Sunday, June 26, 2011

ငှက်ဖျား အပြေးသမား

တိုင်မှာချိတ်ဆွဲထားသော ပုလင်းဆီမှ ပြွန်သေးသေးလေးထဲ ဖြေးနှေးစွာ တစ်ပေါက်ချင်းကျနေသော ရေစက်များကို ကျွန်တော် ငေးကြည့်နေမိသည်။ ထိုရေစက်တို့သည် ပိုက်ကတဆင့် သွေးကြောထဲ ထိုးဖောက်ထားသည့် အပ်ကိုဖြတ်ကာ ကျွန်တော့ကိုယ်ထဲ စီးဝင်သွားကြမည် ဖြစ်သည်။ မြန်မြန်ကုန်စေ့ချင်လှပြီ။ ဒါတွေ အကုန်သွင်းပီးသွားရင် နေကောင်းပြီ၊ ဆေးရုံက ဆင်းရပြီဟု ဆရာဝန်ကြီး ပြောထားသော စကားကို ကျွန်တော်မမေ့ပါ။ ဘယ်နှစ်ပုလင်း မြောက်မှန်း မမှတ်မိတော့ပေမဲ့ လွန်ခဲ့သောနှစ်ရက် ဆေးရုံစရောက်ထဲက မပြတ်တမ်း ချိတ်ထားသော ဒီပုလင်းတွေ ဒီပိုက်တွေကို မုန်းတီးနေပြီ။

အဖေ တာဝန်ကျသည့် မိုင်းတုံစပြောင်းထဲက ကွီနင်းဆိုသည့် ငှက်ဖျားကာကွယ်ဆေးတွေ တမိသားစုလုံး စသောက်ခဲ့ရသည်။ မတရား ခါးသက်သည့် ဆေးခါးတွေ ငှက်ပြောသီးနှင့် ရောကာ ကြိတ်မှိတ်သောက်ခဲ့သည့် ကြားက ခြောက်လကျော်ကျော်လောက်မှာ ကျွန်တော်ငှက်ဖျား ဖြစ်သည်။ မျက်နှာသစ်ရင်း ပျော့ခွေကျသွားသည့် ကျွန်တော့်ကို တကြော်ကြော်ခေါ်ကာ ပူလောင်ကြီးစွာ ပွေ့ချီရင်း “ကလေးတစ်ခုခု ဖြစ်လို့ကတော့ ရှင်နဲ့ကျွန်မ အပြတ်ပဲ..”ဟု အမေ၏ ဘာမှမဆိုင်ပါပဲ အဖေ့ကိုရန်လုပ်သံက ကျွန်တော့်နောက်ဆုံး အသိ ဖြစ်ခဲ့သည်။ သတိရတော့ ဆေးရုံမှာ။

လူကနုန်းနုန်းချိချိ၊ မူးသလိုလို ဝေသလိုလို။ လည်ချောင်းတွေကလည်း ခြောက်ကပ်ကပ် ခါးသက်သက် ဖြစ်နေသည်။ ဘေးက ဘီဒိုပုပုလေးပေါ်မှာ ဘီစကစ်မုန့်တစ်ထုပ်နှင့် ပန်းသီးတစ်လုံး တွေ့တာတောင် စားချင်စိတ်မရှိ။ အမှန်ဆိုလျှင် အစားမက်သော ကျွန်တော့်အတွက် ဘီစကစ်က မထူးဆန်းလှလျှင်တောင် တစ်ခါတလေမှ စားရတတ်သော ပန်းသီးသည် တကယ့်ဆွဲဆောင်မှု ဖြစ်သည်။ ဒါပေမဲ့ မစားချင်ပါ။ ရင်ဘတ်ထဲက လှပ်လှပ်လှပ်လှပ် ခံစားမှုသည် မျက်လုံးမဖွင့်ပဲ အိပ်နေလိုက်တာကပဲ အကောင်းဆုံးလိုတောင် ဖြစ်နေသည်။

“အမေကလဲ ကြာလိုက်တာ..” ကျွန်တော် လေသံသဲ့သဲ့ဖြင့် ပြောသည်။ တကယ်တော့ ကြာတာကိုအဓိက ပြောချင်တာမျိုး မဟုတ်ပဲ ပြောစရာမရှိ၍ စကားမရှိစကားရှာ ပြောလိုက်တာမျိုး ဖြစ်သည်။
“ဒရစ်ချိတ်တာ မပြီးသေးဘူး နေမှာပေါ့.. နင်ဘာလုပ်ချင်လို့လဲ.. ငါ့ကိုပြောလေ..” ၀တ္တုဖတ်နေရာမှ လှည့်ကြည်ပြီး ကျွန်တော့်အမက မေးလာသည်။ တကယ်တော့ အမေလဲ ငှက်ဖျားဖြစ်နေပါသည်။ ကျွန်တော့်ထက်တောင် သုံးလေးရက်လောက် စောပါသေးသည်။ မနက်က အဖေနဲ့ လူချင်းချိန်းပီးတော့ ဆရာဝန်က အမေ့ကိုစမ်းသပ်ပြီး ဆေးသွင်းဖို့ ညွှန်ကြားတာကြောင့် ဆေးရုံမှာ ခုတင်ကလဲ မအားသဖြင့် အမကို လူနာစောင့်အဖြစ်ထားကာ ဆေးရုံဝင်းထဲက သူနာပြုတစ်ယောက်အိမ်မှာ ဆေးသွားသွင်းနေတာပါ။ ကျွန်တော့်ထက် ငါးနှစ်ကြီးသော အမသည် ခုနှစ်တန်းသာ ရှိသေးပေမဲ့ အမေအဖေတို့အတွက် အလွန်အားကိုးရ၏။

ကိုယ့်စကားနှင့်ကိုယ် ဘာလုပ်ရမှန်းမသိတော့ ရေသောက်မည်ဟု ကျွန်တော်ပြောလိုက်ရသည်။

”အမရော ကျောင်းမသွားဘူးပေါ့..”
“အင်း.. ဒီနေ့ခွင့်ယူလိုက်တယ်လေ.. အမေနေမှမကောင်းတာ.. အဖေလဲခွင့်ယူထားတယ်.. ခဏနေလာလိမ့်မယ်..”

