Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Saturday, August 24, 2013

ရွှေ (၄)

ရထားတံခါးပွင့်သည်နှင့် ထွက်လာကြသူတွေကိုပင် မစောင့်ပဲ အတင်းတိုးဝင်သွားသည့် အပြုအမူက သူ့ကို ကျွန်တော် သတိထားမိသွားစေတာ ဖြစ်လေသည်။ ငြိုငြင်စွာ သတိထားမိသည် ဆိုရင်ဖြင့် ပို၍မှန်ပါလိမ့်မည်။ သူ့ရဲ့ တိုးဝှေ့ဝင်သွားပုံက အတင်းကာရော ရမ်းရမ်းကားကား နိုင်လှသည် မဟုတ်လား။ အထဲရောက်တော့လဲ ကြည့်ဦး။ Reserved Seat ဆိုတဲ့ လူကြီးတွေ၊ မသန်စွမ်းသူတွေအတွက် ဦးစားပေးအဖြစ် ထားသော ထိုင်ခုံမှာ အခန့်သား ၀င်ထိုင်လေသည်။ ရထားက မကြပ်လှသော်လည်း အချောင်ကြီး မဟုတ်တာကြောင့် နေရာရွေးခွင့် များများစားစား မရပဲ ကျွန်တော်သူ့မျက်စောင်းထိုး ကျကျလောက်မှာ ရပ်ရသည်။  ခြေပစ်လက်ပစ် ပရမ်းပတာ ထိုင်နေပုံကြောင့် လူတွေက သူ့ရှေ့နားမှာ သိပ်မရပ်ပဲ ခပ်ခွာခွာ ခပ်ကြဲကြဲသာ ရပ်ကြသည်။ ဘေးနားမှာ ကပ်ထိုင်တဲ့ မိန်းကလေးကလဲ ကိုယ်ကို တဖက်ကျုံ့လို့ နှာခေါင်းမှာ လက်ကိုင်ပ၀ါလေး မသိမသာ ပိတ်သည်။ မနှစ်မြို့ကြောင်းကိုတော့ သူ့အနား ခရီးသည် တော်တော်များများက အမူအယာတို့၊ အကြည့်တို့ဖြင့် ဟန်ဆောင် ဖုန်းကွယ်မနေပဲ သိသိသာသာ ပြကြလေသည်။

သိပ်မနီးလှတာတောင် ဘီယာအနံ့ ခပ်စူးစူးက အလုံပိတ် ရထားထဲက အဲယားကွန်းထဲမှာ တခြားရေမွှေးနံ့တွေနဲ့ အပြိုင် လုံးထွေးကာ ကျွန်တော့်နေရာအထိ ရောက်သည်။ တော်တော်လေး ကောင်းလာပုံ ရပါသည်။ မှန်နံရံကို မှီပြီး မျက်စိတင်းတင်း ပိတ်ထားကာ ပါးစပ်မှလဲ တအင်းအင်း ညည်းသံက တစ်ခါ တစ်ခါ ထွက်ထွက်လာ သေးသည်။ ကျွန်တော်ကိုယ်တိုင်လဲ သောက်တတ် စားတတ် သမားမို့ သူ့အနေအထားကို အကဲခတ်မိသည်။ အန်များ အန်လေမလား ကျွန်တော်စိုးရိမ်သွား၏။ ဒီလောက်မူးနေလျှင် အန်တတ်သည် မဟုတ်လား။

“ဒီလူကွာ... ဒီလောက်မူးနေရင်လဲ အပြင်မှာ သက်သာအောင် နေပြီးမှ ရထားစီးတာမဟုတ်ဘူး...”  ကျွန်တော်ငြိုငြင်စိတ်ဖြင့် တွေးသည်။ သူ့ရဲ့ ပရမ်းပတာဆန်သော အပြုမူ၊ အနေအထိုင်တွေက ကျွန်တော့်ကို စိတ်မသက်မသာ ဖြစ်နေစေတာက တခြားကြောင့် မဟုတ်ပါ။ သူသည် ကျွန်တော့်လို မြန်မာတစ်ယောက် ဖြစ်သောကြောင့် ဖြစ်သည်။ မြန်မာတစ်ယောက်က နိုင်ငံခြားသားတွေ အလယ်မှာ ခုလို သူများနှာခေါင်းရှုံ့၊ အနှောင့်အယှက် ဖြစ်လောက်တဲ့ အပြုအမူတွေ ပြုနေတာကို ကျွန်တော် မြန်မာတစ်ယောက်အနေနဲ့ ဘယ်လိုများ စိတ်သက်သာနိုင်မှာတဲ့လဲ။

ရုတ်တရက် သူကိုယ်ကို မတ်မတ်ထိုင်လိုက်ကာ ခါးကိုင်းလိုက်သည်။ ခေါင်းငုံ့လျှက် ပါးစပ်ကို တင်းတင်းစေ့ကာ လက်သီးနှစ်ဖက် ကျစ်အောင် ဆုပ်လိုက်ပုံက ဒီလူ အရမ်းအန်ချင်လာနေပြီဆိုတာ ကျွန်တော်သိလိုက်သည်။ အန်ဖို့ ဆင်းပြေးမယ်ဆိုရင်တောင် နောက်ဘူတာရောက်ဖို့က အနဲဆုံး နှစ်မိနစ်လောက်တော့ စောင့်ရဦးမည်။
“မအန်လိုက်ပါနဲ့... ဒီထက်ပိုပြီး ရုပ်ပျက်ဆင်းပျက် မဖြစ်စမ်းပါနဲ့တော့...” 
သူကိုကြည့်ပြီး ကျွန်တော်ကိုယ်တိုင်ပါ ဘာမှမဆိုင်ပါပဲ စိုးရိမ်တစ်ကြီး ဖြစ်နေမိသည်။ သူ ကိုယ်တိုင်လဲ ရထားပေါ် အန်ရမှာကိုတော့ တော်တော်ကြီး မလိုလားမှန်း သိသာပါသည်။ နှဖူးမှာ ချွေးသီးကြီးတွေ စို့လာကာ အသက်ကို မှန်မှန်ရှုရင်း အာရုံပြောင်းဖို့ ကြိုးစားနေပုံ ရသည်။

ဒါပေမဲ့... မရပါ။

ဒီအဖြစ်ဖြစ်မှာကို မှန်းဆပြီး စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့မိတာကြောင့် အားလုံးကို ကျွန်တော့်မျက်စိ ရှေ့မှာတင် သေချာကြီး မြင်လိုက်ရလေသည်။ သူအတင်းမျိုချဖို့ ကြိုးစားတာ၊ ပါးစပ်ကို လက်နဲ့ ပိတ်လိုက်တာ၊ အဲလို အတင်းထိန်းချုပ် ပိတ်ဆို့ထားတာကြောင့် ထွက်လာတဲ့ အရည်တွေက ပုံမှန် အန်သလိုတောင် မဖြစ်ပဲ ဆိုးဝါးစွာ ပန်းထွက်ကုန်တာ၊ ဘေးကလူတွေ ၀ရုန်းသုန်းကား ရှောင်ကြ၊ ရှားကြ ထပြေးကုန်ကြတာ။
“ကျွတ်...” ကျွန်တော် သဲ့သဲ့ရေရွတ်ရင်း မျက်စိမှိတ်ကာ မျက်နှာလွှဲလိုက်သည်။
သွားပြီပေါ့။ သူများတွေ သိချင်မှသိကြမှာပေမဲ့ ဒါမြန်မာတစ်ယောက်။
“တောက်.. ဒီလိုမျိုးတွေ လုပ်နေမှတော့ တို့မြန်မာတွေကို ဘယ်သူ အကောင်းမြင် အထင်ကြီးမတဲ့လဲ..” ကိုယ်တွင်းမှ တက်လာသော ဒေါသနှင့် ရှက်စိတ် ပေါင်းသည့် အပူနှင့်အတူ ကျွန်တော်တွေးမိသည်။ ဘေးမှာလဲ တော်တော် ၀ရုန်းသုန်းကား ပွစိပွစိတွေ ဖြစ်ကုန်ကြပါသည်။ သူ့ဘေးနား ပတ်ဝန်းကျင်မှာတော့ ထိုင်သမားလဲ မရှိ၊ ရပ်သမားလဲ မရှိနှင့် တော်တော်ရှင်းလင်းသွားလေသည်။ အန်ဖတ်တွေကလဲ ပွစိတက်လို့။ အန်လိုက်တာကြောင့်ရော၊ ဖြစ်သွားသည့် အခြေအနေကြောင့်ပါ သူလဲ တော်တော်လန့်ပြီး အမူးပြေသွားပုံရသည်။ အန်ဖတ်တွေကို လက်နဲ့ သုတ်နေသည်။

အဲဒီအချိန်မှာ....
တရုတ်မလေးတစ်ယောက်က ရှုံ့မဲ့မဲ့နဲ့ အနားကပ်ကာ သူ့ကို တစ်ရှုးတစ်ထုပ် လှမ်းပေးလေသည်။ လက်တွေရော ဘေးတွေမှာပါ ပေပွကာ အခက်တွေ့နေသည့် သူ့အတွက် တစ်ရှုးထုပ်က တော်တော် အသုံးဝင်ပါသည်။ တစ်ထုပ်လုံး ခဏလေးနှင့် ကုန်သွားတော့ ဘေးက နှစ်ယောက်သုံးယောက်ကပါ သူတို့ တစ်ရှုးထုပ်တွေကို လှမ်းပေးကြ၏။

သူတို့ရဲ့ အဲဒီအပြုအမူတွေကပဲ ကိုယ့်ဘာသာ သတိထားမိသွားရင်းက ကျွန်တော့်ကို တွေးပြီး အရှက်ရစေခဲ့တာ ဖြစ်ပါသည်။

ရထားပေါ် စတတ်ခတဲက သူ့ရဲ့ မသင့်လျော်သော အပြုမူကို ကျွန်တော် တောက်လျောက် အပြစ်မြင်ခဲ့သည်။ တို့မြန်မာတွေကို လူအထင်သေးအောင် လုပ်လေခြင်းလို့ ဒေါသသင့်ခဲ့လေသည်။ တကယ်ဆိုးဆိုးဝါးဝါး ဖြစ်လာတော့ရော။ ဒီလိုလူတွေကြောင့် ဒို့သိက္ခာ ကျတာပေါ့ ဆိုသော ဒေါမာန်အတွေးနှင့် မျက်နှာလွှဲခဲ့သည်။ ပေလယျကန် ပြုခဲ့သည်။ ကျွန်တော့်မှာ တစ်ရှုးမပါပါ။ ဒါပေမဲ့ ပါလဲ ဒီလိုပရမ်းပတာ သိက္ခာမဲ့အပြုအမူ ပြုသူ (လို့ကျွန်တော့်ဘာသာ သတ်မှတ်သူ) ကို ကူညီဖို့တွေးမိမည် မဟုတ်ပါ။ သူ့ထိုက်နှင့် သူ့ကံ ခံပစေဟုသာ တွေးမိပါလိမ့်မည်။ ဖြစ်နိုင်လျှင် ရိုက်နှက်ပြီးတောင် ဆုံးမချင်သေးသည် မဟုတ်လား။

