သွားတဲ့ ဒီဖြစ်ရပ်ကို လိုတာထက် ပိုပီး အတင်းကြောက်ကန်ကန် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့တာ မဟုတ်ဘူးလားလေ။

Saturday, September 25, 2010

ရော်ဘင်သု

ကျွန်တော် ရေပုံးထဲကရေကို ဇလားလေးထဲ လောင်းချလိုက်သည်။ စိမ်းမြကာ ကြည်လင်နေသော ရေတွင်းထဲကရေသည် ဇလားထဲရှိ ဗွက်များနှင့်ရောကာ ချက်ခြင်းနောက်ကျိ သွားသည်။ ထိုနောက်ကျိကျိရေနှင့်ပင် ဗွက်တို့လူးနေသည့် လက်ကို အသာနှစ်ဆေးရင်း နေပူထဲမှာ လှမ်းထားသော လောက်စာလုံးများကို အကဲခတ်လိုက်သည်။ ရလောက်ပီထင်သည်။ စလုံးခါစက ရွှံ့နှစ်ရောင် ပြေးနေသော လောက်စာလုံးများသည် ကျစ်ကျစ်တောက် နေပူထဲတွင် အဖြူရောင်ကူးစ ပြုနေကြပြီ။

“ရပီထင်တယ်ကွ.. ဘယ်လောက်ကြာအောင် လှမ်းရမှာလဲ..”
နေပူထဲက လောက်စာလုံးများ ဘေးမှာပင် ငုတ်တုတ်ထိုင်ရင်း ကျွန်တော် စိတ်လောကာ မေးလိုက်သည်။ ထိုလောက်စာလုံးများကို ထိတော့မထိရဲ။ ကိုယ်ကိုင်လိုက်လို့ မတော်တဆ ပျက်သွားရင် အချောင် ဆဲခံထိမည်လေ။

“ခု ပစ်မယ်ဆိုလဲ ပစ်လို့တော့ ရနေပါပီ.. ခဏလေး ထပ်စောင့်လိုက်ရင်တော့ ပိုကောင်းတာပေါ့”
စိုးဝင်းက ဆရာကြီးလေသံဖြင့် ပြော၏။ မျက်နှာထားကိုပါ ကျွန်တော်တို့ကို ရှင်းပြနေသည့် ပုံစံဖမ်းထားသေးသည်။ ဒါပေမဲ့ ကျွန်တော်ရော ကျွန်တော့အကိုပါ သေချာပင် နားထောင်ပီး လောက်စာလုံးများကို ငေးကြည့်ကာ ခေါင်းတငြိတ်ငြိတ် လုပ်နေကြသည်။ ခုနှစ်တန်း တက်ရမည့် စိုးဝင်းသည် ကျွန်တော်တို့ အတွက်တော့ အတန်းပညာလည်းကြီး၊ ခုလိုလောက်စလုံး လုပ်ရာမှာလည်း ဆရာကြီး ပင်ဖြစ်သည်။

ဒါပထမဆုံးအကြိမ် လောက်စာလုံးနှင့် လေးခွပစ်ဖို့ အခွင့်အရေးပင် ဖြစ်သည်။ ညီအကို နှစ်ယောက်လုံး ငါးတန်းအောင်သည့်အထိ တစ်ခါမှ ဒီလိုမဆော့ဘူးကြတာမို့လဲ အရမ်းတက်ကြွနေကြသည်။ ခုလည်း လူကြီးတွေ မသိကြပါ။ မြိတ်ရောက်ခစလဲဖြစ်၊ ကျောင်းတွေတက်ဖို့ကလည်း စောင့်နေရတုန်းအချိန်လဲဖြစ်တာမို့ စိတ်ကြိုက် ဆော့ကစားခွင့် ရနေခြင်းဖြစ်သည်။ ညီအစ်ကိုနှစ်ယောက် ဟိုယောင်ယောင် ဒီယောင်ယောင် ဆော့နေတုန်း ဘေးအိမ်မှ စိုးဝင်း၏ မင်းတို့ ငှက်ပစ်မလားဆိုသည့် ကမ်းလှမ်းချက်သည် ကျွန်တော်တို့အတွက် တကယ့်ကို အထူးအဆန်းဖြင့် မငြင်းဆန်နိုင်အောင် ဆွဲဆောင်မှု ကောင်းခဲ့သည်။ အားကျိုးမာန်တက်ပင် ရွှံ့ခူးကြ ရေနှုးကြဖြင့် တစ်နာရီနီးပါးမျှ အလုပ်ရှုပ်ခဲ့ကြ၏။

