Sunday, December 4, 2011

ကျွန်တော်နှင့် စင်ကာပူ (၂)

စင်ကာပူနဲ့ ပက်သက်ပြီး ကိုယ့်ဘာသာ သတိထားမိလာတဲ့ ပြောင်းလဲမှုဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ သေချာခဲ့ပါသည်။

အဲဒီတုန်းက ပွဲစပြီး တော်တော်ကြာတဲ့ထိ ရွှေတံဆိပ် ကော်လံအောက်မှာ သုံညဖြစ်နေသေးသော မြန်မာဆုတံဆိပ် ဇယားကို အားမလို အားမရစိတ်ဖြင့် အလုပ်အကိုင် ပျက်တဲ့ထိကို နေ့စဉ်ပွဲစဉ်ဇယားတွေမှာ ကျွန်တော် နစ်မြုပ်နေခဲ့၏။ ဘယ်မြန်မာအသင်းကတော့ ဘယ်အခြေအနေရှိပြီ.. ဘယ်နေရာတော့ ပြိုင်ဖက်က ဘယ်လိုကောင်းနေတယ်.. ဘယ်မှာတော့ မျှော်လင့်နိုင်သား.. စသဖြင့်..

အဲဒီမှာ ကျွန်တော်နောက်ထပ် စိတ်ဝင်တစား သတိထား စောင့်ကြည့်မိသော တခြားနိုင်ငံ နှစ်ခုရှိခဲ့၏။ တစ်ခုက လာအို၊ မြန်မာအသင်း အထက်ရောက်နေပြီး အဆင့်တက်အောင် အဓိက ကျော်ရမည့် ပြိုင်ဖက်။ နောက်တစ်ခုက...
စင်ကာပူ..

စင်ကာပူ ရလဒ်ကို ကျွန်တော်စိတ်ဝင်စားသည်။ ဇယားမှာ ဆုတံဆိပ် တက်သွားတိုင်း ကျွန်တော်သဘောတကျ။ သူ ရေကူးကနေ ရွှေတွေ အများကြီး ရတယ်ကြားတော့ ကျွန်တော်ကျေနပ်သည်။ ဒီသဘောကျမှုတွေ ကျေနပ်မှုတွေက ဇယားမှာ မြန်မာ ရွှေ(၁) ဆိုတာ စမြင်ရချိန် ကစပြီး မြန်မာ ဘောလုံး အသင်း ကြေးတံဆိပ် ရချိန်ထိ ကျွန်တော်ရခဲ့သော ပျော်ရွှင်မှုတွေနဲ့ ယှဉ်လျှင် အဆပေါင်း များစွာနဲပါးလှသော်လဲ..

ဒီအဖြစ်ကပဲ ကျွန်တော့် ရင်ထဲက စင်ကာပူနှင့် ပက်သက်သော ပြောင်းလဲလာသည့် ခံစားချက်ကို သေချာခဲ့တာဖြစ်သည်။

စင်ကာပူ ရောက်စက အိမ်လွမ်းစိတ်ဖြင့် ကျွန်တော် မပျော်ပါ။
ဖိအားများသော ပြိုင်ဆိုင်မှုပြင်းထန်သော လုပ်ငန်းခွင်။ အမြဲတမ်း ပိတ်ထားတတ်သည့် တိုက်ခန်းတံခါးများ၊ အိမ်နီးချင်းများ။ မျက်နှာထား တင်းတင်းနှင့် ရထားပေါ်မှ မျက်နှာများ။ ကိုယ်နားမလည်သော စကားများကို ပြောနေသည့် လူမျိုးပေါင်းစုံ။

ရောက်စအစောပိုင်းကာလများသည် လကုန်ရက် ဘဏ်ထဲက လစာကို ကြည့်ရသည့် အပျော်တစ်ခုက လွဲလို့ အိမ်ပြန်ပြေးချင်စိတ်သည်သာ ကျွန်တော့်ကို အဖုန်းလွှမ်းဆုံး ကာလများ ဖြစ်ခဲ့၏။