ဒါပေမဲ့ ခုမိန်းခလေး လုပ်သွားသလို မနှစ်သက်တာက သက်သက်၊ အကူအညီလိုသူကို အကူအညီပေးတဲ့ လုပ်ရပ်ကို လုပ်တာက သက်သက်လို့ ကျွန်တော် မခွဲခြားနိုင်ခဲ့ပါ။ အကူအညီလိုအပ် နေသူတစ်ယောက်ကို ဘယ်လိုကူညီပေးရမလဲ ဆိုတာမျိုး ရိုးရှင်းစွာ မတွေးပဲ အမျိုးဂုဏ်တွေ၊ ဇာတိပုညမာနတွေနဲ့ အတွေးရှည်ကာ မျက်နှာလွှဲ၊ ဝေးဝေးနေ ရှောင်ပြေးခဲ့သည်။ အမှန်တကယ် မြန်မာဆိုတဲ့ အမျိုးသားရေးနဲ့ပဲ စဉ်းစားပါဦး၊ ရထားပေါ်မှာ မြန်မာတစ်ယောက် အခက်တွေ့ချိန်မှာ ပထမဆုံး အကူအညီပေးဖို့ ကြိုးစားသင့်သူဟာ ကျွန်တော်မြန်မာ မဖြစ်သင့်ဘူးလား။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မြန်မာဆိုတဲ့ အတွေးက မသန့်စင်ပဲ အရောင်တွေ စွန်းနေခဲ့သည်။

သူ့ရဲ့ မကြိုက် မနှစ်သက်စရာ အပြုအမူတွေကို ရှုတ်ချပြစ်တင်ခဲ့တာကို ကျွန်တော် နောင်တမရပါ။ အပြစ်တင်စရာ လုပ်ရပ်တစ်ခုအတွက် ကျွန်တော်အပြစ်တင်ပါမည်။ ဒါပေမဲ့ အကူအညီ ပေးစရာကိစ္စ ကိုကျတော့ အကူညီ ပေးဖို့ ကျွန်တော်ပျက်ကွက်ခဲ့သည်။  နှိုင်းယှဉ်ကြည့်လျှင်တောင် အရက်မူးပြီး ပရမ်းပတာ ပြုမူသည့် မြန်မာတစ်ယောက်နှင့် လူတစ်ယောက် (ကိုယ့်နိုင်ငံသား တစ်ယောက်) အကူအညီလိုနေတာကို တွေ့ရက် ရှက်ပါသည်ဆိုကာ မျက်နှာလွှဲ လက်ပိုက်နေခဲ့သည့် မြန်မာတစ်ယောက် ဘာများ ကွာသတဲ့လဲ။ အမှန်ပြောရလျှင် သောက်မိ မူးမိသောကြောင့် ထိန်းချုပ်ဖို့ မစွမ်းနိုင်ကာ အန်ထွက်ရသည့် သူကမှ၊ လုပ်နိုင်စွမ်းလဲ ရှိပါရက် ကူညီဖို့ အတွေးတောင် မထွက်ပဲ ပြစ်တင်ရှုံ့ချရုံ လုပ်နေသည့် ကျွန်တော့်ထက် သာလှပါသေးသည်။

တကယ်လို့ ဒါသာ ကျင့်ဝတ်စစ်ဆေးမှုဆိုရင်တော့ ကျွန်တော်နှင့် သူ ရွှေနှစ်ယောက်လုံး ရွှေသိက္ခာချ ရှုံးနိမ့်ခဲ့ကြပါလေသည်။

......................................................................

ခုလိုအင်တာနက် ခေတ်ရဲ့ FB လို နေရာမျိုးမှာ လူအများရဲ့ အမြင်တွေကို ဖတ်ရတော့ ကိစ္စတော်တော်များများမှာ အဲလိုပုံစံတူတွေ တော်တော့်ကို ကျယ်ကျယ်ပြန့်ပြန့် တွေ့ရပါတယ်... ကျွန်တော်တို့ တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ကူညီဖို့တော့ ၀န်မလေးတတ်ကြပါဘူး... ဒါပေမဲ့ မနှစ်မြို့စရာ တစ်ခုခု မြင်ပြီဆိုတာနဲ့ အဲဒီကျူးလွန်သူကို အပြစ်တင်ရုံတင်ပြီး မျက်နှာလွှဲ ရှောင်ပြေးတတ်ကြတာများတယ်... အပြစ်တင်တာလဲ အရမ်းမြန်တယ်.. အားတက်သရော ရှိတယ်... ပြီးရင် အဲဒါနဲ့ ပက်သက်ပြီး အကူအညီပေးဖို့ ဝေးစွ၊ အဲဒီ မကြိုက်တဲ့ အဖြစ်ကို ပေလယျကန်ထားပြီး မပက်သက်မိအောင် နေတယ်... အဲဒီအလေ့အကျင့်က လက်ညှိုးထိုး အပြစ်တင်တာတွေပဲ ပြည့်နေပြီး လက်တွေ့ အလုပ်မဖြစ်တဲ့ လူ့အဖွဲ့အစည်းကိုများ ဖြစ်လာစေလေသလားလို့ တွေးမိပါတယ်...

သုတ

Friday, April 5, 2013

ဘာသာ၊ သာသနာ၏ ဂုဏ်ကျက်သရေ....

ခုတလော ခေတ်စားနေသော၊ ဖတ်မလွဲသတင်း ဖြစ်နေသော ဘာသာရေးပဋိပက္ခများကြောင့် ဒီစာစုကို တွေးမိတွေးရာ ရေးပါသည်။

မိမိကိုးကွယ်သော ဘာသာ၊ သာသနာ ပြန့်ပွားစေချင်စိတ်၊ မပျောက်ပျက်ရလေအောင် ထိန်းသိမ်းလိုစိတ်သည် ဘာသာတစ်ခုခုကို သက်ဝင်ယုံကြည်သော လူတိုင်းတွင် ရှိကြသော ဆန္ဒဖြစ်သည်။ ဘာသာအပေါ် သက်ဝင်ယုံကြည်မှု မြင့်လေ ထိုစိတ်ပြင်းထန်လေ ဖြစ်မည်။ ရှိသင့်ရှိထိုက်သော ကောင်းမွန်သည့် စိတ်ထားဖြစ်သည်ကိုတော့ ငြင်းချက်ထုတ်ရန် မလိုပါ။  သို့သော် ထိုစိတ်ကို လွဲမှားစွာအသုံးချပြီး ဖြစ်ပွားခဲ့ရသော ဘာသာရေး စစ်ပွဲ များစွာတို့သည် သမိုင်းတလျောက် အရုပ်ဆိုး အကျည်းတန်စွာ မှတ်တမ်းဝင်ခဲ့ကြ၏။ မေတ္တာတရားကို ရှေးရှုကာ၊ လူသားတို့အား မှန်သောလမ်းကို ညွှန်ပြရန် ပေါ်ထွန်းလာခဲ့ကြသည့် ဘာသာရေးကို ကာကွယ်ဖို့၊ ပြန့်ပွားဖို့ ဆိုသော အကြောင်းပြချက်ဖြင့် လူတို့သည် အယူမတူသူခြင်း မုန်းတီးစွာ သတ်ဖြတ်တိုက်ခိုက်ကြသည်။ တွေးကြည့်လျှင် အတော့်ကို ကမောက်ကမနိုင်သော ကိစ္စဖြစ်သည်။

လက်လှမ်းမီသလောက် လေ့လာကြည့်သောအခါ ဘာသာတစ်ခုပြန့်ပွားအောင် အဓိက အချက်(၄)ချက် ပြုကြသည်။
  1. မိရိုးဖလာ လက်ဆင့်ကမ်းခြင်း (ယခုခေတ်တွင် အားအကောင်းဆုံးဖြစ်ပြီး ဘာသာတိုင်း၏ အဓိက အင်အားစုသည် ထိုမိရိုးဖလာ အစုဖြစ်သည်)
  2. ငယ်ရွယ်သူများအား ထောက်ပံ့လမ်းကျောင်းပြီး ဘာသာအတွင်း သိမ်းသွင်းယူခြင်း (မိဘမဲ့ဂေဟာများ၊ လူငယ်စောင့်ရှောက်ရေး ဂေဟာများ စသဖြင့်..)
  3. ဘာသာ၊ သာသနာ အခိုင်အမာ၊ အတည်တကျ မရှိသေးသော ဒေသများသို့ သွားရောက် သာသနာပြု သိမ်းသွင်းခြင်း နှင့်
  4. အခြားဘာသာဝင်များကို ဟောပြော သာသနာပြုခြင်း
(ဘာသာခြားအချင်းချင်း အိမ်ထောင်ပြုပြီး ဘာသာကူးပြောင်းခြင်းတွေ ရှိသော်လဲ တစ်ယောက်ခြင်းစီရဲ့ အခြေအနေ၊ ခံယူချက်တွေအပေါ်သာ မူတည်သည်ဟု ယူဆသောကြောင့် ထည့်သွင်းခြင်းမပြုပဲ ချန်လှပ်ခဲ့ပါသည်။)

(၁) နှင့် (၂) သည်လွယ်ကူစွာ စီးဆင်းနေသော ဘာသာရေး စီးကြောင်းဖြစ်ပြီး (၃) နှင့် (၄) ကတော့ ဘာသာဝင် (အထူးသဖြင့်) သံဃာတော်များ၊ ဘာသာရေးဆရာများက အထူးတလည် သာသနာပြု လုံလစိုက်ထုတ်ရသော လမ်းကြောင်းဖြစ်သည်။ ဟောပြောဆွေးနွေးခြင်းများ၊ အပြန်အလှန် အမေးအဖြေများနှင့် အတော့်ကို ခက်ခဲပင်ပန်းသော လမ်းကြောင်းဖြစ်သည်။ မိမိယုံကြည်ရာကို ဇွတ်မှိတ်ဖက်တွယ်လေ့ရှိကာ ပုံမှန်အားဖြင့် အပြောင်းအလဲကို ကြောက်သော လူ့အကျင့်စရိုက်ကလဲ ဘာသာတစ်ခုကို ပြောင်းလဲလက်ခံဖို့ သဘာဝအရကိုပင် အလွန်ခက်ခဲပါလိမ့်မည်။

ပြန့်ပွားခြင်းအပြင် ဘာသာကို ထိန်းသိမ်းဖို့အတွက်လဲ လူတို့သည် ကြိုးပမ်းကြ၏။ အာဏာသုံး အတင်းအကြပ် ကိုးကွယ်စေသောနည်းတွေ၊ တခြားဘာသာအယူဝါဒတွေကို အ၀င်မခံပဲ ကိုးကွယ်သူတွေကို ဘာသာတစ်ခုထဲရဲ့ အဆုံးအမကို မျက်စိပိတ်နားပိတ် သွပ်သွင်းယူသော နည်းတွေ၊ ဘာသာရေးကို အာဏာတရပ်လို အသုံချပြီး ဆုပေးဒဏ်ပေးနိုင်တဲ့ ဥပဒေသတွေ ထုတ်ပြန်ကာ ကြပ်မတ်အုပ်ချုပ်သော နည်းတွေလို စည်းကြပ်၊ ချုပ်ချယ်သော နည်းလမ်းများမှ စကာ ဘာသာရဲ့ပုံရိပ်ကို ကောင်းမွန်စွာတည်ဆောက်ပြီး လက်ရှိဘာသာဝင်များကို ပိုယုံကြည်အားထားစေ၊ ဘာသာခြားများလဲ အထင်ကြီး အမြင်လှစေဆိုတဲ့ လမ်းကြောင်းလို သိမ်မွေ့တဲ့ နည်းလမ်းများ အထိ နည်းလမ်းပေါင်းစုံကို ဘာသာတရား ထိန်းသိမ်းဖို့အတွက် အသုံးပြုခဲ့ကြသည်။