မကြာပါ။ လောက်စာလုံးများ အိပ်ထဲ ဖောင်းနေအောင် ထည့်ကာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် ဟိုချောင်းဒီချောင်းနှင့် ငှက်များကို လိုက်ကြည့်နေကြသည်။ ပစ်ပုံပစ်နည်းကိုလည်း စိုးဝင်းက သေချာပြထားတာမို့ လက်က ပစ်ချင်လှပြီ။ ပန်းခြုံကြားထဲက စာကလေးတစ်ကောင်ကို ကျွန်တော်တွေ့လိုက်သည်။ ငှက်က ကျွန်တော့ကို ဂရုမစိုက်တာလား မမြင်တာလားမသိ။ ကျွန်တော်လက်ဆန့်လိုက်တာတောင် ထမပျံပဲနေသည်။ အရေးထဲ ထူပိန်းနေအောင် အမေလိမ်းပေးထားသော သနပ်ခါးက ချွေးနှင့်ရောကာ မျက်စိကို စပ်ဖျဉ်းဖျဉ်း နေရာခက်စေသည်။ ဒါတွေဂရုမစိုက်အားပါ။ အသက်အောင့်ပီး မျှော့ကြိုးကို လွှတ်လိုက်သည်နှင့် လောက်စာလုံး ပြေးထွက်သွားသည်။ ငှက်ကို ထိသွားတာ ကျွန်တော်မတွေ့လိုက်။ ဒါပေမဲ့ စာကလေးသည် ဖုတ်ခနဲ အောက်ပြုတ်ကျသည်။ ပီးတော့ မြေကြီးတွင် တောင်ပံတဖတ်ဖတ်ရိုက်ကာ လူးလှိမ့်နေသည်။

လေးခွသည် လက်ထဲက ဘယ်လိုလွတ်ကျသွားမှန်းပင် ကျွန်တော်မသိလိုက်။ ပျော်စရာမကောင်းပါ။ နှလုံးသည် တဒုတ်ဒုတ်ဖြင့် ပြင်းစွာခုန်ကာ လည်ချောင်းထဲ ဆို့လာသည်။ ကျွန်တော် အိမ်ဘက် လှည့်ပြေးသည်။

အမေသည် ရုတ်တရက်ပြေးဝင်လာကာ ဖက်လိုက်သည့် ကျွန်တော့ကို အလန့်တကြားဖြင့် ငုံ့ကြည့်သည်။

“ဟဲ့.. ဘာဖြစ်တာလဲ.. သား.. ဘာဖြစ်တာလဲ ပြောစမ်း..”
“စာကလေး.. စာ.. စာကလေး.. သေပီလားမသိဘူး..” ကျွန်တော် တုန်ယင်စွာပြောသည်။ အမေ အေးစက်စက် ကျွန်တော့် လက်တွေကို ဆုပ်ပီး သေချာထပ်မေးသည်။

“ကျွန်တော်ပစ်လိုက်တာ ထိသွားပီ.. သေပီလားမသိဘူး.. အီးဟီးဟီး...”

ပြောရင်းမှ ကျွန်တော်ငိုတော့သည်။ ထိုနေ့က လူကြီးတွေ ကျွန်တော့်ကို တော်တော် ချော့လိုက်ရသည်။ ကျွန်တော့်အမက သွားကြည့်ပီး မသေပါဘူး.. ရှပ်ထိသွားတာ... ထတောင် ပျံသွားပီဟုဆိုသည်။ အမေကတော့ စိုးဝင်းကိုရော ကျွန်တော့်အကိုကိုပါ ဆူပူလိုက်သည်မှာ မနည်း။ အမေလုံး၀ မကြိုက်သည့် ကစားနည်းကို ဆော့တာချင်းတူတူ ကျွန်တော်က အဆူလွတ်သွားပီး အကိုကတော့ နားပူအောင်ကို အဆူခံလိုက်ရတော့သည်။

-----------------------------------------------------------------------

တကယ်တော့ အဲဒီနေ့က ကျွန်တော်ပစ်ခဲ့တဲ့ စာကလေးက မရှင်ခဲ့ပါဘူး။ အမက ကျွန်တော် စိတ်ပြေအောင် တမင်ပြောခဲ့တာပါ။ အဲဒီလိုမျိုး လေးခွကို ပထမဆုံးအကြိမ် စဆော့ပီး ငှက်ကို ပထမဆုံး အချက်နဲ့ကို ထိအောင်ပစ်ခဲ့တဲ့ ကျွန်တော်ဟာ နောက်ပိုင်း လူကြီးတွေ လစ်ပီဆိုတာနဲ့ လေးခွခိုးပစ်ပီး အကျွမ်းတဝင်ရှိလာတဲ့ အချိန်ကြတော့ ရှစ်တန်းနှစ်ထိ သုံးနှစ်လောက်နီးပါး ပစ်ခဲ့တာတောင် မှတ်မှတ်ရရ နှစ်ကောင်ပဲ ထပ်ထိပါတော့တယ်.. လက်မှန်ပုံများ စံတင်လောက် ပါတယ်လေ.. အဲဒီလက်မမှန်တာကတော့ ကိုးတန်း ဆယ်တန်းရောက်လို့ စက္ကူမျှားတွေ ပစ်တဲ့ထိပါပဲဗျာ..