ကြာတော့လဲ နေသားကျလာခဲ့သည်။ နေသားကျတယ် ဆိုတာက နေလို့ပျော်လာတာမျိုး မဟုတ်။ မပျော်ပဲ နေရတာကို အသားတကျ ဖြစ်လာတာမျိုး ဖြစ်သည်။ ငါ အလုပ်လာလုပ်တာပဲ တခြားသိပ်မတွေးနေနဲ့.. ငါ့နေရာလဲ မဟုတ်ဘူး.. ဆိုသော ခပ်ပေါ့ပေါ့ အတွေးနဲ့သာ ကျွန်တော် လေးနှစ်ကို ဖြတ်သန်းခဲ့ပါသည်။

ကျဉ်းသေးသေး ဧရိယာလေးကို ကျွန်တော်လှောင်ပြောင်ခဲ့သည်။ နေရာတကာ အတုတွေဖုံးလွှမ်းနေသော သူ့ သယံဇာတဆိုတာကို ကျွန်တော်ပြက်ရယ်ပြုသည်။ ဤသို့ဖြင့် “စလုံးတွေများကွာ..”အစချီသော မဆုံးနိုင်သည့် စင်ကာပူ မကောင်းကြောင်း ပြောရာတွင် ကျွန်တော် ရှေ့ဆုံးက အားတက်သရော ရှိသူ ဖြစ်ခဲ့ပါသည်။

ခုတော့ လေးနှစ်ဆိုသော ကာလအတွင်း စင်ကာပူသည် ကျွန်တော့် ဒုတိယအိမ် ဖြစ်ခဲ့ပြီ။
ကျွန်တော့် အစွမ်းစနဲ့ ရှာဖွေ လုပ်ကိုင်ပြီး ထိုက်သင့်တဲ့ လစာရတာမှန်ပေမဲ့ အဲဒီအခွင့်အရေးတွေ ဖွင့်ပေးပြီး ကျွန်တော့်ကို ဆီးကြိုခဲ့တဲ့ မြေ။ ဘာသယံဇာတမှ မရှိတာမို့ ကိုယ့်အားကိုယ်ကိုး အစွမ်းကုန် ကြိုးစားနေရရှာတဲ့ နိုင်ငံသေးသေးလေး။ ပတ်ဝန်းကျင်တခွင် ကြည့်လိုက်ရင် နိုင်ငံခြားသားကြီးပဲမို့ ကိုယ့်ကိုယ်ကိုယ် နိုင်ငံခြားရောက်နေသလိုလို ခံစားရပြီး အမြဲတံခါး ပိတ်ခဲ့ကြပေမဲ့ ခွဲခြားဆက်ဆံမှုဆိုတာကိုတော့ စင်းလုံးချော မဟုတ်တောင် အတတ်နိုင်ဆုံး ထိန်းချုပ်ဆက်ဆံ ပေးတတ်ကြပြန်တဲ့ စင်ကာပူနိုင်ငံသားတွေ

ဘာကြောင့် အလကားနေရင်း ကျွန်တော် အမြင်မကြည် ဖြစ်နေခဲ့ပါသလဲလေ။

ကိုယ့်နေရာမဟုတ် အချိန်တန်ရင် အိမ်ပြန်မဲ့ လူဆိုတာ ကိုယ့်ဘာသာ အဆုံးစွန်သေချာနေပေမဲ့ ကမ္ဘာပေါ်မှာတော့ ကျွန်တော့်အမိမြေပြီးရင် အရင်းနှီးဆုံး ဒုတိယနေရာလေး တစ်ခုအဖြစ်တော့ စင်ကာပူကို ကျွန်တော် ခံစားလို့ ရလာပါပြီ။ ဒီမြေရဲ့ ကောင်းသတင်းတွေပဲ ကျွန်တော်ပိုကြားချင်ပါသည်။ ဒီနေရာလေး ပိုပြီး တိုးတက် ကောင်းမွန်လာမှာကို ကျွန်တော် တကယ်ဆန္ဒရှိပါသည်။ ဤနိုင်ငံငယ်လေး အစွမ်းရှိသလောက် ရှေ့တက်စမ်းပါလေ။

ဒီတော့...
ခုမှပြောရမလားဆိုပြီး စိတ်ပဲဆိုးလေမလား၊
ဝမ်းနဲပြီး ငိုမဲ့မဲ့ ဖြစ်သွားလေမလား မပြောတတ်သော်လည်း ကျွန်တော် သူ့ကို ဖွဖွလေး တစ်ခုပြောချင်ပါသည်..

“မင်းကိုလဲ ငါချစ်ပါတယ် စင်ကာပူရယ်..”


သုတ