အသုံးပြုပုံပေါ်မူတည်ပြီး ရလဒ်တို့ ကွဲပြားကြပါသည်။ ကြမ်းတမ်းသော နည်းလမ်းများသည် ဘာသာကို ထိန်းသိမ်းရာတွင် လက်ငင်းအကျိုးရှိသော်လည် ပြန့်ပွားရန်အတွက် ကြီးစွာသော အဟန့်အတားများ ဖြစ်ခဲ့သည်။ ယေဘုံယျအားဖြင့် လွတ်လပ်မှုနှင့် စဉ်းစားတွေးခေါ်မှုကို မြတ်နိုးသော လူ့သဘာဝကလဲ အလွန်အမင်း ပိတ်ပင်တားဆီးသော၊ ပြစ်မှုပြစ်ဒဏ်တွေနှင့် အစွန်းရောက် ကွပ်ကဲအုပ်ချုပ်သော မိမိ မကိုးကွယ်သည့် ဘာသာတစ်ခုကို နားလည်ပေးဖို့ အင်မတန် ခက်ပါလိမ့်မည်။

ပမာပြရလျှင် တင်းကြပ်ကွပ်ကဲသော နည်းလမ်းများ၊ မတူသော အယူအဆများကို ခြေမှုန်းသော နည်းလမ်းများဖြင့် ဘာသာရေးအား မျိုးဆက်အဆင့်ဆင့် ထိန်းသိမ်းတည်ထောင်ခဲ့ကြသည့် အချို့သော အစွန်းရောက် မွတ်ဆလင်နိုင်ငံများကြောင့် ယနေ့ခေတ် မွတ်စလင်ဘာသာ၏ သာသနာပြန့်ပွားရေးမှာ နေရာတော်တော်များများတွင်  မိရိုးဖလာ လက်ဆင့်ကမ်းခြင်းအပေါ် လုံးဝမှီခိုသွားရလုနီးပါး ဖြစ်နေခြင်းပင်။ ဘာသာရေးကို အာဏာဖြင့် ထိန်းချုပ်သော အဆိုပါ အနဲစုသော နိုင်ငံတို့၏ အစွန်းရောက် လုပ်ရပ်တွေက ဘာသာခြားများ အမြင်တွင် မွတ်စလင် ဘာသာတစ်ခုလုံး၏ ပုံရိပ်ကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့သည်။ ကုရ်အံကျမ်းတော်တွင် မေတ္တာတရားနှင့် ဆိုင်သော အဆုံးအမများစွာ ပါရှိခြင်းကို၊ လူတွေကို အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ကြဖို့ ဆုံးမပဲ့ပြင်တဲ့ အချက်တွေ အများကြီးပါသော ကျမ်းဖြစ်ခြင်းကို သိသော ဘာသာခြားများ၊ သိချင်သော ဘာသာခြားများ၊ သိအောင် လက်ခံ နားထောင်လိုသော ဘာသာခြားများ နဲသထက် နဲလာခဲ့သည် မဟုတ်လား။

ဘာသာရေး စိတ်ဝင်စားပြီး စာဖတ်နာသော သူငယ်ချင်းသုံးလေးယောက်ကို ကုရ်အံကျမ်း လေ့လာဖူးသလား မေးကြည့်ဖူးသည်။  တော်တော်များများက လေ့လာဘူးသည်ဟု ဖြေသည်။ ဒါပေမဲ့ နောက်ဆက်တွဲဆင်ခြေက ဝေဖန်ချင်လို့ကို လေ့လာတာဟူ၍ ဖြစ်သည်။ ဆန်းကြယ်သော အဖြေမဟုတ်ပါ။ ဘာသာခြားများအတွက်တော့ ကိုယ်နှင့်မဆိုင်သော ဘာသာတရား တစ်ခုခုကို အတွင်းကျကျ အရင်လေ့လာမှု ပြုလုပ်ခြင်းထက် အဲဒီ ဘာသာဝင်တွေ၏ အနေအထားနှင့် လုပ်ရပ်တွေကို အခြေပြုပြီး ထိုဘာသာကို အကဲဖြတ်ကောက်ချက်ချတာမျိုးကို ဦးစွာ ပြုလုပ်မိကြဖို့ ရာနှုန်းများပါလိမ့်မည်။  ထိုသူငယ်ချင်းများသည် မွတ်စလင်ဘာသာ အကြောင်း အတွင်းကျကျ ဘာမှမလေ့လာခင်ခတဲက  အချို့သော နိုင်ငံတို့ရှိ အစွန်းရောက်လုပ်ရပ်များက သူတို့အမြင်ကို ဘောင်ခတ်ပြီး ဖြစ်နေခဲ့ပြီ။ ထိုစိတ်၏ လွှမ်းမိုးမှုကြောင့်လဲ ဘာသာရေးကျမ်းကို ဘာသာရေးကျမ်းအဖြစ် ဖတ်ရှုဖို့ထက် ဘယ်နေရာအားနဲသလဲဆိုသော အပြစ်ရှာစိတ်ဖြင့် ဖတ်ရှုဖို့ကိုသာ အားသန်ခဲ့တာ ဖြစ်ပါလိမ့်မည်။

ခရစ်ယာန်သာသနာတွင်လဲ ရှေးကာလများက အလားတူ အပြစ်ပေးမှုတွေ၊ အယူအဆ မတူညီမှုကို အပြီးတိုင် ချေမှုန်းဖျက်ဆီးမှုတွေနဲ့ ပြုလုပ်ခဲ့ကြောင်း ဖတ်မှတ်ဖူးသည်။ လေ့လာမိသလောက် ခရူးဆိတ် ဘာသာရေး စစ်ပွဲရှည်ကြီးကာလ နောက်ပိုင်းမှာတော့ ခရစ်ယာန်တို့ သာသနာပြုပုံ လမ်းကြောင်းပြောင်းခဲ့သည်။ သမ္မာကျမ်းတော်တွင် အနဲအကျဉ်းတွေ့နိုင်သည့် ဘုရားသခင်၏ ဒေါမာန်များ၊ အပြစ်ပေးမှုများသည်ပင် တရားဟောဆရာတို့၏ သိမ်မွေ့မှုနှင့် အဓိကထား ထုံမွှန်းသော မေတ္တာတရားတို့ အောက်တွင် မှေးမှိန်ကုန်ကြ၏။

ကျွန်တော်တို့သည် အခြေခံ သဘောတရားတူသော ဘာသာကြီးနှစ်ခု၏ (ကွဲချင်လဲ ကွဲပြားနိုင်ပါသည်။ ကျွန်တော် ထိုဘာသာများကို အပေါ်ယံသာ လေ့လာဖူးသောကြောင့် မှားယွင်းနိုင်သည်) သာသနာ ပြန့်ပွားရေးနှင့် ထိန်းသိမ်းသော လမ်းကြောင်းပေါ်တွင်မူတည်ကာ ပုံရိပ်ကွာခြားသွားပုံကို လေ့လာနိုင်သည် မဟုတ်လော။ ရလဒ်ကလဲ မြန်မာနိုင်ငံတစ်ခုထဲနှင့် ယှဉ်ပြောရရင်တောင် ခရစ်ယာန်ရဲ့ စိမ့်ဝင်မှုသည် အများကြီး အားကောင်းပါလျှက် အဓိကအင်အားစု ဗုဒ္ဓဘာသာဝင်တို့အဖို့ မွတ်စလင်ဘာသာထက် နားလည် လက်ခံနိုင်နေခြင်းက အထင်အရှားဖြစ်သည်။

ဗုဒ္ဓဘာသာအကြောင်းလဲ ပြောချင်ပါသည်။ ဘာသာမျိုးစုံထဲမှ ထင်ရှားသော ဘာသာကြီးလေးခုတွင် (ရှေးကျလွန်းသောကြောင့် သမိုင်းစရှာရခက်သည့် ဟိန္ဒူဘာသာကို ခြွင်းချက်ထားပါက) ဗုဒ္ဓဘာသာသည် မေတ္တာကို ဦးစားအပေးဆုံး ဘာသာဖြစ်သည်ဟု (ကျွန်တော်တစ်ဦးထဲ အမြင်အရ) ကောက်ချက်ချ၏။ ကိုးကွယ်ရာ မြတ်ဘုရားသည်လဲ မှတ်တမ်းတလျောက် ဘယ်သူ့ကိုမှ ဒေါသမထွက်ခဲ့သော၊ ဘယ်သတ္တ၀ါများရဲ့ အသက်ကိုမှ မသတ်ဖြတ်ခဲ့သော တစ်ဆူထဲ ဘုရားဖြစ်သည်။ မြတ်ဘုရားသည် ခရီးလှည့်လည်ကာ အမြင်မတူသူများကို ဟောပြောမေးမြန်းဖြေကြားမှုဖြင့် သာသနာပြုခြင်းကို အားပေးကြောင်းကလဲ မဟာဝဂ်ပါဠိတော်လာ “ရဟန်းတို့.......ဒေသစာရီ လှည့်လည်ကုန်ကြလော့....” ဆိုသော ဟောပြောချက်၊ နာမည်ကြီး ကာလာမသုတ်တွင် ဟောသော “.... ကိုယ်တိုင်ကျင့်ကြံပြီး အကျိုးများမှ ယုံကြည်ပါ..” ဆိုသည့် တရားတော်များက အထင်အရှား သက်သေပြ၏။ ဒီတော့ ဗုဒ္ဓဘာသာသည် လွန်စွာ ဆွေးနွေးဖို့ကောင်းသော၊ ချပြ၍ကောင်းသော ဘာသာဖြစ်သည်ဟု ကျွန်တော်ယုံကြည် ယူဆသည်။ (အခြားဘာသာများလဲ အလားတူ ဖြစ်နိုင်ပါသည်။ လေ့လာမှုအားနဲသောကြောင့် အခြားဘာသာများ၏ ကောင်းမှုဆိုးမှုတို့ကို သေချာမသိရှိသည့်အတွက် အထူးတလည် ရေးသားနိုင်စွမ်း မရှိပါ။)