Friday, January 22, 2010

ရန္ကုုန္ကလူ

“နင်ကလည်း.. အမြန်လျှောက်ပါဟ..”

ပြောရင်းက ကျွန်တော် ခြေလှမ်းကို ပိုသွက်ပစ်လိုက်သည်။ သစ်ရိပ်များကြားမှ ခပ်စူးစူးထိုးနေသော မွန်းတည့်နေရောင်၊ လွယ်ထားရသော လွယ်အိတ်လေးလေးကြီးတို့ကြားမှ ခပ်မြန်မြန် လျှောက်နေရသဖြင့် ပူလောင်အိုက်စပ်ကာ ချွေးတို့ ရွှဲနေပြီ ဖြစ်သော်လည်း စိတ်ဇောက ထိုအရာတွေကို သတိမရအားပါ။ အရေးကြီးတာက ကျောင်းကို အချိန်မီရောက်ဖို့ပင်။

”ငါ ဗိုက်အောင့်နေပီ.. အရမ်းအမြန်ကြီး မလျှောက်နိုင်တော့ဘူးကွ..” ကျွန်တော့်အကိုက ငြီးငြူသံတစ်ဝက်ဖြင့် ပြန်အော်၏။
”ကျွတ်”ခနဲ စိတ်ညစ်စွာဖြင့် သူ့ကို မျက်မှောင်ကုတ် ကြည့်လိုက်သော်လည်း ဘာမှတော့ ထပ်မပြောဖြစ်တော့။ တကယ်တော့ ခုလိုနောက်ကျရတာလည်း ကိုယ့်ကြောင့်ပင် မဟုတ်လား။ ဆယ်ငါးမိနစ်နီးနီးလောက် လမ်းလျှောက်ရသော ထ(၃) ကျောင်းနှင့် ကျွန်တော်တို့ အလယ်ကျွန်း အိမ်သည် ထမင်းစားချိန်ဘာညာ ထည့်တွက်လိုက်မည်ဆိုလျှင် မုန့်စားဆင်းချိန်တစ်နာရီသည် အစွန်းအထင်းမခံ ကွက်တိနီးပါး။ ဒီတော့ ကျွန်တော် ထမင်းစားပီး ဗိုက်နာကာ အိမ်သာထဲရောက်ခဲ့သည့်အဖြစ်က ခုလို ကျွန်တော်တို့နှစ်ယောက်ကို အပြေးအလွှား ဖြစ်နေစေခြင်းဖြစ်သည်။

ကျောင်းနားနီးလာသော်လည်း ခေါင်းလောင်းသံမကြားရသေးသဖြင့် ကျွန်တော့်စိတ် အနည်းငယ်ငြိမ်သွားသည်။ နာရီတွေ ဘာတွေလည်း ညီအစ်ကိုနှစ်ယောက်လုံး မပတ်ရတာမို့ အချိန်နောက်ကျနေပီဆိုတာ သိသော်လည်း ဘယ်လောက်ဖြစ်နေမှန်း မသိနိုင်ပါ။

”ကျောင်းမတက်သေးဘူး ထင်တယ်ကွ..” ကျွန်တော်ခပ်တိုးတိုးရေရွတ်သည်။ ဒါပေမဲ့ လမ်းမှာ ကျောင်းသားတစ်ယောက်မှ မတွေ့တာမို့ ကိုယ့်ဘာသာလဲမသေချာ။

”ငါပြောသားပဲ ဒီလောက် မနောက်ကျပါဘူးဆို..”

ဒါပေမဲ့ သူပြောတာမှားမှန်း ကျောင်းနားနီးလာတာနှင့် ကျွန်တော်တို့ သိလိုက်သည်။ ကျောင်းတံခါးမသည် ပိတ်လျှက်။ ဆရာ ဆရာမများအား နှုတ်ဆက်သံများသည် ဟိုအခန်း ဒီအခန်းတို့မှ လမ်းပေါ်လျှံကျလာနေသည်။

ထူထူပူပူဖြင့် ကျွန်တော် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ တကယ်တော့ မမှီတော့လို့ အိမ်ပြန်ခြင်းသည် ဘာမှမဖြစ်လှတာကို ခုနှစ်တန်းဦးနှောက်က မစဉ်းစားမိခြင်းလည်း ဖြစ်၏။

”ဟာ.. ဟိုမှာ ၀င်လို့ရတယ်ကွ..”