ကျွန်တော်တို့ စကားပြောနေတုန်း ရုတ်တရက် အသံဆူဆူညံညံတွေ ထွက်လာသည်။ မောင်နှမ နှစ်ယောက်လုံး လန့်ကာလှမ်းကြည့်လိုက်တော့ အမျိုးသမီးတစ်ယောက် လူနာဆောင်ထဲ ပြေးဝင်လာ၏။ တကိုယ်လုံး အ၀တ်မပါပါ။ နောက်မှာ ဆရာဝန်ကြီးနှင့် သူနာပြု ဆရာမတစ်ယောက် ပြေးလိုက်လာကြ၏။
“ဖမ်းထားပေးပါဦး.. ချုပ်ထားလိုက်..” ဆရာဝန်က လှမ်းအော်သည်။
ယောက်ျားဆောင် ဖြစ်တာကော၊ အမျိုးသမီးက အ၀တ်အစား မကပ်သည့် အနေအထား ဖြစ်တာကြောင့်ကော ဆီးဖမ်းထားရမှာ လက်မရဲ ဖြစ်ကြသည်ထင်ပါသည်။ ကြောင်အမ်းကာ ဘယ်သူမှ ထပြီး မတားဆီးကြ။ အမျိုးသမီးက အခန်းအလည်မှာ ရပ်ပြီး တခန်းလုံးဝေ့ကြည်လိုက်သည်။ သူမအကြည့်တွေက တစ်ခန်းလုံးမှာ တစ်ဦးထဲသော မိန်းခလေးဖြစ်သည့် ကျွန်တော့အမဆီမှာ ရပ်သည်။ ကပ်လာသော သူနာပြုဆရာမကို ပစ်တွန်းထည့်လိုက်ပြီး ကျွန်တော့်အမကို လက်ငြိုးထိုးကာ
“နင်ကဘာလုပ်နေတာလဲ.. တောင်းပန်စမ်း.. နင့်ငါ့ကို တောင်းပန်စမ်း..”
မျက်လုံးခြာခြာလည်ကာ ပြောနေသော သူမပုံစံက တကယ်ကို ကြောက်စရာကောင်းသည်။
ကျွန်တော့်အမ ဗြုန်းခနဲထရပ်က အနောက်ပေါက်ဆီသို့ ပြေးသည်။ ကျွန်တော်လဲ မနေပါ။ ဘယ်ကရောက်လာမှန်းမသိသော အားအင်တို့ဖြင့် ခုတင်ပေါ်က ခုန်ဆင်းကာ အမနောက်လိုက်သည်။ စူးခနဲဖြစ်သွားမှ လက်က အပ်တွေကို သတိရပြီး ချက်ခြင်းဆွဲဖြုတ်ပစ်လိုက်သည်။ အားပါး.. တော်တော်နာပါသည်။ ဒါပေမဲ့ မရပ်ရဲပဲ အမနောက်ကို အတင်းပြေးလိုက်သည်။ ရှေ့ကပြေးနေသော အမက အပေါက်ဝအရောက်မှာ ရုတ်တရက်ရပ်ချလိုက်ပြီး ဒီဘက်ပြန်လှည့်တော့ တရှိန်ထိုးပြေးလာသည့် ကျွန်တော်နှင့် ၀င်တိုက်တော့၏။
“ဟယ်.. မောင်လေး.. လာလာ.. ငါနင့်ကိုသတိရလို့ ပြန်လှည့်လာတာ..”
ကျွန်တော့်လက်ကိုဆွဲပီး အမဆက်ပြေးသည်။ မောင်နှမနှစ်ယောက်လုံး လက်တွေ အေးစက်လျှက်။ ကျွန်တော်လူနာဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်ရော အမပါသတိမရတော့ပါ။ နောက်မှာတော့ ခုမှ အသိဝင်လာတဲ့ တချို့လူနာတွေ.. လူနာစောင့်တွေက အမျိုးသမီးကို ၀ိုင်းချုပ် ဆရာဝန်က ဆေးထိုးနှင့် လုံးထွေးကျန်ခဲ့တော့သည်။

.......

အဲဒီအမျိုးသမီးက ငှက်ဖျားအရမ်းကြီးပြီး ဦးနှောက်ထိသွားတာပါ.. နောက်နေ့ ကောင်းသွားတော့ ဆရာဝန်နဲ့ ဆရာမကို ရှိခိုးပီးတောင် တောင်းပန်ပါတယ်.. သူ့ယောက်ျားကလဲ အဖေတို့နဲ့ တွေ့ပီး တောင်းပန်ပါတယ်.. ကျွန်တော်ကတော့ ဆရာဝန်ုကုပေးတဲ့ ဆေးရှိန်ကြောင့်ပဲလား၊ အပြေးလေ့ကျင့်ခန်းကြောင့်လား မသိပေမဲ့ အဲဒီနေ့ပီးထဲကိုက အဖျားသက်သာလာလိုက်တာ နောက်နှစ်ရက်ဆိုတာနဲ့ ဆေးရုံကဆင်းနိုင်ပါရော.. အဲ.. ပန်းသီးလဲ စားနိုင်ရော ဆိုပါတော့ဗျာ...