ဘာသာခြားများ၏ အမြင်တွင် အဓိကအနှောင့်အယှက် ဖြစ်နေသော ဗုဒ္ဓဘာသာသည် ကိုယ်ထုထားသည့် ဆင်းတု (အရုပ်ဟု သူတို့ကသတ်မှတ်သည်)ကို ပြန်ကိုးကွယ်နေသော ဘာသာဖြစ်သည်၊ လူလူခြင်း ရှိခိုးနေသော ဘာသာဖြစ်သည် ဆိုသော အမြင်များသည် ထိုဆင်းတု၊ သံဃာတို့၏ ဂုဏ်တော်များကို ရည်စူးရှိခိုးခြင်း ဖြစ်ကြောင်းကို သေချာ နားလည်လာပါက ပျောက်ပျက်သွားမည်သာ ဖြစ်သည်။ ဒီတော့ ဘာကြောင့် လူလူခြင်း ရှိခိုးဦးချနေပါသလဲ။ ထိုကိုးကွယ် ဦးချမှုကို ခံယူထိုက်သူတို့၏ ဂုဏ်တော်သည် မိမိတို့ထက် ကြီးမြတ်မြင့်မားသောကြောင့် ထိုဂုဏ်တော်များကို ဦးခိုက်အရိုအသေ ပေးခြင်းဖြစ်သည်ဟု ရိုးသားစွာ ပြန်ဖြေရုံပင်။

ယခု လတ်တလော  အဖြစ်များတွင် စိတ်ဓါတ်ပြင်းထန်သော ဗုဒ္ဓဘာသာဝင်အချို့သည် အစွန်းရောက်သော လမ်းကြောင်းများကို ပုံတူကူး လှုပ်ရှားလာသည်ကို တွေ့မြင်ရသည်။ စိတ်ထိခိုက်စရာမှာ ကိုးကွယ်ရာ သံဃာအနဲစုကလဲ ပူးပေါင်း ပါဝင်လှုပ်ရှားနေခြင်းဖြစ်သည်။ ကျွန်တော်စဉ်းစားကြည့်မိသည်။ ဒုတ်၊ ဓါးကိုင်ထားသော ဒေါသာမာန်ပြည့်နေသည့် သံဃာတစ်ပါးကို သူ့ဂုဏ်တော်တွေကို ရိုသေသောကြောင့် ဦးချပါသည်ဟု ဆိုလျှင် ဘယ်ဘာသာခြားက လက်ခံ နားလည်နိုင်ပါ့မလဲ။ ဘာသာခြားကို ထားပါဦး၊ အကြမ်းဖက်မှုကို လက်မခံတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုလဲ ထားပါဦး၊ အတူပူးပေါင်း လှုပ်ရှားနေကြတဲ့ ဘာသာဝင်တွေ ကိုယ်တိုင်ပင် ဒီ ဒုတ်ဓါးကိုင်ထားတဲ့ သံဃာဟာ ကိုးကွယ်ဆည်းကပ်ရာ၊ အားထားမှီခိုရာ ရတနာတပါးဖြစ်သည် ဆိုသော ကြည်ငြိုစိတ်သည် ငါတို့တွင် မယိမ်းမစောင်း ရှိသေးသည်ဟု ယုံကြည်မှု အပြည့် ဆိုနိုင်ပါ့မလား။ လေးစားပါသည် ဆိုလျှင်ပင် စစ်သားတစ်ယောက်က ရဲရဲဝံ့ဝံ့တိုက်နေသော ခေါင်းဆောင် တပ်ဗိုလ်ကို လေးစားပုံမျိုးပဲ ဖြစ်လိမ့်မည်... ထိုစိတ်သည် သံဃာအပေါ် ကိုးကွယ်သူက ရှိရသော ဆည်းကပ်အားထား မှီခိုရာဆိုသည့် စိတ်နှင့်တော့ အများကြီး ပူလောင် ကွာခြားပါသည်။

ထိတ်လန့်စရာ ကောင်းသော နောက်တစ်ခုမှာ “ဘုရားဟောသလိုသာ မေတ္တာထားနေရင် ခုခေတ်မှာ အလုပ်မဖြစ်ဘူး...”ဆိုသော အပြောမျိုးဖြစ်သည်။ ကိုးကွယ်ရာ ဘာသာ၊ ကိုးကွယ်ရာ ဘုရားရဲ့ ဟောပြောချက်ကို ဘာသာဝင်ဖြစ်တဲ့ မိမိကိုယ်တိုင်တောင် မယုံမကြည်သူတွေက ဘာသာခြားတွေ ယုံကြည်အောင် ဘယ်လိုများ သိမ်းသွင်းမှာတဲ့လဲ။ ကိုယ့်မျိုးဆက်တွေကို ဘာသာတရား ကိုင်းရှိုင်းသူတွေ ဖြစ်အောင် ဘယ်လိုဆုံးမ သွန်သင်ကြမှာတဲ့လဲ။ ထိုအပြောမျိုးတွေကို ဘာသာဖျက်အပြောတွေဟု ကျွန်တော်ကတော့ ကောက်ချက်ချသည်။

ဒီတော့ ဘာသာခြားတွေရဲ့ သာသနာ့အဆောက်အဦးတွေ မလိုဘူး၊ ၉ ၆၉  လုပ်ကြ၊ ဘာသာခြားနဲ့ စီးပွားလုပ်ရင် အပြစ်ပေးမယ်ဆိုသော အစွန်းရောက် နိုင်ငံတချို့၏ ဘာသာရေး ထိန်းသိမ်းမှုပုံစံကို အတုယူအားကျ လှုပ်ရှားလာသူတွေကို စဉ်းစားစေချင်ပါသည်။ ဘာသာ၏ အဆုံးအမနှင့်လဲ လုံးလုံး ဆန့်ကျင်သော အဆိုပါ နည်းလမ်းတွေကို လိုက်နာ လက်ခံတာ၊ မျိုးဆက်သစ်ကိုလဲ လက်ကမ်းရိုက်သွင်းဖို့ ကြိုးစားနေကြတာ မှန်ပါရဲ့လား။ ဘာသာရဲ့ ပုံရိပ်ထိခိုက်တာကြောင့် လူမျိုးအတင်းပွားအောင် လုပ်ယူမှ၊ ငွေကြေးတွေပေး အတင်းသိမ်းသွင်းယူမှ ဘာသာဝင် အသစ်ရယုံကလွဲလို့ တခြားသာသနာပြုဖို့ မလွယ်တဲ့ အဖြစ်ကို အဲဒီအစွန်းရောက် နိုင်ငံတွေ ကြုံနေရတာကလဲ ယူသင့်သော နမူနာကောင်း ဖြစ်သည်။ တကမ္ဘာလုံး ခြုံကြည့်လျှင် လူနဲစုဖြစ်သော ဗုဒ္ဓဘာသာအတွက် အကယ်၍များ သာသနာပြန့်ပွားမှုသည် လူဦးရေတိုးပွားကာ မိရိုးဖလာ စီးဆင်းမှုကိုပဲ လုံးလုံး အားထားရသော အဆင့်ကို ရောက်သွားပါက အားပြိုင်နိုင်လိမ့်မည် မဟုတ်တော့ပါ။

အဆုံးသတ်ရလျှင် ဘာသာ၊ သာသနာကို ကာကွယ်ရန်အတွက် အတင်းအကြပ် ပြုလုပ်ခြင်း၊ ပြစ်မှုကျူးလွန်ခြင်းတို့က မှန်ကန်ပါသည်ဆိုသော အယူအဆကို ကျွန်တော်တို့သည် ကိုယ်တိုင်လဲ လက်မခံသင့်သလို၊ လူငယ်မျိုးဆက်သစ်ကိုလဲ ဘာအကြောင်းပြချက်နဲ့မှ လက်ဆင့်မကမ်းသင့်ဘူးလို့ ယူဆသည်။ မျိုးဆက်သစ်ကို အမုန်းတရား အမွေပေးခြင်းသည် အလွန်အမင်း မိုက်မဲရာကျပါသည်။ ဘာသာဝင်တို့သည် မိမိကိုးကွယ်သောဘာသာ၏ ကောင်းမွန်သောအဆုံးမနဲ့ အညီ နေထိုင်ပြီး ဘာသာ၊ သာသနာရဲ့ ဂုဏ်အင်ကို မြှင့်တင်ခြင်းကလဲ သာသနာပြုခြင်း တစ်မျိုးဟု ခံယူမိပါသည်။

သုတ (မြန်မာ)

Wednesday, October 3, 2012

ရန်ကုန် ဘတ်စ်

ကျွန်တော်တို့ရဲ့ ရန်ကုန် ရွှေမြို့တော်ဟောင်းကြီးမှာ ဘတ်စ်ကားနဲ့ ပက်သက်ပြီး ဇါတ်လမ်းတွေ တပုံတပင်ကြီးရှိသည်။ ပ၀ါတကမ်း လက်တလှမ်းဆိုသော စကားပုံတစ်ခုသည် ဘတ်စ်ကားပေါ်မှာတော့ ပုံပြင်တပုဒ်လောက်တောင် အဓိပ္ဗါယ် သိပ်မရှိလှ။ တိုးကြပ်နေသော လူအုပ်ကြီးထဲမှာ သိသိ၊ မသိသိ လူတွေက သမီးရီးစားတွေအလား ပူးကပ်နေကြရလေ့ ရှိသည်။ ဒီတော့လဲ အခွင့်အရေး ယူလိုသူတွေက ရလာတဲ့ အဲဒီ အခွင့်အရေးတွေ ယူကြ၊ လက်သရမ်းကြနှင့် ဘတ်စ်ကားဇါတ်လမ်း အတော်များများတွင် ယောက်ျားတွေက ဗီလိန်ဖြစ်ကြတာများသည်။ အမျိုးသမီးတွေခမျာလဲ ဒီလိုလူတွေကို တတ်နိုင်သမျှ ရှောင်ရှားကြ၊ သည်းခံကြ၊ ကာကွယ်ကြရ ရှာသည် မဟုတ်လား။ ဒါကြောင့်လဲ တချို့နိုင်ငံတွေမှာလိုပင် အမျိုးသမီး သီးသန့်ကားတွေ ဘာတွေပင် တကူးတက စီစဉ်ပေးလာရ၏။

ထားတော့။ အမျိုးသမီးဘတ်စ် သမိုင်းကြောင်းရေးနေတာမဟုတ်ပါ..