ကျွန်တော့်အကို အော်သံကြောင့် လှမ်းကြည့်လိုက်တော့ ကျောင်းမုန့်ဆိုင် အနောက်နားကပ်ရပ်တန်းကနေ အုတ်နံရံကို ကျော်ကာ ကျောင်းဝင်းထဲ ခုန်ချသွားသော ကျောင်းသားကြီး တစ်ယောက်ကို ရိပ်ခနဲ ကျွန်တော်မြင်လိုက်သည်။ တိုင်ပင်စရာမလိုပဲ ကျွန်တော်တို့ နှစ်ယောက်လို ထိုနေရာသို့ တန်းပြေး၏။ မုန့်ဆိုင်တန်းကို သိပ်မမှီလှပေမဲ့ တစ်ယောက်ကို တစ်ယောက်ပင့်ပေးလိုက်ရင်း တန်းကတစ်ဆင့် အုတ်နံရံပေါ်သို့ အလွယ်ပင် ရောက်သွားသည်။
အားပါး ခုန်ချရမှာ တော်တော်မြင့်သား။ ဒါပေမဲ့ မတတ်နိုင်.. လွယ်အိတ်ကို အရင်ပစ်ချပီး ကျွန်တော်ခုန်ချလိုက်သည်။ အောက်ရောက်တာနဲ့ ဖုတ်ဖက်ခါထကာ ကျွန်တော်တို့ နှစ်ယောက် ကျောင်းဆောင်ဘေးကနေ လှေကားဆီသို့ ပတ်ပြေး၏။

”ဟိတ်ကောင်တွေ”
လှေခါးတက်ခါနီးပဲရှိသေးသည်။ ဟိန်းထွက်လာသော အသံကြောင့် နှစ်ယောက်လုံး လန့်ကာ တုန်သွား၏။
လှည့်ကြည်လိုက်တော့ ကျောင်းအုပ်ကြီး။

”လာစမ်း.. မင်းတို့ အုတ်နံရံ ကျော်လာတာမဟုတ်လား..”
လေသံရော မျက်နှာပါမာထန်နေသည့် ဆရာကြီးကို ကြည့်ကာ နှစ်ယောက်လုံးအသံမထွက်တော့..

”ဟေ့ကောင်တွေ.. ပြောလေ..”
”တံ.. တံခါးပိတ်သွားလို့ပါ.. ဆရာကြီး..” ကျွန်တော့်အကိုက အထစ်ထစ်ငေါ့ငေါ့ ဖြေသည်။

ကြောက်တာရော.. မောတာရော ပေါင်းကာ ချွေးတွေပြန်နေပီး မျက်နှာငယ်လေးတွေနဲ့ ဖြစ်နေသော ကျွန်တော်တို့ နှစ်ယောက်ကိုကြည့်ပီး ဆရာကြီး နဲနဲတော့ မျက်နှာလျော့လာသည်။ ဒါပေမဲ့ လေသံကတော့ မာဆဲပင်။

”ဘာလို့ အချိန်မီမလာကြလဲကွ.. ပြောစမ်း မင်းတို့ဘယ်ကလာတာလဲ..”
”ရန်ကုန်ကပါ ဆရာကြီး..”

အကို့ ဖြေသံအဆုံးမှာ ဘာကွဆိုသော အသံကြီးနှင့် ကျွန်တော်တို့ နှစ်ယောက်လုံး တဖြောင်းဖြောင်းနှင့် နရင်းတစ်ချက်ဆီ အတီးခံလိုက်ရသည်။ တစ်ချက်ပေမဲ့ တော်တော်အီတဲ့ တစ်ချက်ပါ။

”နောက် အုတ်နံရံကို မင်းတို့ ကျော်ဦးမလား ပြောစမ်း.. ဟိုရှေ့က မြင်လိုက်ရတဲ့ ကောင်ကရော မင်းတို့အသိပဲလား..”
ဆရာကြီး အမေးကို နှစ်ယောက်လုံး ခေါင်းပဲခါရဲတော့သည်။ ဘာမှပြန်မပြောရဲ။

”ပြောစမ်း မင်းတို့ဘယ်အတန်းကလည်း” မေးပီးတော့မှ ရင်ပတ်က VII-C ဆိုတဲ့ တံဆိပ်ကို ကြည့်ပီး..
”တက်ကြ.. မင်းတို့ဆရာမဆီ ငါကိုယ်တိုင်လိုက်အပ်စမ်းမယ်...”

နှစ်ယောက်လုံး ရှေ့က ကုတ်ကုတ်ကုတ်ကုတ်နှင့် လက်ပိုက်ပီး တက်ခဲ့ကြသည်။ ပထ၀ီအချိန် ဖြစ်သောကြောင့် ပထ၀ီဆရာမပဲရှိသည်။ ဆရာမက အရမ်းအေးတဲ့ ဆရာမ။ ဟုတ်ကဲ့ ဆရာကြီး ဟုတ်ကဲ့ဆရာကြီး နှင့်သာ ဆရာကြီးပြောသမျှ ခေါင်းညိတ်လိုက်ပီး ဆရာကြီးထွက်သွားတော့

”သားတို့ကလည်းကွယ်.. ဘာလို့ အဲလိုကြီးကျော်ဝင်ရတာလည်း.. ဘေးလူတွေ မြင်တော့ရော.. ကောင်းပါ့မလား..”
ဆရာမက ဆုံးမစကားကို ခပ်အေးအေးသာ ဆို၏။ ဆူခြင်းဆဲခြင်း မရှိပါ။

အင်း..တော်ပါသေးရဲ့..

ညီအစ်ကိုနှစ်ယောက် ပူပီးနာနေသော ဂုတ်လေးတွေကိုယ်စီပွတ်ကာ ငြိမ်ပီးထိုင်နေကြတော့၏။

.......................................................................

မြိတ်မြို့.. အထက (၃) ရဲ့ ခုနှစ်တန်းကျောင်းသား ဘ၀တုန်းက ကြုံခဲ့ရတဲ့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ အဖြစ်လေးပေါ့ဗျာ.. ဆရာတွေဆရာမတွေ ဆုံးမလို့ ဘယ်တော့မှ စိတ်မဆိုးတဲ့ အမေတို့ကတော့ သားတို့က ကျော်ဝင်တာကိုးဆိုတဲ့ စကားကိုသာဆိုလို့.. နောက်နေ့ကစပီး ထမင်းဘူးယူဖို့ စီစဉ်ပေးပါရော..

ဒါလေးက အမှတ်တရဖြစ်သလို ရီစရာလည်း ကောင်းတယ်ဗျ.. ဘာလို့လဲဆိုတော့ အတန်းထဲမှာ နဲနဲအေးအေးဆေးဆေး ရှိတဲ့ ကျွန်တော်တို့ နှစ်ယောက်အဖြစ်ကို သိတော့ အတန်းပိုင်ဆရာမကလည်း သူ့တပည့်တွေကို အဲလောက်တောင် တီးရမလားဆိုပီး ဆရာကြီးကို ရှင်းပြသလိုလိုနဲ့ ရန်သွားလုပ်ပါရောဗျို့.. ဆရာကြီးကပြောတာတော့ ”ခင်ဗျားတပည့်တွေကဗျာ.. ကျုပ်က ဘယ်ကများလာရလို့ နောက်ကျတာလဲ ဆိုပီး လျော့ပေါ့စဉ်းစားပေးမလို့ မေးတာကို ဖြေပုံကကြည့်ဦး.. ရန်ကုန်ကတဲ့.. ကဲ.. ကျုပ်ဒေါသမထွက်ရင် ဘယ်သူထွက်မလဲ..” ဆိုပဲ.. ဟားဟား..


သုတ

Sunday, May 3, 2009

တူမနဲ့ အမွှာတူလေးနှစ်ယောက်



အဲဒီတုန်းက လေဆိပ်မှာ ဖုန်းကင်မရာလေးနဲ့ ရိုက်ခဲ့တာပါ.. သုံးယောက်လုံးက အဲဒီဖုန်းကို အကြီး အကျယ်ကလိချင်နေ ကြတာဆိုတော့ အိုက်တင်ကောင်းကောင်း လုပ်မှ ပေးကိုင်မယ်ဆိုပီး ရိုက်ခဲ့တဲ့ ပုံပေါ့.. ပီးတာနဲ့ ဘက်ထရီကုန်တဲ့အထိကို သုံးယောက်သား လုယက် ရန်ဖြစ်ပြီးကို ဆော့ကြတော့တာပါပဲ.. ကျွန်တော်လဲ ကိုယ့်စကားနဲ့ကိုယ် ငုတ်တုတ်ထိုင်ကြည့်ခဲ့ရတာပေါ့..

Friday, May 1, 2009

စိတ်

နာရီက နှိုးစက်သံနဲ့အတူ ဘေးမှာ အခန်းဖော် သူငယ်ချင်းတွေ လှုပ်လှုပ် လှုပ်လှုပ် (ကသုတ်ကရက်ပေါ့ဗျာ) ပြင်ဆင်နေကြတော့ နိုးနေလျှက်နှင့်ပင် မျက်လုံးကို မဖွင့်ပဲ သူဆက်မှိန်းနေသည်။ လုံးဝမထချင်ပါ။ ရုံးလည်း မသွားချင်ပါ။ စိတ်ရှိလက်ရှိ ဆက်အိပ်နေချင်စိတ်က တော်တော်ကြီးကို ပြင်းထန်နေ၏။


ဒါပေမဲ့လည်း နာရီဝက် လေးဆယ့်ငါးမိနစ်လောက်ထက် ပိုပီး အချိန်မဆွဲရဲ။ အချိန်တန်တော့လည်း ကုန်းရုံးထရတော့သည်။ ဒါတောင် ရုံးနဲ့အိမ်က ဘာမှစီးစရာ မလိုလောက်အောင် နီးနေတာမို့ ဒီလောက် အချိန်ရတာဖြစ်သည်။ သွားတိုက်နေရင်း မှန်ထဲမှပေါ်နေသော ပုံသည် လေးပင်သောစိတ်ကြောင့် ထိုင်းမှိုင်းနေ၏။ မနေ့ညနေလောက်က စပီး ထိုင်းမှိုင်းလေးလံလာတာပါ။