Photo by http://www.clickrally.com
ဘတ်စ်ကားစီးတယ်ဆိုတာ တကယ်တမ်းတော့ အမျိုးသမီးတွေ တင်မက.. အမျိုးသားတွေလဲ အရှက်ကို ဖက်နဲ့ထုပ်ပြီး သွားရ လာရတာမျိုးဖြစ်တယ်ဆိုတာကို ရေးပြချင်တာ ဖြစ်သည်။ အခန့်မသင့်လျှင် အချိန်မရွေး အရှက်တကွဲ အကျိုးနဲ ဖြစ်သွားနိုင်သည်။ လူတကာ တံတွေးခွက် ပက်လက်ကော မှောက်ခုံပါ မျောသွားနိုင်သည်။ ကျွန်တော့်အတွက်တော့ အဲလိုအဖြစ်က သီသီလေး လွတ်ခဲ့ရတဲ့ အဖြစ်တစ်ခုက ခုချိန်ထိ ပြန်တွေ့ကြည့်တိုင်း ရင်ခုန်ရတုန်း ဖြစ်သည်။

ကျွန်တော်က သွားလေရာ အိတ်အမြဲလွယ်တတ်သည်။  တစ်ခုခုကို လက်မှာ အရေးတယူ ကိုင်ထားရမှာလောက် ပျင်းတာမရှိတော့ သယ်စရာအကုန် ပစ်ထည့်ကာ ပခုံးမှာ သိုင်းထားလိုက်ရုံနှင့် အလုပ်ဖြစ်တဲ့ အိတ်က ကျွန်တော့်အတွက်တော့ မပါမဖြစ်။ လွယ်လွန်းအားကြီးတော့ အိတ်မရှိရင် လူက လမ်းတောင် သိပ်မလျှောက်တတ်တော့ သလိုလို။ အိတ်ထဲမှာ ပုံမှန်ပါတာကတော့ စာအုပ်တစ်အုပ်အုပ်၊ ပေတံ၊ ဘောပင်၊ တခြားတိုလီမုတ်စတွေနှင့် မိုးတွင်းဆိုရင်တော့ ခေါက်ထီးတစ်ချောင်း ဖြစ်သည်။ အိတ်ထဲ ထည့်လို့ အဆင်ပြေအောင် ရွေးဝယ်ထားသော ခပ်သေးသေးကျစ်ကျစ် ခေါက်ထီးလေးသည် အဲဒီနေ့က ကျွန်တော့် အတွက် ရန်သူဖြစ်ခဲ့ပြီး အိတ်ကြီးကတော့ ကယ်တင်ရှင် ဖြစ်ခဲ့ပါသည်။

ကျွန်တော် စစီးသော မှတ်တိုင်က ဂိတ်ဆုံးဖြစ်ပေမဲ့ ထုံးစံအတိုင်း ပတ်စီးလာသမားတွေကြောင့် အလယ်တန်း မတ်တပ်တစ်နေရာ ရတာကိုပင် ကံထူးရှင်တစ်ယောက်လို အားရ၀မ်းသာ ကားပေါ်တက်ရပါသည်။ နှစ်မှတ်တိုင် သုံးမှတ်တိုင်လောက် ဆိုတာနှင့်ပင် နောက်က ထပ်ထပ်တက်လာသော ခရီးသည်တွေနဲ့ရော... စပါယ်ရာနဲ့ ဒရိုင်ဘာတို့ အတိုက်အဖောက်ညီညီ “ဆရာရေ ငါးမူးဖိုးလောက်... တမတ်ဖိုးလောက်”ဆိုပြီး သိပ်ထည့်တာရောနဲ့ ကားထဲမှာ လူတွေက ငါးချဉ်သိပ်သလို ကြပ်ညပ်နေပြီ။  လူတွေက အတက်အဆင်းတွေမှာ အတင်းတိုးကြပြုကြ ဆိုတော့ အလည်တန်းတောင် နှစ်တန်းဖြစ်နေသည်။ ခရီးသည်တွေလဲ တအင်းအင်း တအဲအဲတွေရော၊ အီးအားတွေရော အသံစုံထွက် မသက်မသာကြပါ။

နောက်က ဖိတိုးနေသည့် အားကို တောင့်ခံနေတုန်း ရှေ့ကနေပီး ကျွန်တော့အရှိုက်ကို တံတောင်တစ်ခုဝင်လာသည်။
ကျွန်တော် အင့်ခနဲတောင် ဖြစ်သွား၏။
“တောက်.. ရုပ်လေးက သနားကမားနဲ့ အကျင့်ကတန်သေးတယ်... လူယုတ်မာ..”
 ရှေ့ကနေ ခေါင်းတခြမ်းစောင်းလာပီး မကျေမချမ်းနှင့် သူမပြောသည်။ အသံက ကျယ်ကျယ်လောင်လောင်ကြီး မဟုတ်ပေမဲ့ ခပ်တိုးတိုးလဲ မဟုတ်ပါ။ အနားကလူတွေရဲ့ အာရုံက ကျွန်တော်တို့ အပေါ်ရောက်သည်။ အထူးသဖြင့် ကျွန်တော့်အပေါ်။ သူတို့ မျက်လုံးတွေမှာရှိတဲ့ ကြောက်စရာ ကောင်းတဲ့ အရိပ်ယောင်တွေက ခုချိန်ထိ မှတ်မှတ်ရရ ရှိတုန်း။

ကျွန်တော်ပြာသွားသည်။ အရှိုက်ကို တံတောင်နဲ့ ထိုးလို့မဟုတ်ပါ။ နဂိုထဲက ပြန်နေတဲ့ ချွေးက ဇောချွေးနဲ့ ပေါင်းသည်။ မျက်နှာကို လက်မောင်းစနှင့် ခပ်ကြမ်းကြမ်း ပွတ်သုပ်လိုက်သည်။ ဘုရားရေ.. ဒီချွေးတွေနဲ့ ငါ့မျက်နှာက အဆီပြန်သလိုကြီး ဖြစ်နေရင်တော့ သေပီ....

”ဟ.. ကျွန်တော်ဘာလုပ်လို့လဲဗျ...” ကျွန်တော်ပြာပြာသလဲ မေးခွန်းထုတ်သည်။
”ကိုယ့်ဘာသာ မသိဘူးလား..” သူမကလဲ ချက်ခြင်းကို တုန့်ပြန်၏။

ငါဘာများ လုပ်မိလို့ပါလိမ့်။ တချိန်လုံး မဟုတ်ပေမဲ့ နောက်က လူဖြတ်တိုးသည့် အချိန်တိုင်းတော့ ကျွန်တော့်ရင်ပတ်က သူမကျောကို ထိမိမှာ သေချာပါသည်။ ဒါလောက်ကတော့ ပြဿနာ မဟုတ်နိုင်။ တစ်ဖက်ကတန်းကို၊ တဖက်က အမိုးကို လက်အံသေမတတ် စွဲကိုင်ထားရတဲ့ ကျွန်တော့်လက်တွေကလဲ အပြစ်ကင်းကြပါသည်။ ပြီးတော့ သူမနဲ့ကျွန်တော့ကြားမှာ အိတ်ကြီးကလဲ ခြားနေသေးတာပဲ။ အိတ်ကို စဉ်းစားမိတော့ ကျွန်တော့် ပေါင်ကို ထောက်နေသော ထီးကို သတိရသွားသည်။

ကျွန်တော် ပူထူစဉ်းစားနေတုန်း ဘေးကလူတွေ အသံပွစိပွစိတွေ ထွက်လာနေကြပြီ။
နေရာချင်းလဲလိုက်ညီမတို့... ဒီလိုကောင်တွေတို့.. ဘာညာကွိကွတွေ..

“ဟာ.. ကျွန်တော်ဘာမှ မလုပ်ပါဘူးဗျာ.. ဒီမှာ အိတ်ကြီး တစ်ခုလုံး ခြားနေတာပဲ... အဲဒါက ထီးပါ... ထီး.. ထီး..”
ကျွန်တော် အသံကို ခပ်ကျယ်ကျယ်နဲ့ ပီသနေအောင် ပါးစပ်ကို သေချာဟ သွားကိုစိပြီး ပြောသည်။
ကျွတ်.. ဘာသာစကားထွင်သမားတွေကလဲ ဘာလို့များ ထီးလို့နာမည်ပေးလဲ မသိပါဘူး... ဘတ်စ်ကားတွေ ပေါ်ပြီးခုလို လူတွေကျပ်မှာ မသိခဲ့ကြဘူးထင်တယ်...

“အို.. ထီးဖြစ်ဖြစ် ဘာဖြစ်ဖြစ် အဲဒါဖယ်လိုက်..”

သူမပြောတဲ့ အတိုင်း ကျွန်တော်ထီးကို အမြန်ထုတ်ကိုင်လိုက်သည်။ တင်းမာသွားသည့် ဘေး ပတ်ဝန်းကျင်က ခုမှ ရီရီမောမော ဖြစ်လာကြ၏။ ဒါပေမဲ့ သူမရော ကျွန်တော်ပါ အိုးတိုးအမ်းတမ်း။ နေရာရွှေ့ရအောင်ကလဲ ကြပ်ညပ်နေသည့် အနေအထားကမလွယ်လှ။ ခုနေဆင်းရင်လဲ အထင်အမြင်မှားတဲ့ ကိစ္စဆိုတာ လူတွေသိသွားတာ မှန်ပေမဲ့ တချို့တလေက မိတော့မှ ဒီကောင်ဆင်းပြေးပီလို့ ထင်လေမလားဆိုတာ ကျွန်တော့်ဘာသာ တွေးပီး စိုးရိမ်နေပြန်သည်။ ဒါပေမဲ့ ဆက်လိုက်ရမှာလဲ ဘယ်လိုမှ မလိုက်ချင်တော့။ အဲဒီတော့ အရင်ဆုံး ကားနောက်ပိုင်းကိုထွက်သည်။ တစ်မှတ်တိုင်လောက် ဆက်စီးပြီးတာနဲ့ ကျွန်တော် ကားပေါ်ကဆင်းသည်။

စဉ်းစားကြည့်ပါဦး။ ကံကြီးပေလို့သာ သိက္ခာကျ အရှက်ကွဲမဲ့ အဖြစ်က လွတ်ခဲ့ရတာ မဟုတ်ဘူးလား။ ပြီးတော့ တကယ်ဖြစ်လေ့ရှိတဲ့ ဒီလို ပြစ်မှုတွေဆိုတာက ယောက်ျားတွေဟာ ကျူးလွန်သူဖြစ်တာကြောင့် ပတ်ဝန်းကျင်ရဲ့ အဲလိုလူတွေအပေါ် မြင်တဲ့ ပုံရိပ်က တော်တော်ဆိုးဆိုးဝါးဝါး နိမ့်နိမ့်ကျကျ.. အရှက်ကွဲကြေးဆိုရင်တောင် အမျိုးသမီးတွေက သနားဂရုဏာသက်စရာကောင်းတဲ့ အရှက်မျိုးဖြစ်ပြီး အမျိုးသားတွေကတော့ အောက်တန်းကျကျ အရှက်ကွဲတာမျိုး ဖြစ်သည်။

ဒါကြောင့်လဲ ရန်ကုန်မှာ ဘတ်စ်ကားတွေ များပြီး အရင်ကလို မကျပ်တော့ဘူးတို့.. အမျိုးသမီး သီးသန့်ကားတွေ ပေါ်လာပြီတို့ စတဲ့သတင်းတွေကို သတင်းကောင်းတွေလို့ ကျွန်တော်ကတော့ ယူဆသည်။  ခရီးသည်တွေလဲ ချောင်ချောင်ချိချိ စီးရသည်။ မသမာတဲ့ လူတွေလဲ အခွင့်အရေးယူပြီး နှမချင်းမစာမနာ ပြုမူဖို့ အခွင့်အရေး နဲသွားသည်။  မတော်တဆ အထင်လွဲမှားမှုတွေကနေ အမျိုးသားတွေ အရှက်တကွဲ ဖြစ်နိုင်တဲ့ ကိစ္စတွေကိုလဲ ကာကွယ်ရာ ရောက်သည်။

ဒီတော့လဲ ဘာပဲပြောပြော သက်တောင့်သက်သာရှိပြီး အဆင်ပြေပြေ စီးနိုင်တဲ့ ဘတ်စ်ကားတွေ အနေအထားကိုရောက်ဖို့ အပြောင်းအလဲရဲ့ ကြားကာလလောက်မှာပဲ ဖြစ်ဖြစ်ပေါ့၊ အမျိုးသမီး သီးသန့်ဘတ်စ်တွေကို ကျွန်တော်ကတော့ ကြိုဆိုပါတယ်....