လေးပင်ဖင့်နွဲ့နေသောကြောင့်လားပင်မသိ၊ လက်မှနာရီသည် သာမာန်ထက် ပိုမြန်နေသလို သူထင်မိသည်။ ဘာမှမလုပ်ရသေးပဲကို အိမ်ကထွက်ချိန်က ရောက်လာသည်။ တံခါးသော့ခတ်ချိန်မှာ “သွားပီဗျို့”လို့ အော်ဟစ်နှုတ်ဆက်ပီး ရုံးသွားခဲ့တဲ့ မြန်မာပြည်က အချိန်ကို လွမ်းမိ၏။ ခုတော့ တံခါးချပ်သည် အေးစက်စက် ရှုတည်တည်ပင်။


လက်ထဲမှာ ထမင်းချိုင့်လည်း ဆွဲစရာမလိုပါ။ အမိုးတွေအောက်က သွားရသည်မို့ ထိန်တောက်နေသည့် နေကလည်း အနှောင့်အယှက်ကြီးမဖြစ်။ ဒါပေမဲ့ ပေါ့ပေါ့ပါးပါး ဖြစ်မနေသလို တက်တက်ကြွကြွလည်း မရှိ။ ခုရုံးသွားမည်။ အလုပ်လုပ်မည်။ ပြန်လာမည်။ နောက်နေ့ပြန်သွားမည်။ ဘဝက ဒါပဲလား။ ရုံးပိတ်ရက်တွေ လမ်းမရှိလမ်းရှာထွက်။ ပျော်လားမပျော်လားလည်း မသေချာ။ ပိုက်ဆံတွေကုန်။ အကုန်မခံနိုင်တဲ့အချိန် အခန်းထဲမှာနေတော့လည်း လူက ကျဥ်းကျပ်ကျပ် ယောင်တောင်တောင်။  သူတော်တော်ကို ရှည်ရှည်လျောက်တွေးနေမိသည်။ စိတ်ပျက်နေမိသည်။ မိသားစုကိုလွမ်းသည်။ မြန်မာပြည်ကိုလွမ်းသည်။


ဟိုမှာ ဒီထက်မက ပင်ပင်ပန်းပန်းလုပ်ရသော်လည်း ပင်ပန်းတယ်လို့မထင်မိပါ။ ဆူညံနေသည့် မိသားစုသည်လည်း ခုတိတ်ဆိတ်နေသော ပျင်းခြောက်ခြောက် ပတ်ဝန်းကျင်ထက် သာသလိုပင်။ နာရီအချိန်တို့သည် ခုလိုမမြန်လှဟုထင်သည်။


အတွေးတွေနဲ့ ရုံးခန်းထဲလှမ်းဝင်လိုက်သည်။ နှုတ်ဆက်သူ လုပ်ဖော်ကိုင်ဖက်များကို ပြန်နှုတ်ဆက်ရင်း ကွန်ပျူတာရှေ့မှာထိုင်သည်။ နေ့စဉ်ဖြည့်ရသည့် report မှာရက်စွဲတပ်သည်။ သြော်.. ဒီနေ့တနင်္လာနေ.ပဲ။


တနင်္လာ နေ့တိုင်း အလုပ်သွားလျှင် သူအိမ်ကိုပိုလွမ်းတတ်သည်။ အတွေးတို့သည် ဘဝနှင့်ချီပီးကို အကြီးအကျယ်ကို လျောက်တွေးပစ်တတ်သည်။ ဘာကြောင့်ရယ်မသိ။


နောက်ပိုင်းရက်များသည်မူ သူလိုငါလိုနေ့များကဲ့သို့ပင် ဘဝအကြောင်း ခေါင်းထဲပင်မရောက်ပါလေ။

Wednesday, March 4, 2009

ဖယောင်းတိုင်



မိသားစုထံအလည်ပြန်ရန်ဆိုပီး ခွင့်စာမှာရေးလို့ HR မှာ သွားတင်လိုက်တဲ့အချိန်ကစပီး ကျွန်တော့်ရဲ့ ကိုယ့်ရှုးကိုယ်ပတ်မှု စခဲ့ပါတယ်.. ကျွန်တော့်ရဲ့ ဌာနကရော.. တခြားဌာနတွေက ခင်ရာမင်ရာလူတွေကပါ မြန်မာနိုင်ငံ လိုက်လည်ကြမယ်လို့ ဆုံးဖြတ်ကြလို့ပါပဲ.. ပထမ နောက်နေတယ်ထင်ပေမဲ့ လေယာဉ်လက်မှတ်တွေ ဖုံးဆက်စုံစမ်းကြ.. ခွင့်ရက်ကျန်တွေ စစ်ကြနဲ့ အလုပ်ရှုပ်လာတဲ့ သူတို့ကို ကြည့်ပီး မျက်လုံးပြူးလာရပါရော..


အလုပ်စ၀င်ခါစက ကျွန်တော့်ကို မြန်မာဆိုတာ ဘယ်လိုမျိုးလဲဆိုတဲ့ လုံးလုံးမသိတဲ့လူတွေကမေးတဲ့ မေးခွန်းတွေကစလို့.. မြို့ထဲမှာ စစ်ကားတွေ တင့်ကားတွေ တဂျိမ်းဂျိမ်းနဲ့သွားနေပီး လူတွေက ကြောက်ကြောက်လန့်လန့် ခပ်ကုတ်ကုတ်လေး သွားနေရတဲ့ နိုင်ငံကြီးလားဆိုတဲ့ ကြားဖူးနား၀အမေးတွေအလယ်.. နိုင်ငံခြားသားတွေသွားရင် အရမ်းစစ်ပီး ဖမ်းတာလားဆိုတဲ့ မေးခွန်းမျိုးတွေအဆုံး... ဒါတွေကို မခံချင်စိတ်နဲ့ ဓါတ်ပုံတွေခေါ်ပြ.. ဘယ်လောက်လှတယ်ဆိုတာတွေ.. ကျယ်ပြန့်ပီး သွားစရာတွေ အများကြီးဆိုတာတွေ ပိုပိုသာသာပြောလို့ နိုင်ငံကို မားကတ်တင်း ဆင်းပစ်လိုက်တာ.. တော်တော်လေး စိတ်၀င်စားလာကြပါလေရော.. ဒီကြားထဲ ကုမ္ဗဏီကို ပုံမှန်ပစ္စည်းသွင်းတဲ့ လူတစ်ယောက်က မြန်မာပြည်သွားလည်ပီး ပြန်လာတယ်ကြားတော့ အဲဒီလူကို ဝိုင်းမေးကြ.. ကံကောင်းချင်တော့ အဲဒီလူကလည်း အပီအပြင်ကို ချီးမွမ်းသွားတဲ့အပြင် ဈေးချိုချိုသာသာနဲ့ တကယ်အတွေ့အကြုံရပီး သဘာ၀တရားတွေနဲ့ အရမ်းလှတဲ့နိုင်ငံကို သွားလည်မယ်စိတ်ကူးရင်တော့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာအကောင်းဆုံး နိုင်ငံပဲလိုလဲဆိုရော.. ဟီးဟီး.. ကျွန်တော်လည်း နားရွက်နဲ့ပါးစပ်ချိတ်လို့ သူတို့လည်း ပိုးတွေအတောမသတ်နိုင်အောင် တိုးလာပါလေရော..


တကယ်တော့ မခေါ်ချင်တာ မဟုတ်ပါဘူး.. ဒါပေမဲ့ ကိုယ်ပြန်ရတဲ့ နှစ်ပတ်လေးအတွင်းမှာ မိသားစုတွေ.. အပေါင်းအသင်းတွေနဲ့ပဲ ကုန်ဆုံးချင်စိတ်ကြောင့်ပါ.. ပီးတော့ ဘာပဲပြောပြော ကိုယ်ကအိမ်ရှင်ဆိုတော့ ကျွေးရမွေးရ ဟိုပိုဒီပို့ဆိုရင်.. ဘတ်ဂျတ်ကလည်း နည်းမှာမဟုတ်ဘူးလေဗျာ.. အခွန်ဆောင်.. လေယာဉ်လက်မှတ်.. လက်ဆောင်ပစ္စည်း ဟိုဟိုဒီဒီနဲ့ ခေါင်းကိုက်နေရ.. ချီးငှားနေရတဲ့အထဲ အဲဒါတွေကိုတော့ ထပ်အပိုမကုန်ခံချင်တာအမှန်ပါ.. အဲဒီတော့ ခွင့်ယူမဲ့ရက်ကို နဲနဲအနာခံပီး ကြားရက်က စယူပီး တရုတ်နှစ်ကူးကို ခွရွှေ့လိုက်တယ်.. နှစ်ကူးရင် အမျိုးတွေဆုံနေကြမို့ ဘယ်မှသွားလို့မရတဲ့ တရုတ်မသုံယောက်လောက် ရှုံ့မဲ့မဲ့နဲ့ ပြုတ်သွားတယ်.. နောက်တစ်ယောက်ကတော့ ကျွန်တော်နဲ့ရာထူးတူမို့ တစ်ယောက်တော့ ရှိနေရမယ်ဆိုတော့ ခွင့်ယူလို့ မရတော့ဘူး.. ကျွန်တော့် အထက်က Art Director နဲ့ MD ကတော့ လာလည်ကြမယ်.. ဒါပေမဲ့ သူတို့က Tour အစီအစဉ်နဲ့ပဲ သွားမယ်ဆိုတော့မှပဲ ပင့်သက်ချနိုင်ပါတော့တယ်..