သုတ (မြန်မာ)
၃-၁၀-၂၀၁၂

Saturday, September 3, 2011

လက်

အမေဟာ စင်ကာပူ စရောက်ထဲကိုက တကယ့် ကလေးလေးလိုပါပဲ..

ကျွန်တော်ပြောသမျှ နားထောင်တယ်.. ကျွန်တော်သွားဆိုတဲ့ နေရာကိုသွားတယ်.. ကျွန်တော်ကျွေးတဲ့ အစားကိုစားတယ်.. လူတွေကြားထဲမှာ ကျွန်တော့်လက်ကို အားကိုးတကြီး ဆွဲထားတတ်တဲ့ အမေ.. သားဖြစ်သူရဲ့ မတောက်တစ်ခေါက် အင်္ဂလိပ်စကား ပြောတာတွေကို အထင်ကြီးတဲ့ ကျေနပ်တဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်တဲ့ အမေ.. ကျွန်တော်ရှင်းပြနေတဲ့ ဆန်တိုဆာအကြောင်း.. မာလိုင်းယင်းအကြောင်း.. ကာဆီနိုအကြောင်းတွေကို စိတ်ဝင်တစား နားထောင်ဖို့ထက် ငါ့သားက တော်တော်သိတဲ့ လူတတ်ကြီးပဲဆိုပီး သဘောတကျ ရှိတတ်တဲ့ အမေဟာ တကယ့်ကို ကလေးလေးလိုပါပဲ..

ရုံးသွားနေချိန် တစ်ယောက်ထဲ မပျင်းရအောင်ဆိုပီး Shwedream က မြန်မာရုပ်ရှင် ဖွင့်ပုံဖွင့်နည်းကို တစ်ပတ်လောက် သင်ပေးတာတောင် ယောင်ဝါးဝါး ဖြစ်နေသေးတဲ့.. စက်လှေကားတက်ဖို့ လက်ဖျားခြေဖျား အေးစက်အောင် ကြောက်ပီး ပေကတ်ကတ် မတက်ပဲ ရပ်နေတတ်တဲ့ အချိန်တွေမှာ စိတ်မရှည်စွာ ငြီးငြူတတ်တဲ့ သားဖြစ်သူအကြိုက် ကြိုးစားပေးတတ်တဲ့ အမေဟာ တကယ့်ကို ကလေးလေးပါပဲ..

ဒီတော့လဲ အမေ့ကို ဟိုပို့ ဒီပို့ ပို့... အသစ်အဆန်းလေးတွေ ကောင်းနိုးရာရာလေးတွေ ကျွေးနေတဲ့ အချိန်တွေမှာ.. အမေ ငါ့ကို ငယ်ငယ်တုန်းက ပြုစုစောင့်ရှောက်သလို ငါလဲ ပြန်လုပ်ပေးနေနိုင်ပါလား.. ခုငါပို့ပေးတဲ့ နေရာတွေ.. ငါကျွေးတဲ့ အစားအသောက်တွေက အမေတို့ လုပ်ပေးတုန်းကထက်တောင် ပိုကောင်းသေးတယ် (ကျွန်တော့်အထင်) ဆိုတဲ့ အတွေးတွေ.. ခုပဲ မိဘကျေးဇူးဆိုတာကို အကြေပဲ ဆပ်ပစ်နေနိုင်သလို ခံစားချက်တွေနဲ့ ခပ်မြောက်မြောက် သားတစ်ယောက် ကျွန်တော်ဖြစ်ခဲ့တယ် ဆိုပါတော့..

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အဖြစ်ပျက်လေး တစ်ခု တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ခဲ့ပါတယ်.. အဲဒီအဖြစ်ဟာ နဲနဲ အပျက်သဘော ဆန်ပေမဲ့ ကျွန်တော့်ရဲ့ အသိအတွေးတွေ ထိန်းမတ်သွားစေ တာမို့ ကံကောင်းမှုဆိုလဲ မမှားပါဘူး..

အဲဒီနေ့က အပြန်မိုး တော်တော်ချုပ်ပါတယ်.. တနေကုန်နီးနီး လည်ပတ်ပြီး ပြန်လာတာမို့ သားအမိနှစ်ယောက်လုံးလဲ ခြေတွေလက်တွေတောင် မသယ်ချင်လောက် အောင်ပါပဲ..

တံခါးမကြီးကို ဖွင့်လိုက်တာနဲ့ လူကို ရုတ်တရက်ကြီး တွန်းဝင်မွှန်ထူသွားတဲ့ မီးခိုးတွေကြောင့် ကျွန်တော်ကြောင်သွားပါတယ်.. ချက်ခြင်းပဲ အမေကျွန်တော့်ကို တွန်းဖယ်ပီး ရှေ့ရောက်သွားတယ်..
“၀ါရာရှော့ဖြစ်လို့ အန်တီ.. ခုတော့ အားလုံးအိုကေသွားပါပီ.. ဒါပေမဲ့ မီးခိုးတွေ များနေသေးတယ်..” မီးခိုးလုံးတွေ ဝေေ၀၀ါးဝါး ထဲကနေပီး အိမ်ရှင်က လှမ်းပြောတယ်.. ဓါတ်မီးဖွင့်ပီး စားပွဲပေါ် ချထားတာက လွဲရင် မီးတွေပိတ်ထားတာကြောင့် အလင်းကလဲ အားမကောင်းပါဘူး..
“ဟုတ်လား.. တော်တော်များတယ်ထင်တယ်..” အမေက ပြောရင်း အထဲ ၀င်သွားတယ်..
“အန်တီ မီးခိုးမွှန်တာ မခံနိုင်မှာ စိုးတယ်.. ခဏရှောင်နေလိုက်ပါလား..”
အိမ်ရှင်ကောင်လေးက စိုးရိမ်သံနဲ့ အမေ့ကိုသတိပေးတယ်..
ကျွန်တော် အမေ့ကို ခေါ်ပီး ချက်ခြင်း အပြင်ပြန်ထွက်ပါတယ်.. ဖိနပ်စီးနေတုန်း ဘေးခန်းက တံခါးပွင့်လာပီး ညှော်လိုက်တာ ဘာဖြစ်လို့လဲလို့ ကျွန်တော်တို့ နှစ်ယောက်ကို မေးတယ်..

ကျွန်တော် ဘယ်လိုဖြေရင် ကောင်းမလဲ စဉ်းစားနေတုန်း ”၀ါရာရှော့ဖြစ်လို့ပါ.. ခုပီးသွားပီ.. စိတ်မပူနဲ့..” မြန်မာလို ပီပီကြီးကို ပြောချလိုက်တဲ့ အမေ့ကို ကျွန်တော်ရော မေးတဲ့ တရုတ်မပါ ကြောင်ပီးကြည့်နေမိတယ်.. ဒီတရုတ်မ ဘာမေးလိုက်တယ်ဆိုတာ အမေနားမလည်ဘူး ဆိုတာတော့ သေချာပါတယ်... ကြောင်တောင်တောင် တရုတ်မမျက်နှာကိုကြည့်ပီး အမေက "wire shock, finish.. finish.. all ok" ဆိုပီး ပြောင်းပြောတယ်.. ကျွန်တော်ဝင်ရှင်းပြလိုက်တော့မှ တရုတ်မ တံခါးပြန်ပိတ်သွားတယ်.. အောက်ရောက်တော့ တရုတ်မကို မြန်မာလို အပီပြောခဲ့တဲ့ အမေ့အဖြစ်ဟာ သားအမိနှစ်ယောက်ထဲ ရီပွဲဖွဲ့ ရတာ အားမရလို့ ရန်ကုန်အထိပါ ဖုန်းဆက်ပီး ပြောဖြစ်ပါတယ်...

အဖြစ်က ဒီလောက်ပါပဲ.. ဘာမှ စွန့်စားခန်း မပါသလို သဲထိတ်ရင်ဖိုလဲ မဟုတ်ပါဘူး.. မအေက သားကို စွန့်စားကာကွယ်တဲ့ ဇါတ်လမ်းကောင်းမျိုးလဲ မဟုတ်ဘူး..

ဒါပေမဲ့ ၀ုန်းဆိုတဲ့ အဖြစ်တစ်ခု သိသိခြင်းမှာ ဖြတ်ခနဲ ကျွန်တော့်ရှေ့ ရောက်သွားတဲ့ အမေ.. လူမျိုးခြားတွေကြားမှာ ကြောက်လန့် ရွံ့တွန့်ပီး ကျွန်တော့်နောက်မှာ ပုန်းနေတတ်တာက အရေးလဲပေါ်ရော တရုတ်မကို မြန်မာလို ပြောတဲ့ထိကို ဦးဆောင်ဖြေရှင်းဖို့ပဲ အာရုံပဲ ရှိခဲ့တဲ့ အမေ့အဖြစ်ဟာ ကျွန်တော့်ကို အတွေးတစ်ခု ရစေပါတယ်..

From Shutterstock
တော်တတ် ထက်မြက်တဲ့ သားသမီးတွေရဲ့ (ကျွန်တော် တော်တတ်ထက်မြက်သူလို့ ဆိုလိုတာမဟုတ်ပါ..)  နောက်ကနေ မိဘတွေဟာ နားမလည်ပါးမလည် ကလေးတွေလို လက်တွဲလိုက်ချင် လိုက်ကြပါလိမ့်မယ်.. သားသမီးတွေရဲ့ စောင့်ရှောက်မှုကို ခံယူကြတာမျိုး ရှိချင် ရှိပါလိမ့်မယ်.. ဒါပေမဲ့ သားသမီးတွေကို စောင့်ရှောက်ခဲ့တဲ့ အဲဒီမိဘတွေရဲ့ ကျေးဇူးနဲ့တော့ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရဘူးဆိုတာပါ.. ကျွန်တော်တို့ သားသမီးတွေရဲ့ မိဘကို တွဲခဲ့တဲ့ လက်ဟာ.. အားကိုးမှုနဲ့ ရလိုမှုပဲ ရှိခဲ့ပါတယ်.. ကလေးဘ၀ သားသမီးတွေအတွက် မိဘလက်ဟာ အားကိုးရာ ကမ္ဘာဖြစ်သလို အမေ သားကို ဒါကျွေးပါ.. အမေ သားကို ဒီပို့ပေးပါ ဆိုတဲ့ ရယူလိုစိတ်တွေပဲ ရှိခဲ့ပါတယ်..