မြန်မာပြည်ရောက်ပီး တစ်ပတ်လောက်မှာပဲ MD ကြီး ရောက်လာပါတယ်.. အလုပ်ပေါ်လာလို့ Art Director ကတော့ မလာဖြစ်တော့ပါဘူး.. ရောက်ပီး နောက်တစ်နေ့ပဲ ဇော်ဂျီ (FMI Centre ဘေးမှ အနီရောင် လမ်းဘေးဆိုင်) မှာ သွားတွေ့လိုက်တယ်.. တစ်ယောက်ထဲဆိုတော့ ကျွန်တော်လည်း သေချာဧည့်ခံနိုင်တာပေါ့.. ပီးတော့ Tour နဲ့လာတာမို့ ဘယ်မှပိုစရာမလိုတာလဲ သေချာလေတော့ ဘယ်သွားမလဲ ဘာညာနဲ့ လောကွတ်လေး နဲနဲလုပ်လိုက်သေးတယ်.. ဟဲဟဲ.. ဇော်ဂျီမှာ ထိုင်စားနေတုန်း ဘေးကPost Card လာရောင်းတဲ့ ကောင်လေးတစ်ယောက်ဆီက သူအမှတ်တရ တစ်ခု၀ယ်လိုက်သေး.. ဈေးကြီးတယ်ဗျ.. (၂) ဒေါ်လာတောင် တောင်းတယ်..


နောက်တော့ သူလည်း ခရီးဆက်.. ပြန်မဲ့ရက်တော့ ဖုန်းနဲ့ ကျွန်တော့်ကို လှမ်းနှုတ်ပါတယ်.. ကျွန်တော်လည်း ခွင့်ရက်စေ့တော့ ပြန်လာပြီး ရုံးတက်တဲ့နေ့မှာပဲ မြန်မာမားကတ်တင်းဟာ ကျွန်တော်မဟုတ်ပဲ MD ကြီး ဖြစ်သွားပီဆိုတာ သိလိုက်တယ်.. သူရိုက်လာတဲ့ ဓါတ်ပုံတွေပြပီး သေသေချာချာကို ကြွားထားတာပဲဗျ.. MD ကလည်း ပြင်သစ်ဆိုတော့ စလုံးတွေအတွက် ကျွန်တော်က ကိုယ့်နိုင်ငံ ကိုယ့်ဘာသာပြောတာထက်တောင် ထိရောက်ပါတယ်..


သူအရမ်းကြိုက်သွားတာလည်း မပြောနဲ့လေဗျာ.. Tour Company ကစီစဉ်ပေးတာလည်း ကြည့်ဦး.. ရန်ကုန်.. ပုဂံ.. ပီးတော့ တောင်ကြီးနဲ့ အင်းလေး.. ပီးတော့ ငပလီ.. မန္တလေး၀င်ပီး ရန်ကုန်ပြန်လာ.. မမိုက်ပေဘူးလား.. ကိုယ်တောင် ကိုယ့်နိုင်ငံအဲဒီလို မသွားဘူးသေးဘူး..


ခုတော့လည်း ကျွန်တော်တို့ကုမ္ဗဏီမှာပဲ မြန်မာနိုင်ငံ သွားလည်မယ်ဆိုတဲ့ လူတွေ တော်တော်များနေပါပြီ..


အင်း.. ကျွန်တော်ကြားဖူးတာတော့ လူတိုင်းဟာ နေမင်းလမင်းကြီးလို မထွန်းတောက်နိုင်ရင်တောင် ဖယောင်းတိုင်လောက်တော့ ကိုယ့်ပတ်၀န်းကျင်ကို လင်းအောင် ကြိုးစားသင့်တယ်တဲ့.. အဲဒီတော့ မြန်မာနိုင်ငံအတွက် အလင်းခပ်ဖျော့ဖျော့ ဖယောင်းတိုင်တစ်တိုင်တော့ ဖြစ်ခဲ့ပီလို့ ကျွန်တော့ဘာသာတော့ ယူဆတာပါပဲ.. အနည်းဆုံးတော့ ကျွန်တော့ဖယောင်းတိုင်ဟာ post card ရောင်းတဲ့ ကောင်လေးကို နှစ်ဒေါ်လာဖိုးလောက် အလင်းရောင်ပေးနိုင်ခဲ့တာတော့ မျက်မြင်မို့ ကျေနပ်ပီတိဖြစ်ရပါတယ်ဗျာ..


ကျေးဇူးတင်ပါတယ်..


သုတ