From Shutterstock
မိဘတွေအတွက်ကလဲ ခုချိန်မှာ ကျွန်တော်တို့လက်တွေဟာ သူတို့အားကိုးရာတွေ ဖြစ်လာကြပါပြီ.. ကွာတာက ကျွန်တော်တို့ ပို့တာသွား ကျွေးတာတွေ စားချိန်မှာ သူတို့ ခံစားရတာကို ပျော်မွေ့တာအပြင် ငါ့သား ငါ့သမီးကတော့ ငါ့ကို ဒီပို့နိုင်ပါလား.. ဒါတွေတောင် ကျွေးနေနိုင်ပါလားဆိုတဲ့ သားသမီးတွေရဲ့ စွမ်းနိုင်မှုအပေါ် ကျေနပ်တဲ့ ပီတိကိုလဲ ခံစားကြတယ်လို့ ထင်ပါတယ်.. ဒီထက်ပိုတာက သူတို့ဟာ သားသမီးတွေကို မထိခိုက်စေချင်တဲ့.. လိုအပ်ရင် ပေးဆပ်ဖို့ ကာကွယ်စောင့်ရှောက်ဖို့ အသင့်ရှိကြတဲ့ သူတွေ ဖြစ်ကြတာပါပဲ..

ကိုယ့်ဘို့ဆိုတဲ့ ဆန္ဒပိုပိုသာသာနဲ့ ရယူဖို့သက်သက် မိဘကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့တဲ့ သားသမီးရဲ့ လက်နဲ့.. ပေးဆပ်မှုတွေ.. ကာကွယ်စောင့်ရှောက် လိုမှုတွေ.. ကျေနပ်မှုတွေနဲ့ သားသမီးကို အားကိုးတကြီး ဆုပ်ကိုင်ခဲ့တဲ့ မိဘလက်... ဒီလက်နှစ်ခုဟာ နှိုင်းယှဉ် တန်ဖိုးခြေကြည့်လို့ ရတဲ့ အရာမျိုး မဟုတ်တာတော့ အမှန်ပါပဲလေ...

သုတ

Sunday, May 1, 2011

မြန်မာ့စံတော်ချိန်

ရထားရပ်တာနှင့် ကျွန်တော် အရင်ဆုံးဖြစ်အောင် လုထွက်လိုက်ပီး စက်လှေကားမှ တောက်လျှောက်ပြေးဆင်းသည်။ မပြေးလို့လဲမရ။ နောက်ကျနေပြီလေ။ နဲနဲနောနောတောင် မဟုတ်ပါ။ တစ်နာရီစမည်ဟု ကြေငြာထားသော စာပေဟောပြောပွဲတက်ရောက်မည့် လူက နှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်ပဲ လိုချိန်အထိ ရထားပေါ်မှာ ရှိနေသည့်အဖြစ်သည် ငယ်ငယ်တုန်းက ဆရာကြီး နပန်အကျင်းခံရတာထက် နှစ်ဆလောက်တောင် ပိုတီးဖို့ ကောင်းနေသည့် အနေအထားဖြစ်သည်။ ၀င်လို့တောင် ရပါတော့မည်လား မသိ။ ပြေးရင်းက ငယ်ငယ်တုန်းက အဖြစ်ကိုသတိရရင်း ပြုံးလိုက်မိသေးသည်။ တစ်ခါ အဲဒီအပြုံးပေါ်မှာ ထပ်ပြုံးဖြစ်ပြန်သည်။ အသက်အရွယ်က အရာရာကို တော်တော် ပြောင်းလဲသွားစေတာပဲ။ ငယ်ငယ်တုန်းက ကျောင်းနဲနဲလေး နောက်ကျတာကို အသဲအသန် စိုးရိမ်ပူပန်ဖူးသော ကျွန်တော်သည် ခုတော့ ခပ်သဲ့သဲ့ပြုံးနိုင်သည်အထိ အရေထူခဲ့ပြီ ဖြစ်သည်။

ဒါပေမဲ့။ တံတားပေါ်မှ ခပ်သွက်သွက် ဖြတ်လျှောက်ရင်း ကျွန်တော်ဇဝေဇ၀ါ ဖြစ်လာသည်။ လှမ်းမြင်နေရသည့် ခန်းမအ၀င်ဝတွင် လူတွေ စုရပ်နေကြတုန်း။ စာရင်းသွင်းကောင်တာမှာ လူတွေ စာရင်းသွင်းနေတုန်း။ ပိုနီးလာလေ မြင်လာရတာက ခန်းမအ၀တံခါးမတောင် မပိတ်သေးဘူးဆိုတာ ဖြစ်သည်။ ပွဲမစသေးဘူးပဲ။ ဒီနေရာမှာ ကျွန်တော်မပြုံးနိုင်တော့။ စည်းပျက် ကမ်းပျက် နောက်ကျတာဟာ ကျွန်တော် တစ်ယောက်ထဲ မဟုတ်ဘူးတဲ့လား။ စည်းကမ်းမရှိတဲ့ လူတွေအတွက် ဒီပွဲကို မစပဲ စောင့်ပေးနေခဲ့သတဲ့လား။ လူတွေအရှေ့မှာ စည်းမဲ့ကမ်းမဲ့ နောက်ကျနေတဲ့ လူတစ်ယောက်အနေနဲ့ ခပ်ငုံ့ငုံ့ ၀င်ရမှာထက် ခုလို နောက်ကျသမား များလွန်းလို့ ပွဲတောင်မစနိုင်တဲ့ အဖြစ်က စိတ်သက်သာစရာ တစ်ခုတော့ ကျွန်တော့်ကို မဖြစ်စေပါ။

လေးလံသောစိတ်ဖြင့် စာရင်းသွင်းတာတွေ ဘာတွေလုပ်ပီး နီးစပ်ရာ အ၀င်ပေါက်ကနေ ခန်းမထဲ အ၀င်မှာတော့ စာရေးဆရာကြီးများတန်းစီထိုင်နေသည့် ရှေ့ဆုံးတန်း ဖြစ်နေတာ သိလိုက်သည်။ ရုတ်ချည်းပင် ငယ်ငယ်တုန်းက ကျောင်းအုပ်ဆရာကြီး နပမ်ကျင်းခဲ့တာကို ကျွန်တော် ပြန်တမ်းတမိလိုက်သည်။ နှစ်ချက်လောက် တီးမယ်ဆိုရင်တောင် အဲဒါကိုပဲ ကျွန်တော် ပိုလိုလားပါသည်။ စာပေဟောပြောပွဲ တက်ရောက်မည်ဟု အမည်ခံပြီး လက်မှတ်ပေါ်က ပွဲချိန်တစ်နာရီဆိုတာကိုတောင် မဖတ်တတ်တဲ့ လူတွေကို ဟောပြောမဲ့ ဆရာကြီးတွေက စောင့်ပေးနေရတဲ့ အဖြစ်။ တစ်နာရီအရောက် လာခဲ့သည့် စည်းကမ်းညီညွတ်သည့် ပရိတ်သတ်က စောင့်ပေးနေရတဲ့ အဖြစ်ပါလား။

ပွဲစီစဉ်သူများကရော။ ပွဲစချိန်တစ်နာရီလို့ သူတို့ကိုယ်တိုင် သတ်မှတ်ရေးသားထားတဲ့ အချိန်ကို တာဝန်မယူ မလိုက်နာသူများလို့သာ ကျွန်တော်စွပ်စွဲချင်ပါသည်။ စာရေးဆရာကြီးတွေ၊ အချိန်အတိအကျရောက်တဲ့ စည်းကမ်းရှိ သူတွေက နောက်ကျ သူတွေကို လေးဆယ့်ငါးမိနစ် ကျော်လာတဲ့ အချိန်ထိ စောင့်နေစေဖို့များ ဘယ်လို စိတ်ကူးမျိုးနဲ့ ဆုံးဖြတ်ခဲ့သလဲဆိုတာ စဉ်းစားမရပါ။ သူတို့လိုက်လျောမှုက အနာဂါတ်ပွဲတွေကိုပါ ထိခိုက်စေသည်။ ခုဒီပွဲမှာ အချိန်အတိအကျ ရောက်လာသူတွေကတော့ သူတို့ အပေးခံခဲ့ရတဲ့ တစ်နာရီနီးပါး စောင့်ရတဲ့ ပြစ်ဒဏ်အတွက် နောင်ကျဉ်သွားလောက်ပြီး၊ ကျွန်တော်တို့လို နောက်ကျသူတွေအတွက်လဲ နောက်ကျတော့ မစောင့်ရဘူး၊ ကောင်းတောင်ကောင်းသေးဆိုတဲ့ အကျိုးအမြတ်နဲ့ ပျော်ပျော်ကြီး နောက်ကျဖို့ အဆင်သင့် ရှိနေကြလောက်ပါပြီ။

ဒီတော့ ကျွန်တော်စဉ်းစားမိတာက အချိန်နဲ့ ပက်သက်ပြီး နာမည်ပျက်ရှိတဲ့ မြန်မာတွေမှာ စည်းကမ်းပျက်သူတွေကို အကျိုးရှိစေပြီး စည်းကမ်းရှိသူတွေ အကျိုးမဲ့စေတဲ့ လိုက်လျောမှုတွေ ရှိနေသရွေ့ ဒါကြီးကို ပြုပြင်ဖို့ တော်တော်ခက်ဦးမယ် ထင်ပါတယ်လေ။

Thursday, January 27, 2011

ယောက်ျားနဲ့ မိန်းမ

Sian Massey Sian Massey၂၄.၁.၂၀၁၁ တနင်္လာနေ့ မနက်ခင်းမှာ ဖတ်လိုက်ရသော သတင်းတစ်ပုဒ်က ကျွန်တော့်ကို တစ်နေ့လုံးနီးပါး အတွေးတွေထဲ နစ်မြုပ်နေစေခဲ့သည်။ Sky Sport ရုပ်သံက သူ့ရဲ့ ရုပ်သံတင်ဆက်သူ နှစ်ဦးကို နှုတ်မစောင့်စည်းမှုနဲ့ ရာထူးက ခေတ္တအနားပေးလိုက်သော သတင်းဖြစ်သည်။ ဝုလ်ဗ်နဲ့ လီဗာပူးတို့ စနေနေ့က ကန်ခဲ့သော ပရီးမီးယားလိဂ် ဘောလုံးပွဲတွင် စည်းကြပ်ဒိုင်၏ မှားယွင်း ဆုံးဖြတ်ချက်တွေ အပေါ် မိုက်ပိတ်ထားချိန် နောက်ပြောင်ပြောဆိုသံတွေက တခြားတဖက် မိုက်ကတဆင့် ဘောလုံးပွဲ ကြည့်နေတဲ့သူတွေ အားလုံးကြားသွားတာကနေ ဒီအဖြစ် ပေါ်လာတာ ဖြစ်သည်။ ဒီလောက်ထိ ကြီးကျယ်သွားရတာက အဲဒီစည်းကြပ်ဒိုင် ဆီယန်မက်ဆေးက အမျိုးသမီး တစ်ယောက် ဖြစ်နေပီး၊ သူတို့ လှောင်ပြောင်မှုကလဲ အဲဒီအမျိုးသမီး ဖြစ်နေမှုအပေါ် ဦးတည်ပြောဆို သွားတာကြောင့် ဖြစ်သည်။ ကျွန်တော့်ကို စိတ်ဝင်စားသွား စေတာကတော့ ကျွန်တော်ကိုယ်တိုင်လဲ အဲဒီပွဲကိုကြည့်နေခဲ့ချိန်မှာ ပရီးမီးယားလိဂ်လို ပွဲကြီးမှာ အမျိုးသမီး စည်းကြပ်ဒိုင်ထားတဲ့ အပေါ်မှာလဲ အထူးတဆန်း စိတ်ဝင်စားခဲ့၊ ဒီစည်းကြပ်ဒိုင်ရဲ့ အမှားအယွင်းတွေ အပေါ်မှာလဲ အမျိုးသမီးဒိုင်တွေများ ညံ့လိုက်တာကွာ ဆိုသော ဝေဖန်အတွေးတွေ တွေးခဲ့သောကြောင့် ဖြစ်သည်။ ကိုယ်တိုင် ယူဆခဲ့တဲ့ ကောက်ချက်တွေနဲ့ ထပ်တူညီခဲ့တာကပဲ ထပ်ဆင့် အတွေးပါွးစရာတွေပါ ဖြစ်လာခဲ့ပါသည်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးရင် တွေးမိတဲ့ အတွေးတွေလဲ ဖြစ်ချင် ဖြစ်ပါလိမ့်မည်။ ခုခေတ်သည် ယောက်ျား၊ မိန်းမ အခွင့်အရေး၊ ရပိုင်ခွင့် ကွာခြားမှုစည်း ကျဉ်းသထက် ကျဉ်းလာသော ခေတ်ဖြစ်သည်။ မိန်းမများသည် ယောက်ျားများနှင့် နေရာတိုင်းနီးပါးတွင် ရင်ဘောင်တန်းလာကြပြီး မဟုတ်ပါလား။ ရင့်ကျက်သော လူ့အဖွဲ့အစည်း အသိုင်းအဝိုင်း တွေကလဲ ဒါကို အသေအချာ လက်ခံဖို့ ကြိုးစားကြသည်။ ခုလို sky sport က မိန်းမဒိုင် တစ်ဦးကို လှောင်ပြောင်ခြင်း အပေါ် ခြွင်းချက်မထား တုန့်ပြန်လိုက်တဲ့ သတင်းကပဲ လူ့အဖွဲ့အစည်းက မိန်းမတွေကို နှိမ့်ချတာ၊ ခွဲခြားတာကို လက်မခံဘူးဆိုတာရဲ့ ထင်ထင်ရှားရှား သက်သေတစ်ခု ဖြစ်သည်။ ဒါပေမဲ့ ကျွန်တော်တို့တွေ တကယ်ရော မခွဲမခြား လက်ခံနိုင်ကြ ပြီလား။ ယဉ်ကျေးမှုအရဖြစ်ဖြစ်၊ ဖြစ်သင့်တယ်ဆိုတဲ့ လက်ခံမှု အရဖြစ်ဖြစ် မဟုတ်ပဲ ယောက်ျားမိန်းမ တန်းတူမြင်ပေးနိုင်တဲ့စိတ် တကယ်ရော မွေးနိုင် ကြရဲ့လား။ ခု အဖြစ်မှာတောင် အင်မတန် ခက်ခဲလှသေးတယ်ဆိုတာ သိသာပါသည်။ ယဉ်ကျေးမှုအရ ခွဲခြားမှု ဆိုတာကြီး မရှိချင်ရောင် ဆောင်နေပေမဲ့ မိန်းမဘက်မှာရော ယောကျ်ားဘက်မှာပါ ဒီခွဲခြားမှုဟာ ရှိနေသေးတာကို ဖော်ပြနေပါသည်။ အမျိုးသား စည်းကြပ်ဒိုင်တွေ၊ ဒိုင်လူကြီးတွေလဲ အမှားပေါင်း များစွာ လုပ်ခဲ့ဘူးကြတာပဲ မဟုတ်ဘူးလား။ လူကျွံဘောကို နားမလည်သော စည်းကြပ်ဒိုင်၊ ဂိုးဝင်တာကို မဝင်ဘူးမှားတဲ့ စည်းကြပ်ဒိုင်၊ ပယ်နယ်တီကို မှားယွင်း ဆုံးဖြတ်တဲ့ စည်းကြပ်ဒိုင်၊ ဒါတွေကစလို့ မဆုံးနိုင်အောင် များပြားသော ဒိုင်အမှားများတွင် ကျွန်တော်တို့သည် ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့ကြသည်။ ဒါပေမဲ့ ထိုဝေဖန်မှုတွေက ဒိုင်ရဲ့ အရည်အချင်းကို ဝေဖန်တာပဲ ဖြစ်သည်။ ညံ့ဖျင်းမှာယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ပြစ်တင် ဆဲဆိုတာပဲ ဖြစ်သည်။ အမျိုးသမီးဒိုင်တွေကြတော့ ကျွန်တော်တို့ အမြင်က အရင်ခံစားချက်တွေနဲ့ မတူလှတော့။ ဒီမှားယွင်းမှုတွေက အမျိုးသမီးဖြစ်သောကြောင့် ဆိုပီး အရည်အချင်းနှင့် မဆိုင်သော ဝေဖန်မှု အမြင်ကို မြင်ကြ၏။ သူမ၏ ညံ့ဖျင်းမှု၊ နားမလည်မှု၊ မှားယွင်းမှုတိုင်းသည် အမျိုးသမီးဖြစ်သောကြောင့် ဆိုသည့် အကြောင်းပြချက်နှင့် အလိုလို တွဲသွားကြသည်။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေး ပေးပါသည် ဆိုပြီး ဒိုင်လူကြီး လုပ်ခွင့်ပေးတာကို အသိစိတ်က လက်ခံထားရသော်လည်း တဖက်ကတော့ ဒီစည်းကြပ်ဒိုင်ရဲ့ နားမလည်မှု မှားယွင်းမှုတွေကို အမျိုးသမီးဖြစ်နေခြင်း ဆိုတာနဲ့ ဆွဲတွေးကြ၏။ ဒါပေမဲ့ အမျိုးသမီးဒိုင် ဖြစ်နေသောကြောင့်လဲ အမျိုးသားဒိုင်များပြုလုပ်သော အမှားတွေကို တုန့်ပြန်သလိုတော့ ဒေါသတကြီး မဖြစ်မိပြန်ပါ။ ခွင့်လွှတ် ရီပွဲဖွဲ့နိုင်ခဲ့သည်။ ဒီဒိုင်ဟာ အမျိုးသမီးပဲ။ ဒီလောက်ကြီးတော့ ဘယ်သိမှာလဲ ဆိုသော လက်ခံစိတ်တွေ ရှိခဲ့ကြသည်။ အံ့သြောစရာက အဲဒီစိတ်တွေဟာ ကျွန်တော်တို့ ယောက်ျားတွေတင်မက မိန်းမတွေမှာပါ ရှိနေတာ ဖြစ်သည်။ သေချာတာတော့ ဒီအမျိုးသမီးဒိုင်ကို အမျိုးသားဒိုင်တွေလို မခွဲမခြား မြင်မပေးနိုင်ခဲ့ဘူး ဆိုတာပါပဲ။ ငါတို့တွေ တကယ်လက်မခံနိုင်ပဲ ဘာကြောင့် ဟန်ဆောင်နေကြတာပါလိမ့်.. ကျွန်တော် စဉ်းစားမိပါသည်။ လူ့အဖွဲ့အစည်းကြီး အဖို့တော့ လူသားအားလုံး သာတူညီမျှ မခွဲမခြားခြင်းသည် ကောင်းမွန်သော ဦးတည်ချက်ပင် ဖြစ်သည်။ လုပ်ရပ်တစ်ခုခုကြောင့် မဟုတ်ပဲ၊ စိတ်ဓါတ်စွမ်းဆောင်မှုကြောင့် မဟုတ်ပဲ လူတစ်ယောက်သည် အခြားလူတစ်ယောက်ထက် အလိုလိုနိမ့်ကျနေပါသည်၊ အလိုလို မြင့်မြတ်နေပါသည်ဆိုတာမျိုး မရှိသင့်တော့ပါ။ ယောက်ျားတွေ ဘက်က စဉ်းစားကြည့်ရင်လဲ အမျိုးသမီးတွေကို နေရာပေးပြီး သဘောထားကြီးမြတ်သော ပုရိသယောက်ျား အဖြစ်ကို ခံစားချင်သည့် ယောက်ျားစိတ်သည် တစ်ခု အပါအဝင် ဖြစ်လိမ့်မည် ထင်ပါသည်။ ဒီနေရာမှာ မိန်းမတွေရဲ့ ခံစားမှုကိုတော့ ကျွန်တော် နားမလည်ပါ။ ယောက်ျားမျာနှင့် တန်းတူရင်ပေါင်တန်းနိုင်ပါတယ် ဆိုတဲ့ ကျေနပ်မှုတစ်ခုခု? ဖြစ်ချင်လည်းဖြစ်မည်။ တခြားအချက်တွေလဲ ရှိချင်ရှိမည်။ ဒီတော့ ယောက်ျားမိန်းမ မခွဲခြားခြင်းသည် ခေတ်သစ် လူ့အဖွဲ့အစည်း၏ သဘောထား ကြီးမြတ်မှု၊ တန်းတူညီမျှမှု၊ အမြင်ကျယ်မှု ဒါတွေရဲ့ ပြယုဒ် ဖြစ်လာခဲ့သည်။ အတွင်းစိတ်က မဟုတ်ပဲ ဟန်ဆောင်နေရတာကြောင့်လဲ တချို့နေရာတွေမှာ အရေးပေးမှုတွေက လိုတာထက် ပိုပိုသာသာ ဖြစ်နေရတာမျိုးလဲ ဖြစ်နိုင်ပါသည်။ ခုသတင်းကြေငြာသူ နှစ်ယောက်ဟာ အမျိုးသားဒိုင်တစ်ယောက်ကို ပုံစံတူ နောက်ပြောင်ရင်ကော၊ ခုလို အရေးယူမှုတွေ အကျယ်တဝင့် ပေါ်လာပါ့မလား။ သိပ်တော့ မထင်လှပါ။ ခုသတင်းသည် ယောက်ျားမိန်းမ ခွဲခြားမှု နက်ရှိုင်းစွာ တည်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ အတွင်းစိတ်၊ အဲဒါကို လက်မခံသင့်မှန်း၊ မှားယွင်းမှန်းသိပီး အတင်းဟန်ဆောင်ထားတဲ့ ပတ်ဝန်းကျင်စိတ် ဒီနှစ်ခုရဲ့ ပဋိပက္ခ သဘောမျိုး ဆောင်ပါသည်။ ဒါကြောင့်လဲ လူ့အဖွဲ့အစည်းဟာ သူကာကွယ် ဖုန်းဖိဖို့ ကြိုးစားထားတဲ့ အတွင်းစိတ်ရဲ့ သရုပ်မှန်ကို ဖော်ပြသလို ဖြစ်သွားတဲ့ ဒီဖြစ်ရပ်ကို လိုတာထက် ပိုပီး အတင်းကြောက်ကန်ကန် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့တာ မဟုတ်ဘူးလားလေ။